ချန်ပီယံလိဂ်ပြိုင်ပွဲကို ၂၀၂၄-၂၅ ရာသီမှစ၍ (၃၆)သင်းဖြင့် ကျင်းပမည်ဟု UEFA အတည်ပြု

ချန်ပီယံလိဂ်ပြိုင်ပွဲကို ၂၀၂၄-၂၅ ရာသီမှစ၍ (၃၆)သင်းဖြင့် ကျင်းပမည်ဟု UEFA အတည်ပြု
Photo: UEFA
Photo: UEFA
Published 20 April 2021

လက်ရှိအချိန်တွင် အုပ်စုအဆင့်၌ ပြိုင်ပွဲဝင်အ သင်း(၃၂)သင်းဖြင့် ကျင်းပနေသော ချန်ပီယံလိဂ်ပြိုင်ပွဲ ကို ၂၀၂၄-၂၅ ရာသီမှစ၍ (၃၆)သင်းသို့ တိုးမြှင့်ကျင်းပ သွားမည်ဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က အတည်ပြုကြေညာခဲ့သည်။

UEFA သည် ယခုအစီအစဉ်ကို အစောပိုင်းကတည်းက အသိပေးထားပြီးဖြစ်သော်လည်း ဥရောပထိပ်သီးအသင်းကြီးများက ဥရောပစူပါဖလားပြိုင်ပွဲကျင်းပရန် ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲကို အပြောင်းအလဲပြုလုပ်ရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

UEFA သည် ချန်ပီယံလိဂ်ပြိုင်ပွဲပုံစံသစ်ကို ၂၀၂၄ ခုနှစ်တွင် စတင်၍ အနည်းဆုံး ၂၀၃၃ ခုနှစ်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းလည်း ဆိုခဲ့သည်။

ထို့ပြင် ယခုပြိုင်ပွဲပုံစံသစ်၌ လက်ရှိကျင်းပနေသကဲ့သို့ အုပ်စုအဆင့်ရှိတော့မည်မဟုတ်ဘဲ လိဂ်ပုံစံဖြင့် ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်းလည်း သိရသည်။

အသင်းတစ်သင်းလျှင် အိမ်ကွင်း၊ အဝေးကွင်း အနည်းဆုံး(၁၀)ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ရပ်တည်မှုအပေါ်မူတည်၍ ရှုံးထွက်အဆင့် တက်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

UEFA သည် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ကွင်းဝင်ကြေးနှင့် ရုပ်သံဝင်ငွေများ ပိုမိုရရှိစေရန်အတွက် ယခုကဲ့သို့ အသင်းအရေအတွက် တိုးမြှင့်ခြင်းနှင့် ပွဲစဉ်များ ပိုမိုယှဉ်ပြိုင်ခွင့်ရရှိရန် စီစဉ်ခြင်းဖြစ်ပြီး ဥရောပစူပါလိဂ်ပြိုင်ပွဲ ပေါ်ပေါက်လာခြင်းမရှိစေရန် ရည်ရွယ်ခြင်းလည်း ဖြစ်သော်လည်း လက်ရှိအချိန်တွင်မူ ဥရောပစူပါလိဂ်နှင့် အပြိုင်ကျင်းပရမည့်အခြေအနေ ဖြစ်လာခဲ့သည်။

UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်ကမူ ချန်ပီယံလိဂ်ပြိုင်ပွဲကို အရှိန်မပျက် ဆက်လက်ကျင်းပနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent