ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဗြိတိန်လက်ဝှေ့သမားနှစ်ဦးဖြစ်သည့် တိုင်ဆန်ဖျူရီနှင့် အန်သိုနီဂျိုရှူအာတို့ ချန်ပီယံခါးပတ်ပေါင်းစည်းပွဲထိုးသတ်ရန် သဘောတူညီမှုရလုနီး ပါးဖြစ်နေပြီဟု တိုင်ဆန်ဖျူရီ၏ပွဲစီစဉ်သူ ဘော့အာရမ်က ထုတ်ဖော်ပြောကြားသည်။
ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် (၄) ခုအနက် ဂျိုရှူအာ (၃၁ နှစ်) က IBF၊ WBO၊ WBA (Super) ချန်ပီယံခါးပတ် (၃) ခုနှင့် တိုင်ဆန်ဖျူရီ (၃၂ နှစ်) က WBC ချန်ပီယံခါးပတ်ရရှိထားသည်။
၎င်းတို့နှစ်ဦးထိုးသတ်မည့် ချန်ပီယံခါးပတ်ပေါင်းစည်းပွဲနှင့်ပတ်သက်၍ ဘော့အာရမ်က "ဟုတ်ပါတယ်။ ဒီပွဲအတွက် ကျွန်တော်လည်း စိုးရိမ်ပါတယ်။ ဒါတွေက တစ်ဖက်ချင်းစီက ပြောကြတဲ့စကားတွေပါ။ အခုတော့ လက်မှတ်ရေးထိုးနိုင်ဖို့နဲ့ အားလုံးသဘောတူညီမှုရဖို့ ကျွန်တော်တို့ ကြိုးစားနေပါပြီ။ ဒါပေမဲ့ ကျွန်တော့်ဘက်က အမြင်ကို ရှင်းရှင်းလင်းလင်းပြောရရင်တော့ အခက်အခဲဆိုတာတွေ ထပ်မရှိတော့ပါဘူး"ဟု iFL TV သို့ ပြောကြားသည်။
ဂျိုရှူအာ၏ပွဲစီစဉ်သူ အက်ဒီဟန်းကလည်း ဒီဇင်ဘာလအတွင်း ကူဘရက်ပူလက်ဗ်နှင့် ထိုးသတ်ခဲ့သည့် ပွဲအပြီးမှာပင် တိုင်ဆန်ဖျူရီနှင့်ပွဲအတွက် နှစ်ရက်အတွင်း သဘောတူညီမှုရမည်ဖြစ်ကြောင်း ပြောကြားထားသည်။
သို့သော် နှစ်ဦးနှစ်ဖက်အပြီးသတ်သဘောတူညီမှုရရန် ကြန့်ကြာလျက်ရှိပြီး နေရာနှင့် နေ့ရက်ကိုလည်း အတည်မပြုနိုင်သေးကြောင်း သိရသည်။
ဗြိတိန်မီဒီယာများကမူ ယင်းပွဲသည် လာမည့် ဇွန်လ၊ သို့မဟုတ် ဇူလိုင်လတွင် ဖြစ်လာဖွယ်ရှိသည်ဟု ခန့်မှန်းထားကြပြီး အနိုင်ရရှိသူသည် ၁၉၉၉ ခုနှစ်က လင်းနော့လူးဝစ်နောက်ပိုင်းတွင် ချန်ပီယံခါးပတ်အားလုံးကို ရယူနိုင်သည့် ပထမဆုံး ဗြိတိန်ကစားသမားဖြစ်လာမည်ဖြစ်သည်ဟု သိရှိရသည်။
၎င်းတို့နှစ်ဦး၏ ထိုးကြေးနှင့်ပတ်သက် သည့် ခန့်မှန်းမှုများအရလည်း တစ်ဦးလျှင် (၅၀) ရာခိုင်နှုန်းစီ အညီအမျှရရှိမည်ဖြစ်ပြီး၊ ပေါင်သန်း (၁၀၀) စီ ရရှိသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။















