ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာအား ခေါ်ယူရန် ဘာစီလိုနာအသင်း နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဟု Mundo Deportivo ဖော်ပြ

ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာအား ခေါ်ယူရန် ဘာစီလိုနာအသင်း နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဟု Mundo Deportivo ဖော်ပြ
Photo: Forbes
Photo: Forbes
Published 11 March 2021

ဘာစီလိုနာအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းမှ သြစတြီးယားနောက်ခံလူ အလာဘာအား ခေါ်ယူရန် နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း စပိန်အားကစားသတင်းစာ Mundo Deportivo က ဖော်ပြခဲ့သည်။

အသက် (၂၈)နှစ်အရွယ်ရှိ အလာဘာသည်  ယခုရာသီကုန်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာမည်ဟု အတည်ပြုထားသူဖြစ်သည်။

အလာဘာသည် ရီးယဲလ်မက်ဒရစ်၊ PSG တို့အပါအဝင် ဥရောပထိပ်တန်းအသင်းများစွာ၏ စိတ်ဝင်စားမှုကို ခံနေရသူလည်းဖြစ်သည်။

သို့သော် ဘာစီလိုနာအသင်းသည် ယင်းအသင်းများကို ကျော်ကာ အလာဘာကို ခေါ်ယူရန်သဘောတူညီမှု ရရှိခဲ့့ခြင်းဖြစ်ကြောင်း သိရသည်။

Mundo Deportivo ၏ ဖော်ပြချက်အရ အလာဘာ၏အေးဂျင့်ဖြစ်သူ ဇဟာဗီသည် ပြီးခဲ့သည့်ရက်ပိုင်းက ဘာစီလိုနာအသင်းထံ အလည်သွားရောက်ခဲ့ပြီးနောက် အလာဘာအတွက် ဘာစီလိုနာဥက္ကဋ္ဌသစ် လာပေါ်တာနှင့် နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ကြွေးမြီ ယူရို (၁)ဘီလီယံကျော် ရှိနေသည့်အတွက် ကစားသမားသစ်များ ခေါ်ယူရန် အခက်တွေ့ရဖွယ်ရှိသဖြင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူခွင့်ရမည့် အလာဘာကို ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဘာစီလိုနာအသင်းသည် ယခုရာသီကုန်တွင် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးကို ခေါ်ယူရန်စောင့်ကြည့်နေပြီး တိုက်စစ်တွင် မက်ဆီနှင့်တွဲဖက်ပေးရန်ဆန္ဒရှိနေကြောင်း သိရှိရသည်။ 

Most Read

Most Recent