တောင်ငူခရိုင်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်ရေးနယ်မြေအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် Committee Representing Pyidaungsu Hluttaw-CRPH တို့မှ ချမှတ်လာမည့် အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများကို လုံးဝလက်ခံသွားမည် မဟုတ်ကြောင်း တောင်ငူခရိုင် KNU က ဖေဖော်ဝါရီ ၂၄ ရက်တွင် သဘောထားထုတ်ပြန် ကြေညာသည်။
တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်တွင် စစ်အာဏာသိမ်းခဲ့သည့်အပေါ်တွင် KNU ဗဟို၏ သဘောထား ထုတ်ပြန်ချက်များအတိုင်း တောင်ငူခရိုင် KNU ကလည်း ရပ်တည်ကြောင်း အဆိုပါ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်က အာဏာသိမ်းပြီးနောက် နောက်ဆက်တွဲအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ပြည်ထောင်စုအဆင့်၊ တိုင်းနှင့်ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်ဖြင့် စီမံအုပ်ချုပ်ရေးကောင်စီများအား အုပ်ချုပ်ရေးပုံစံချမှတ်ပြီး အာဏာလုယူမှုအပေါ်တွင် တောင်ငူခရိုင် KNU အနေဖြင့် လုံးဝ လက်ခံခြင်းမရှိဘဲ တောင်ငူခရိုင် KNU အုပ်ချုပ်ရေး နယ်မြေအတွင်း၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများကို ကန့်ကွက်သွားမည်ဖြစ်ကြောင်း တောင်ငူခရိုင် KNU က သဘောထားထုတ်ပြန်သည်။
ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြန်လည်အသက်သွင်းရန် အကောင်အထည်ဖော်နေသည့် CRPH မှ အုပ်ချုပ်ရေးပုံစံများ ချမှတ်လာမည့် အစီအစဉ်များကိုလည်း တောင်ငူခရိုင် KNU အနေဖြင့် လုံးဝ လက်ခံမည် မဟုတ်ဘဲ တောင်ငူခရိုင် KNU အုပ်ချုပ်ရေးနယ်မြေအတွင်းတွင် ချမှတ်လာမည့် CRPH ၏ နောက်ဆက်တွဲ အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများကိုလည်း ကန့်ကွက်သွားမည် ဖြစ်ကြောင်း တောင်ငူခရိုင် KNU က သဘောထား ထုတ်ပြန်သည်။
လက်ရှိ ရှိနေပြီးသား မြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေး ယန္တရားများတွင်လည်း သက်ဆိုင်ရာ နယ်မြေအလိုက် ပါဝင်ခဲ့သော ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ထွေအုပ်ဌာနများမှ တာဝန်ရှိသူများသည်လည်း စစ်အာဏာသိမ်းခြင်းအား လက်မခံသည့်အနေဖြင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှု မပြုရန် တောင်ငူခရိုင် KNU က အသိပေးထားသည်။
တောင်ငူခရိုင်အတွင်းရှိ KNU အုပ်ချုပ်ရေးနယ်မြေတွင် ယခင်ရှိနှင့်ပြီးသား KNU ၏ အုပ်ချုပ်ရေး ယန္တရားများအတိုင်း ရှေ့ဆက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ရပ် ပေါ်ပေါက်လာနိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားမည် ဖြစ်ကြောင်း တောင်ငူခရိုင် KNU ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် တပ်မတော်က အာဏာသိမ်းယူမှုကြောင့် ဖြစ်ပေါ်လာသော အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သော လူထုလှုပ်ရှားမှု မှန်သမျှကို တောင်ငူခရိုင် KNU အနေဖြင့် ထောက်ခံဝန်းရံ ပံ့ပိုးသွားမည်ဖြစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သော လူထုလှုပ်ရှားမှုများအား အာဏာသိမ်းအစိုးရက အကြမ်းဖက်နှိမ်နင်းခြင်းများ၊ ဖမ်းဆီးခြင်းများ၊ တရားစွဲဆိုခြင်းများ မပြုလုပ်ရန်လည်း တောင်ငူခရိုင် KNU က တောင်းဆိုသည်။
တောင်ငူခရိုင် KNU အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တစိုက်မတ်မတ် တောင်းဆို တိုက်ပွဲဝင်လာခဲ့သည့်အပေါ်တွင် တန်းတူညီမျှခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ငူခရိုင် KNU က သဘောထား ထုတ်ပြန်သည်။















