ဂျာမနီအသင်းကို ကိုင်တွယ်မည်မဟုတ်ဘဲ လီဗာပူးလ်အသင်းတွင်သာ ဆက်ရှိနေမည်ဟု ကလော့ပ် ဆို

ဂျာမနီအသင်းကို ကိုင်တွယ်မည်မဟုတ်ဘဲ လီဗာပူးလ်အသင်းတွင်သာ ဆက်ရှိနေမည်ဟု ကလော့ပ် ဆို
Photo: Getty Images
Photo: Getty Images
Published 9 March 2021

လီဗာပူးလ်နည်းပြ ကလော့ပ်က မိမိအနေဖြင့် လာမည့်နွေရာသီတွင် ဂျာမနီအသင်းကို ကိုင်တွယ်မည်မဟုတ်ဘဲ လီဗာပူးလ်အသင်းတွင်သာ စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ ဆက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ယော်ကင်လိုးက ယူရို-၂၀၂၀ ပြိုင်ပွဲတွင် အသင်းနည်းပြရာထူးမှ ထွက်ခွာမည်ဟု အတည်ပြုထားပြီး ၎င်းနေရာတွင် ဆက်ခံရန် ယာဂန်ကလော့ပ်က ထိပ်ဆုံးမှ ရေပန်းစားနေသည်။ 

သို့သော် ကလော့ပ်ကမူ မိမိအနေဖြင့် လီဗာပူးလ်အသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်ကို တန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။ ကလော့ပ်သည် လီဗာပူးလ်အသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်သည်။ 

ကလော့ပ်က "ဂျာမနီအသင်းနည်းပြရာထူးကို ခင်ဗျား ယူမလားလို့ ကျွန်တော့်ကို မေးလာခဲ့မယ်ဆိုရင် မယူဘူးလို့ဘဲ ပြန်ဖြေမှာပါ။ ယော်ကင်လိုးက ဂျာမနီအသင်းနဲ့အတူ နှစ်ပေါင်းများစွာ အကောင်းဆုံးလုပ်ပြခဲ့သူပါ။ အအောင်မြင်ဆုံးနည်းပြတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ သူက ယူရိုပြိုင်ပွဲမှာ တစ်ခုခုလုပ်ပြချင်တယ်ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော့်အနေနဲ့ ဂျာမနီအသင်းက လာမယ့်နွေရာသီ ဒါမှမဟုတ် နောက်တစ်နှစ်နွေရာသီမှာလည်း ကိုင်တွယ်မှာ မဟုတ်ပါဘူး။ လီဗာပူးလ်အသင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ်က (၃)နှစ် ကျန်ပါသေးတယ်။ ဒါက ရှင်းပါတယ်။ ခင်ဗျားအနေနဲ့ စာချုပ်ချုပ်ထားတယ်ဆိုရင် အဲဒီစာချုပ်အတိုင်း လိုက်နာရမှာပါ"ဟု ပြောကြားခဲ့သည်။ 

ယာဂန်ကလော့ပ်သည် ပြီးခဲ့သည့် (၂)ရာသီအတွင်း လီဗာပူးလ်အသင်းကို ချန်ပီယံလိဂ်ဖလား၊ ဥရောပစူပါဖလား၊ FIFA ကလပ်ကမ္ဘာ့ဖလားနှင့် ပရီးမီးယားလိဂ်ချန်ပီယံဆုများ ရယူပေးခဲ့သော်လည်း ယခုရာသီတွင် လီဗာပူးလ်အသင်းမှ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရလဒ်များဆိုးရွားနေပြီး လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရန်ပင် ရုန်းကန်ရဖွယ်ရှိနေသည်။ 

Most Read

Most Recent