ဗြိတိန်တွင် တွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်မှုတွေ့ရှိသည့်နိုင်ငံနှင့် ဒေသပေါင်း ၁၀၆ ခုရှိလာပြီး တစ်ပတ်အတွင်း နိုင်ငံငါးနိုင်ငံ ထပ်မံကူးစက်ခံရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။
မတ် ၃ ရက်က ဘရာဇီးနိုင်ငံ၌ ၂၄ နာရီအတွင်း COVID-19 ရောဂါဖြင့်သေဆုံးသူ ၁,၆၄၁ ဦးအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
ကပ်ရောဂါကူးစက်ပျံ့နှံ့မှု ပိုမိုဆိုးရွား ပြင်းထန်လာသည့်အခြေအနေကို ကြံ့ကြံ့ခံရင်ဆိုင်နေရသော ဘရာဇီးတွင် COVID-19 ရောဂါဖြင့် သေဆုံးသူစုစုပေါင်း ၂၅၇,၃၆၁ ဦးအထိ ရှိနေပြီဖြစ်ကာ ကမ္ဘာပေါ်တွင် အမေရိကန်နိုင်ငံပြီးပါက သေဆုံးသူအရေအတွက် အမြင့်ဆုံး ဒုတိယမြောက်နိုင်ငံဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လူဦးရေ ၂၁၂ သန်းနေထိုင်ရာ ဘရာဇီးနိုင်ငံတွင် ရောဂါကာကွယ်၊ ထိန်းချုပ်ရေး စီမံချက်များကို တင်းတင်းကျပ်ကျပ် ပြဋ္ဌာန်းထားခြင်းမရှိဘဲ မြို့နှင့်ပြည်နယ်တစ်ခုချင်းစီသည် မူဝါဒများကို ကိုယ်တိုင်ချမှတ်ဆောင်ရွက်နေရသည်။ ဆေးရုံများတွင် လူနာအရေအတွက် အဆမတန်များပြားနေခြင်းကို ရှောင်ရှားနိုင်ရန် ကြိုးပမ်းမှုအဖြစ် ပြီးခဲ့သည့် သီတင်းပတ်တွင် ဘရာဇီးရှိမြို့များနှင့် ပြည်နယ်အများအပြား၌ ပိတ်ပင်ကန့်သတ်ချက်အသစ်များ တစ်ကျော့ပြန်ပြဋ္ဌာန်းခဲ့ရသည်။
ဖေဖော်ဝါရီ ၂၇ ရက်၌ အမေရိကန်တွင် Johnson & Johnson ၏ ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန်အတည်ပြုပေးခဲ့ပြီး သမ္မတဂျိုးဘိုင်ဒင်က အမေရိကန်၏ ကာလကြာရှည်ကပ်ရောဂါစစ်ပွဲ အဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သည် ကမ္ဘာတစ်ဝန်းတွင် ကပ်ရောဂါကို အဆိုးရွားဆုံးခံစားရသည့် နိုင်ငံဖြစ်ပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၁၁,၉၉၈ ဦးရှိပြီး အမေရိကန်ပြီးလျှင် ဘရာဇီး၊ မက္ကဆီကိုနှင့် အိန္ဒိယနိုင်ငံတို့ကဗိုင်းရပ်စ်ကြောင့် သေဆုံးသူအများဆုံးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သိရသည်။
တစ်လုံးတည်းသာထိုးနှံရန် လိုအပ်သည့် J&J ၏ ကာကွယ်ဆေးသည် ဗိုင်းရပ်စ်မျိုးကွဲသစ်များအပါအဝင် ပြင်းထန်ဗိုင်းရပ်စ် ကူးစက်ခံရမှုမှ ထိရောက်စွာကာကွယ်ပေးနိုင်ကြောင်း အမေရိကန်အစားအစာနှင့် ဆေးဝါးစီမံကွပ်ကဲရေး (FDA) ကအတည်ပြုထုတ်ပြန်ခဲ့သည်။
အမေရိကန်ဆေးကုမ္ပဏီ Johnson & Johnson ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် ပြင်းထန် COVID-19 ဖြစ်ပွားမှုမှ ထိရောက်စွာ ကာကွယ်နိုင်သည်ဟု အမေရိကန် အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲမှု (FDA) က ဖေဖော်ဝါရီ ၂၄ ရက်၌ ထုတ်ပြန်ခဲ့ပြီး ကပ်ရောဂါကို တိုက်ဖျက်ရာတွင်အသုံးပြုရန် လွယ်ကူသည့် ယင်းကာကွယ်ဆေးအား နောက်ဆုံးအတည်ပြုချက် ထုတ်ပေးနိုင်ရန် စီစဉ်နေသည်။
ကာလကြာရှည် အတည်ပြုချက်စောင့်ဆိုင်းနေသော ယင်းကာကွယ်ဆေးသည် အမေရိကန်၏ တတိယအတည်ပြုချက်ရရှိသော ကာကွယ်ဆေးဖြစ်လာနိုင်ပြီး ယင်းကာကွယ်ဆေးသည် အခြားကာကွယ်ဆေးများနှင့် နှိုင်းယှဉ်လျှင် ဆေးနှစ်လုံးအစား တစ်လုံးတည်းသာ ထိုးနှံရန် လိုအပ်သောကြောင့် ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို အရှိန်မြှင့်စေနိုင်မည်ဖြစ်သည်။
ယင်းကာကွယ်ဆေးသည် အလယ်အလတ်မှ ပြင်းထန် COVID-19 ဖြစ်ပွားနိုင်မှုမှ ၆၆ ရာခိုင်နှုန်းခန့် ကာကွယ်ပေးနိုင်ပြီး အလွန်ပြင်းထန်ဖျားနာမှုမှ ၈၅ ရာခိုင်နှုန်းခန့် ထိရောက်စွာ ကာကွယ်နိုင်သည်ဟု FDA က ဆိုသည်။ထို့ပြင် J&J ၏ ကာကွယ်ဆေးသည် ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်သည်ဟုလည်း အေဂျင်စီက ပြောကြားခဲ့သည်။
J&J သည် ဆေးတစ်လုံးသာထိုးနှံရန် လိုအပ်သည့် ၎င်း၏ကာကွယ်ဆေးကိုအမေရိကန်၊ လက်တင်အမေရိကနှင့် တောင်အာဖရိကရှိ အရွယ်ရောက်ပြီးသူ ၄၄,၀၀၀ ကိုစမ်းသပ်ထိုးနှံခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် ကူးစက်ပျံ့နှံ့နေသည့် မျိုးကွဲတစ်ခုချင်းစီအတွက် ယင်းကာကွယ်ဆေးသည် မည်ကဲ့သို့ ထိရောက်မှုရှိနိုင်ကြောင်းကို ရှင်းလင်းစွာမသိရသေးဟု FDA က ထုတ်ပြန်ထားကြောင်း နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြထားသည်။














