ဥရောပစူပါလိဂ် အစီအစဉ်ကို ဥရောပထိပ်တန်းကလပ်အသင်းကြီး (၁၂)သင်း ကြေညာခဲ့ပြီး အလွှာအသီးသီးမှ ကန့်ကွက်ဝေဖန်မှုများပြုလုပ်နေ

ဥရောပစူပါလိဂ် အစီအစဉ်ကို ဥရောပထိပ်တန်းကလပ်အသင်းကြီး (၁၂)သင်း ကြေညာခဲ့ပြီး အလွှာအသီးသီးမှ ကန့်ကွက်ဝေဖန်မှုများပြုလုပ်နေ
Photo: Marca
Photo: Marca
Published 19 April 2021

ဥရောပထိပ်တန်းကလပ်အသင်း (၁၂)သင်းသည် ဥရောပစူပါလိဂ်ပြိုင်ပွဲတွင် ပါဝင်မည့်အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းကလပ်အသင်း (၁၂)သင်းထဲတွင် အင်္ဂလန်၊ စပိန်နှင့် အီတလီကလပ်အသင်းများ ပါဝင်နေကြောင်း သိရှိရသည်။

ပူးတွဲထုတ်ပြန်လိုက်သည့် ယင်းကြေညာချက်တွင် အာဆင်နယ်၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်စီးတီး၊ မန်ယူ၊ စပါးတို့နှင့်အတူ အီတလီကလပ်အသင်း (၃)သင်းဖြစ်သည့် အေစီမီလန်၊ အင်တာမီလန်နှင့် ဂျူဗင်တပ်စ်၊ စပိန်ကလပ်အသင်း (၃)သင်းဖြစ်သည့် အက်သလက်တီကို၊ ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့လည်း ပါဝင်ခဲ့ကြသည်။

ယင်း (၁၂)သင်းအုပ်စုသည် ဥရောပစူပါလိဂ်ပြိုင်ပွဲကို မကျင်းပမီကာလအတွင်း နောက်ထပ် အမြဲတမ်းအဖွဲ့ဝင် (၃)နိုင်ငံကို ထပ်မံထည့်သွင်းသွားမည်ဖြစ်ပြီး မကြာမီ ဖြစ်လာလိမ့်မည်ဖြစ်ကြောင်းလည်း ယင်းကလပ်အသင်းများ၏ ဝက်ဘ်ဆိုက်များတွင် ဖော်ပြခဲ့သည်။

ယင်းထုတ်ပြန်ကြေညာမှုတွင် နှစ်စဉ်ယှဉ်ပြိုင်ကစားမည့် အသင်းအရေအတွက်မှာ အသင်း (၂၀)ရှိမည်ဖြစ်ပြီး၊ အမြဲတမ်းအဖွဲ့ဝင် (၁၅)နိုင်ငံ၊ ခြေစစ်ပွဲအောင် (၅)နိုင်ငံနှင့် ဦးဆောင်မည့်အဖွဲ့ချုပ်မှာ စတင်တည်ထောင်သည့် အဖွဲ့ဝင်ကလပ်အသင်းများဖြစ်သည်ဟုလည်း ဖော်ပြခဲ့သည်။

မန်ယူအသင်း၏ ပိုင်ရှင်နှင့် စူပါလိဂ်ပြိုင်ပွဲ၏ ဒုဥက္ကဋ္ဌဖြစ်သူ ဂျိုဝယ်လ်ဂလေဇာက ''ထိပ်တန်းကလပ်အသင်းကြီးတွေ၊ ထိပ်တန်းကစားသမားတွေနဲ့အတူ ကမ္ဘာ့အခမ်းနားဆုံးကလပ်အသင်းပြိုင်ပွဲကြီးဆီကို အတူချီတက်ကြပါမယ်။ စူပါလိဂ်ဟာ ဥရောပဘောလုံးလောကရဲ့ ကဏ္ဍသစ်တစ်ခုဖြစ်လာပြီး၊ ကမ္ဘာ့အဆင့်မီပြိုင်ပွဲနဲ့ အထောက်အကူပြုပစ္စည်းတွေအတွက် အာမခံနိုင်ပါတယ်။ ကလပ်အသင်းတွေရဲ့ ဘဏ္ဍာရေးအခြေအနေကို ပိုမိုတောင့်တင်းလာစေပြီး ပိုမိုကျယ်ပြန့်တဲ့ ပိရမစ်ပုံစံတည်ဆောက်မှုဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

