အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ လက်ကျန်ပွဲများကို အုပ်စုအလိုက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်နိုင်ငံများအား မတ် ၁၅ ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်းသိရသည်။
အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် အုပ်စုအလိုက် အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုသည့်နိုင်ငံများ၏ တင်ပြလျှောက်ထားမှုကို မတ် ၈ ရက်အထိ နောက်ဆုံးထား လက်ခံခဲ့ကြောင်းသိရသည်။ လက်ရှိတွင် တောင်ကိုရီးယား၊ သြစတြေးလျ၊ တရုတ်၊ ယူအေအီး အစရှိသည့်နိုင်ငံများက အုပ်စုလက်ကျန်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ဆန္ဒ ရှိနေကြောင်းသိရသည်။
AFC သည် ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲများကို မတ်နှင့် ဇွန်လတွင်ကျင်းပရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် မတ်လ တွင်ကျင်းပမည့် ပွဲစဉ်အများစုကို ထပ်မံရွှေ့ ဆိုင်းခဲ့ရသည်။ AFC သည် လက်ကျန်ပွဲအားလုံးကို မေ ၃၁ ရက်မှ ဇွန် ၁၅ ရက်အတွင်း ကျင်းပရန် စီစဉ်ထားပြီး ကပ်ရောဂါအခြေအနေကြောင့် အုပ်စုပွဲများကို အိမ်ကွင်း၊ အဝေးကွင်း မကျင်းပတော့ဘဲ အုပ်စုတစ်ခုအတွက် အိမ်ရှင်တစ်နိုင်ငံရွေးချယ်၍ ကျင်းပသွားမည်ဖြစ် သည်။
AFC သည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိအဆင့်ခြေစစ်ပွဲကို အုပ်စုရှစ်ခုခွဲ၍ ကျင်းပလျက်ရှိပြီး အုပ်စု တစ်ခုချင်းစီအလိုက် အိမ်ရှင်နိုင်ငံများ ရွေး ချယ်ကာ ဆက်လက်ကျင်းပသွားမည်ဖြစ် သည်။ AFC ၏ ထုတ်ပြန် ချက်အရ မေ ၃၁ ရက်မှ ဇွန် ၁၅ ရက်အတွင်း လက်ကျန်ပွဲစုစု ပေါင်း ၆၁ ပွဲ ကျင်းပရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းခြေစစ်ပွဲတွင် အုပ်စု (F) ၌ ဂျပန်၊ ကာဂျစ္စတန်၊ တာဂျစ် ကစ္စတန်၊ မွန်ဂိုလီးယားအသင်းတို့နှင့်အတူ ကျရောက်နေပြီး လက်ကျန်သုံးပွဲကစားရန် ကျန်ရှိနေသည်။ မြန်မာ့လက်ရွေးစင်အသင်း သည် အုပ်စုလက်ကျန်ပွဲများအဖြစ် ဂျပန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်အသင်းတို့နှင့် ကစားရန် ကျန်ရှိနေပြီး ခြေစစ်ပွဲကျင်းပမည့် ပုံစံသစ်အရ အိမ်ရှင်နိုင်ငံတစ်ခုတည်း၌သာ ယှဉ်ပြိုင်ရမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ကိုရို နာဗိုင်းရပ်စ်အခြေအနေအပြင် လက်ရှိဖြစ် ပေါ်နေသည့် နိုင်ငံရေးအခြေအနေများ ကြောင့် စခန်းဝင်လေ့ကျင့်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲတွင် ငါးပွဲကစားပြီးနောက် နှစ်ပွဲနိုင်၊ သုံးပွဲရှုံးနိမ့် ထားပြီး ရမှတ်ခြောက်မှတ်ဖြင့် အုပ်စုစတုတ္ထ နေရာ ရပ်တည်နေသည်။ သို့ဖြစ်ရာ မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် လက်ကျန်သုံး ပွဲတွင် ရလဒ်ကောင်းရရန် လိုအပ်နေသည်။















