စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့တွင် ယနေ့ (မတ်လ ၁ရက် ) နံနက်ပိုင်းက ဇောတိကကျောင်းအနီး အခမဲ့ဆေးပေးခန်းဖွင့်ထားသည့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှအသင်းသားများ၊နာရေးကားများ အပါအဝင် ဆရာဝန်များ ဖမ်းဆီးခံရကြောင်း သိရသည်။
၄င်းတို့ကို တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ကြောင်းနှင့် မုံရွာမြို့တော်ခန်းမတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
"အခုချိန်အထိ အဖမ်းခံရတဲ့သူတွေနဲ့ဘာမှ အဆက်အသွယ်မရသေးပါဘူး။ဇောတိကကျောင်းအနီးမှာ ယာယီဆေးခန်းဖွင့်ထားတာပါ။အဲဲဒီကနေ ခေါ်သွားတာပါ။ကားကတော့ သုံးစီးပါသွားတယ်။ဆရာဝန်တွေကော အသင်းသားတွေကောဆိုရင် အဖမ်းခံရတာက လူပေါင်း တစ်ဆယ့်လေးယောက်လောက် ရှိပါတယ်"ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ( မုံရွာမြို့နယ်ရုံး)မှ တာဝန်ရှိသူတစ်ဉီးက ပြောကြားသည်။
ထို့အပြင် ယမန်နေ့ရက်များက မုံရွာမြို့ပေါ်ရှိ နာရေးအသင်းကားအချို့နှင့်ကူညီကယ်ဆယ်ရေးအသင်းသားအချို့ကိုလည်း တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးထိန်းသွားခဲ့ကြောင်းနှင့် ၄င်းတို့သည်လည်း ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။
မတ်လ ၁ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များ က ဆန္ဒထုတ်ဖော်သူများကို လိုက်လံဖမ်းဆီး ဖြိုခွင်းမှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။















