အီရန်မှ ထွက်ခွာလာသည့် လစ်ဗျား အလံတင်သင်္ဘောသည် အစ္စရေး၏ မြေထဲပင်လယ် ကန်းလွန်တွင် ရေနံများယိုဖိတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အီရန်သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြမ်းဖက်မှု လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးက မတ်လ ၃ ရက်တွင် စွပ်စွဲခဲ့သည်။
ပြီးခဲ့သည့်လက မုန်တိုင်းများ တိုက်ခတ်ခဲ့သဖြင့် လက်ဘနွန်နိုင်ငံနှင့် ဆက်စပ်နေသည့် အစ္စရေးနှင့် ဂါဇာနယ်စပ်မှ ကီလိုမီတာ ၁၆၀ (၉၆ မိုင်) ရှိသည့် အစ္စရေး၏ မြေထဲပင်လယ်ကန်းရိုးတန်း တစ်လျောက်တွင် တန်နှင့်ချီသည့် ကတ္တရာစေးများသည် ကမ်းပေါ်သို့ ရောက်ရှိခဲ့သည်။
“ဒီဖြစ်စဉ်ဟာ အီရန်က ထွက်ခွာလာတဲ့ လစ်ဗျား အလံတင် ပင်လယ်ဓားပြသင်္ဘောမှာ တာဝန်ရှိပါတယ်” ဟု အစ္စရေး၏ သဘာဝပတ်ဝန်ကျင် ကာကွယ်ရေးဝန်ကြီး ဂီလာဂမ်လီယယ်က Twitter တွင် ရေးသားခဲ့သည်။
“အီရန်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်အောင် ပြုလုပ်ပြီး အကြမ်းဖက်မှု ပြုလုပ်နေပါတယ်။ ဒီယိိုိဖိတ်မှုဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုတင် မဟုတ်ပါဘူး။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဂမ်လီယယ်သည် အီရန်အား သဘောထား တင်းမာစွာ ဝေဖန်သည့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ ခိုင်မာသည့် မဟာမိတ် ဖြစ်သည်။
ထို့ပြင် ယခုလကုန်ပိုင်းတွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် နေတန်ယာဟု ပြန်လည် ရွေးကောက်ခံရရေးအတွက် မဲဆွယ်စည်းရုံးမှုများတွင် ဂမ်လီယယ်သည် အဓိကနေရာမှ ပါဝင်နေသူ ဖြစ်သည်။
အစ္စရေး အစိုးရပိုင် Kan ရုပ်သံ၏ ဖော်ပြချက်အရ ဂမ်လီယယ်၏ ခန့်မှန်းချင့်တွက်မှုကို ထောက်လှမ်းရေး အသိုင်းအဝိုင်းက မျှဝေခဲ့ခြင်း မရှိကြောင်း အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်များကို ကိုးကား ဖော်ပြခဲ့သည်။
လစ်ဗျား အလံတင်ထားသည့် ယင်းသင်္ဘောသည် အစ္စရေး၏ အထူးသီးသန့် စီးပွားရေးဇုန်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရေများကို ညစ်ညမ်းစေခဲ့မှုတွင် တာဝန်ရှိကြောင်း ဂမ်လီယယ်က သတင်းထောက်များအာ းပြောကြားခဲ့သည်။
“ကျွန်မတို့ရဲ့ ပင်လယ်၊ ကျွန်မတို့ရဲ့ ကန်းရိုးတမ်းတွေနဲ့ ကျွန်မတို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက် နစ်နာစေတဲ့ မည်သူကိုမဆို အရေးယူခံရနိုင်ပါတယ်”ဟု ဂမ်လီယယ် က သတိပေးခဲ့သည်။
ပြီးခဲ့သည့်လကလည်း အိုမန်ပင်လယ်ကွေ့တွင် အစ္စရေးပိုင် သင်္ဘောတစ်စင်း တိုက်ခိုက်ခံခဲ့ရမှုနှင့် ပတ်သက်ပြီး အစ္စရေးက အီရန်အား စွပ်စွဲခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှု ပိုမိုမြင့်တက်ခဲ့သည်။
MV Helios Ray အမည်ရှိ အစ္စရေးသင်္ဘောတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး အီရန်က ၎င်းပါဝင် ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့်လက ရေနံယိုဖိတ်မှုသည် သမိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် အဆိုးရွားဆုံး ဂေဟစနစ် ဘေးအန္တရာယ်များအနက် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်ဟု အစ္စရေးက ကြေညာခဲ့သည်။
ကန်းခြေများကို သန့်ရှင်းရေး ပြန်လည်လုပ်ဆောင်ရန် စေတနာ့ဝန်ထမ်းအဖွဲ့များက အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်နေပြီး ယင်းဖြစ်စဉ်ကို စုုံစမ်းစစ်ဆေးရန် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိများက လုပ်ဆောင်နေသည်။
ယင်းရေနံယိုဖိတ်မှုသည် လက်ဘနွန်နိုင်ငံ တောင်ပိုင်း ကန်းရိုးတန်းဒေသများအထိ ပျံ့နှံ့သွားခဲ့ပြီး ယင်းရေနံညစ်ညမ်းမှုသည် ကန်းရိုးတန်းများပေါ်တွင် သုံးလကြာ ဆက်ရှိနေမည်ကို စိုးရိမ်ကြောင်း လက်ဘနွန် အမျိုးသားသိပ္ပံသုတေသနကောင်စီမှ အကြီးအကဲ မူအင်ဟမ်ဇီက ပြောကြားခဲ့သည်။














