စပါးအသင်းနည်းပြသစ်ဖြစ်လာနိုင်သည့် သတင်းများကို ကလင်းစမန်း ငြင်းဆန်မရှိ

စပါးအသင်းနည်းပြသစ်ဖြစ်လာနိုင်သည့် သတင်းများကို ကလင်းစမန်း ငြင်းဆန်မရှိ
Photo: Getty Images
Photo: Getty Images
Published 25 April 2021

 

နာမည်ကြီး ဂျာမန်နည်းပြတစ်ဦးဖြစ်သူ ကလင်းစမန်းက စပါးအသင်းနည်းပြသစ် ဖြစ်လာနိုင်သည့် ခန့်မှန်းသတင်းများကို ငြင်းဆန်ခြင်းမရှိဘဲ ဘာမဆိုဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

    

ဂျာမနီ၊ အမေရိကန်လက်ရွေးစင်အသင်းနှင့် ဘိုင်ယန်မြူးနစ်၊ ဟာသာဘာလင်အသင်းတို့ကို ကိုင်တွယ်ဖူးသည့် ကလင်းစမန်းသည် စပါးအသင်း ကစားသမားသမားဟောင်းတစ်ဦးဖြစ်ပြီး ၁၉၉၄-၁၉၉၅ ရာသီတွင် တစ်ကြိမ်၊ ၁၉၉၇-၁၉၉၈ ရာသီတွင် ဆမ်ဒိုးရီးယားအသင်းမှ စပါးအသင်းသို့ ရာသီဝက်အငှား စာချုပ်ဖြင့် တစ်ကြိမ် လာရောက်ကစားခဲ့ဖူးသည်။ 

စပါးအသင်းသည် နည်းပြမော်ရင်ဟိုကို ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်တစ်ဦး ရှာဖွေလျက်ရှိပြီး ကလင်းစမန်းမှာ ယင်းရာထူးအတွက် ရေပန်းစားသူများစာရင်းတွင် တစ်ဦးအပါအဝင်ဖြစ်နေသည်။

    

ထို့ကြောင့် ESPN သတင်းဌာနက ယင်းသတင်းများနှင့်ပတ်သက်၍ မေးမြန်းရာ ကလင်းစမန်းက "ဘဝမှာ ဘာမဆိုဖြစ်နိုင်တယ်လို့ပဲ ပြောပါရစေ။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်းကို ကိုင်တွယ်ခွင့်ရမယ်လို့ ဘယ်တုန်းကမှ မတွေးဖူးပါဘူး။ အမေရိကန်အသင်းကို (၆)နှစ်ကိုင်တွယ်ဖြစ်မယ် ဒါမှမဟုတ် ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ဖြစ်မယ်လို့လည်း တစ်ခါမှမတွေးမိပါဘူး။ ဒါကြောင့် လာမယ့်လအနည်းငယ်မှာ  စပါးအသင်းမန်နေဂျာ ဘယ်သူဖြစ်လာမလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ"ဟု ဖြေကြားခဲ့သည်။

ထို့ပြင် စပါးအသင်း မော်ရင်ဟိုကိုထုတ်ပယ်ခဲ့သည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ကလင်းစမန်းက "ဒါက တော်တော်အရေးကြီးတဲ့ ဆုံးဖြတ်ချက်ပါ။ ဖလားဗိုလ်လုပွဲမတိုင်ခင် ရက်ပိုင်းအလိုမှာ အချိန်ကိုက် ဆုံးဖြတ်ခဲ့တာက အသင်းအနေနဲ့ မှန်ကန်တဲ့လမ်းကြောင်းမှာရှိမနေလို့ဆိုတာ ပြသချင်လို့ပါ။ ဒန်နီယဲလ်လီဗီ(စပါးအသင်းဥက္ကဋ္ဌ)က ဒီဆုံးဖြတ်ချက်ကို ချခဲ့တာဖြစ်ပြီး လာမယ့်နှစ်လအတွင်း ဘာလုပ်ရမလဲဆိုတာကိုပါ တွက်ဆထားပြီး ဖြစ်ပါလိမ့်မယ်။ ဟိုဆေးရဲ့ကစားပုံနဲ့ စပါးပရိသတ်တွေမြင်ချင်တဲ့ပုံစံကြောင့် အခုလို ဆုံးဖြတ်ခဲ့တယ်ဆိုတာ လုံးဝသေချာပါတယ်"ဟု သုံးသပ်ပြောကြားခဲ့သည်။

ကလင်းစမန်းသည် နည်းပြအဖြစ် ဂျာမနီအသင်းကို ၂၀၀၄ မှ ၂၀၀၆ ခုနှစ်အထိ လည်းကောင်း၊ ဘိုင်ယန်မြူးနစ်အသင်းကို ၂၀၀၈ မှ ၂၀၀၉ ခုနှစ်အထိလည်းကောင်း၊ အမေရိကန်အသင်းကို ၂၀၁၁ မှ ၂၀၁၆ ခုနှစ် အထိလည်းကောင်း၊ ဟာသာဘာလင်အသင်းကို ၂၀၁၉ မှ ၂၀၂၀ ပြည့်နှစ်အထိ (သုံးလ)လည်းကောင်း ကိုင်တွယ်ခဲ့ဖူးသည်။

Most Read

Most Recent