နာဗာညီအား အဆိပ်ခတ်မှု၊ ထောင်ဒဏ်ချမှတ်မှုတို့ဖြင့် အမေရိကန်နှင့် ဥရောပသမဂ္ဂက ရုရှားကို ပိတ်ဆိို့မှုများ ပြုလုပ်

နာဗာညီအား အဆိပ်ခတ်မှု၊ ထောင်ဒဏ်ချမှတ်မှုတို့ဖြင့် အမေရိကန်နှင့် ဥရောပသမဂ္ဂက ရုရှားကို ပိတ်ဆိို့မှုများ ပြုလုပ်
ဖေဖော်ဝါရီ ၂၀ ရက်က မော်စကိုမြို့ရှိ ဘာဘူစကင်စကီး ခရိုင်တရားရုံးတွင် အတိုက်အခံခေါင်းဆောင် နာဗာညီအား တွေ့ရစဉ်(Photo:AFP)
ဖေဖော်ဝါရီ ၂၀ ရက်က မော်စကိုမြို့ရှိ ဘာဘူစကင်စကီး ခရိုင်တရားရုံးတွင် အတိုက်အခံခေါင်းဆောင် နာဗာညီအား တွေ့ရစဉ်(Photo:AFP)
Published 3 March 2021
Ref: AFP

ရုရှားအစိုးရသည် အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာညီအား အဆိပ်ခတ်ခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့က ကောက်ချက်ချခဲ့ပြီးနောက် အမေရိကန်အစိုးရသည် ထိပ်သီးရုရှားအရာရှိများကို မတ်လ ၂ ရက်က ပိတ်ဆို့မှုများပြုလုပ်ခဲ့ပြီး ဥရောပသမဂ္ဂနှင့်ပူးပေါင်း၍ အရေးယူလုပ်ဆောင်ခဲ့သည်။

အမေရိကန် သမ္မတအဖြစ် စတင်ရုံးထိုင်ပြီးကတည်းက ရုရှားကို ဆန့်ကျင်သည့် ပထမဆုံး လုပ်ဆောင်ချက်အဖြစ် ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့သည် အမေရိကန်တွင်ရှိသည့် ရုရှား ထောက်လှမ်းရေးအေဂျင်စီ (FSB) ၏ ညွှန်ကြားရေးမှူးအပါအဝင် ထိပ်သီးအရာရှိများ၏ ပိုင်ဆိုင်မှုများကို ပိတ်ပင်ခဲ့ပြီး ၎င်းတို့နှင့် စီးပွားရေးအရ လက်တွဲလုပ်ဆောင်မှုကို ပြစ်မှုအဖြစ် ဥပဒေပြဋ္ဌာန်းသတ်မှတ်ခဲ့သည်။

FSB အရာရှိများသည် ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂၀ ရက်က နာဗာညီအား အာရုံကြောထိခိုက်ပျက်စီးစေသည့် Novichok အဆိပ်ဖြင့် အဆိပ်ခတ်ခဲ့သည်မှာ  အလွန်စိတ်ချယုံကြည်ရကြောင်း အမေရိကန် ထောက်လှမ်းရေးအေဂျင်စီက ခန့်မှန်းသုံးသပ်ခဲ့သည်ဟု အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

နာဗာညီသည် အဆိပ်မိခဲ့ပြီးနောက် ဂျာမနီတွင် ဆေးဝါးကုသမှုခံယူခဲ့ပြီး ဇန်နဝါရီလတွင် ရုရှားသို့ ပြန်လည်ရောက်ရှိခဲ့ချိန်၌ မော်စကိုလေဆိပ်မှာပင် ဖမ်းဆီးခံခဲ့ရပြီး ပြည်သူများနှင့် အဆက်ဖြတ်ထားသည့် အကျဉ်းစခန်းတစ်ခုတွင် အကျဉ်းချခံခဲ့ရသည်။

“ ရုရှားနိုင်ငံရဲ့ လူ့အခွင့်အရေးဖိနှိပ်မှုနဲ့ ဓာတုလက်နက်အသုံးပြုမှုဟာ ဆိုးရွားတဲ့ အကျိုးဆက်တွေကို ခံရမယ်ဆိုတာကို အမေရိကန်အစိုးရက ရှင်းလင်းပြတ်သားတဲ့ လက္ခဏာတစ်ခု ပေးပို့လိုက်တာဖြစ်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကင်က အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

“ရုရှားအစိုးရအနေနဲ့ မစ္စတာ နာဗာညီကို ခြွင်းချက်မရှိဘဲ ချက်ချင်းပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ကို ထပ်လောင်းပြောဆိုလိုက်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများကလည်း ရုရှားအစိုးရအား နာဗာညီအားဆက်ဆံပုံနှင့် ပတ်သက်ပြီး ပိတ်ဆို့မှုများပြုလုပ်ရန် အတည်ပြုခဲ့ပြီးနောက်တစ်ရက်အကြာတွင် အမေရိကန်၏ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မတ်လ ၂ ရက်က အမေရိကန်နှင့် ဥရောပသမဂ္ဂ၏ ပစ်မှတ်ထားပိတ်ဆို့ခံရသူများအနက် ရုရှားအကျဉ်းထောင် အုပ်ချုပ်ရေးမှူး အလက်ဇန်ဒါးက လက်ရှ်နီကော့ဗ်လည်း ပါဝင်ခဲ့သည်။

ရုရှားအစိုးရကမူ နာဗာညီ နာမကျန်းဖြစ်ခဲ့မှုအတွက် ၎င်းတွင် တာဝန်မရှိကြောင်း ငြင်းဆိုခဲ့ပြီး ယခုကဲ့သို့ ပိတ်ဆို့မှုများပြုလုပ်ခြင်းဖြင့် မည်သည့်အောင်မြင်မှုများ ရရှိမည်နည်းဟု မေလ ၂ ရက်တွင် ပြန်လည်မေးခွန်းထုတ်ခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆယ်ရ်ဂေး လက်ဗရော့ကလည်း ယခုကဲ့သို့ ပိတ်ဆို့မှုကို တုံ့ပြန်မည်ဟု သတိပေးခဲ့ပြီး သံခင်းတမန်ခင်းတွင် ပါဝင်သည့် စည်းတစ်ခုမှာ အပြန်အလှန် ကျင့်သုံးရေးမူ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီရာ ဇာခါရိုဗာကလည်း အမေရိကန်သည် ၎င်း၏ ပြည်တွင်း ရေးပြဿနာများကို အာရုံလွှဲစေရန် ပြည်ပရန်သူ၏ ပုံရိပ်ကို အသုံးပြုရန်ကြိုးပမ်းနေကြောင်းနှင့် အမေရိကန်အား မီးနှင့် မကစားသင့်ကြောင်း တိုက်တွန်းလိုသည်ဟု ပြောကြားခဲ့သည်။

Most Read

Most Recent