ယခုကြေညာချက်ထုတ်ပြန်သည့် ဥရောပထိပ်တန်းကလပ်အသင်းကြီးများထဲတွင် ပါဝင်လာခြင်းမရှိသည့် အသင်းများမှာ ဒေါ့မွန်၊ ဘိုင်ယန်မြူးနစ်၊ PSG စသည့်အသင်းများဖြစ်ပြီး ယင်းအသင်းများအပြင် နိုင်ငံရေးသမား၊ ပရိသတ်၊ ကစားသမားဟောင်း၊ အားကစားအဖွဲ့ချုပ်များ၏ ပြစ်တင်ဝေဖန်မှုများလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်။

လက်ရှိအချိန်တွင် မန်ယူ၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ အာဆင်နယ်နှင့် စပါးအသင်းတို့ကို အားပေးသည့် တရားဝင်ပရိသတ်အဖွဲ့အစည်းများက ပြစ်တင်ဝေဖန်မှုများ ပြုလုပ်နေကြသလို၊ မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ်ကလည်း ပြင်းထန်သည့် ပြစ်တင်ဝေဖန်မှုများနှင့်အတူ ယခု အစီအစဉ်ကို ထုတ်ပြန်ကြေညာသည့်အသင်းတိုင်းကို အမှတ်လျှော့ပြစ်ဒဏ် ချသင့်သည်ဟု ဆိုခဲ့သည်။

ကာရေဂါက လီဗာပူးလ်အသင်းသည် ပရိသတ်များကို သစ္စာဖောက်ခဲ့သည်ဟုဆိုခဲ့ပြီး၊ ဖာဒီနန်အပါအဝင်ကစားသမားဟောင်းများ၏ ဝေဖန်မှုများလည်း ရှိနေသည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ရန်ရှိသည့် ကိစ္စများအတွက် ပါဝင်ကူညီသွားမည်ဖြစ်ကြောင်းနှင့် ဥရောပစူပါလိဂ်သည် ဘောလုံးလောကကို ဖျက်ဆီးမည့်အစီအစဉ်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ကလည်း ဥရောပစူပါလိဂ်သည် ဖီဖာ၏ မူဝါဒများနှင့် လုံးဝကိုက်ညီမှုမရှိဟု ဆိုခဲ့သည်။

လက်ရှိအချိန်တွင် ဥရောပစူပါလိဂ်ပြိုင်ပွဲတွင် ဝင်ကစားမည့် ကစားသမားများအား နိုင်ငံတကာ ပြိုင်ပွဲများတွင် ကစားခွင့်မပေးဘဲ ပိတ်ပင်မည်ဟု UEFA က ဆိုရာ ယင်းကဲ့သို့ ပြိုင်ပွဲကို ထိခိုက်နစ်နာစေမည့် ကိစ္စများရှိလာပါက ဖီဖာနှင့် UEFA တို့အား တရားစွဲဆိုသွားရန် အစီအစဉ်များကို စတင်ထားပြီးဖြစ်သည်ဟု ဥရောပစူပါလိဂ်ကလည်း ကြေညာထားသည်။

ထို့ပြင် ဥရောစူပါလိဂ်အနေဖြင့် ဖီဖာနှင့် UEFA တာဝန်ရှိသူများထံသို့ သတိပေးစာပို့ထားပြီးဖြစ်ကြောင်းလည်း သိရသည်။

Sky Sports ၏ နာမည်ကျော်သုံးသပ်သူ ကာဗက်ကမူ ဘောလုံးပြည်တွင်းစစ် စတင်တော့မည်ဟု ဆိုခဲ့သည်။ 

Most Read

Most Recent