အာဏာသိမ်းခြင်းကို လုံးဝသဘောမတူကြောင်း လူမှုကွန်ရက်မှတစ်ဆင့် အောင်လအန်ဆန် ရေးသားဖော်ပြခဲ့ပြီး အားကစားလောကမှ နာမည်ကြီးကစားသမားများစွာလည်း ၎င်းတို့၏ဆန္ဒကို ထုတ်ဖော်ရေးသား

အာဏာသိမ်းခြင်းကို လုံးဝသဘောမတူကြောင်း လူမှုကွန်ရက်မှတစ်ဆင့် အောင်လအန်ဆန် ရေးသားဖော်ပြခဲ့ပြီး အားကစားလောကမှ နာမည်ကြီးကစားသမားများစွာလည်း ၎င်းတို့၏ဆန္ဒကို ထုတ်ဖော်ရေးသား
Photos: Player's Facebook
Photos: Player's Facebook
Published 5 February 2021

နာမည်ကျော် MMA အားကစားသမား အောင်လအန်ဆန်က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် အာဏာသိမ်းခြင်းနှင့် ပတ်သက်၍ လုံးဝသဘောမတူကြောင်း ၎င်း၏ Facebook တွင် ရေးသားဖော်ပြခဲ့ကြောင်း သိရသည်။ ထို့ပြင် အားကစားလောကမှ နာမည်ကြီးကစားသမားများစွာကလည်း ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကန့်ကွက်ကြောင့် ၎င်းတို့၏လူမှုကွန်ရက်တွင် ရေးသား၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

​​​​​​​

အောင်လအန်ဆန်က လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့်အခြေအနေများကို မိမိအနေဖြင့် သိမြင်ကြားသိရကြောင်း၊ သတင်းစကားပေးပို့သူများကိုလည်း ကျေးဇူးတင်ကြောင်း၊ တပ်မတော်(စစ်တပ်)ကအာဏာသိမ်းခြင်းနှင့် ပတ်သက်ပြီး လုံးဝသဘောမတူကြောင်း၊ လက်ရှိအခြေအနေကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေကြမည်ဆိုတာကို သိရှိကြောင်း၊ မိမိကြီးပြင်းရာဒေသနှင့် မိမိ၏မိသားစုအကြောင်းကို သိမည်ဆိုလျှင် မိမိ၏နှလုံးသားက အားလုံးနှင့်အတူတူဖြစ်သည်ကို သိမည်ဖြစ်ကြောင်း၊ ငယ်စဉ်ကတည်းက လက်ရှိအခြေအနေကို ခံစားခဲ့ဖူးကြောင်း၊ လက်ရှိအခြေအနေမှာ မိမိလုပ်နိုင်သည်ထက် အများကြီး ပိုကြောင်း၊ မိမိမှာ ကိုယ်ခံပညာပေါင်းစုံအားကစားသမားတစ်ဦးသာ ဖြစ်ပြီး နိုင်ငံရေးသမားတယောက် မဟုတ်ပါကြောင်း၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကလည်း အဖြစ်အပျက်တွေမှာ ပါဝင်လုပ်ဆောင် အဖြေရှာနေကြကြောင်း၊ သို့သော် အားလုံးကစိတ်ပျက် လက်ပျက်ဖြစ်နေပြီး စိတ်ထွက်ပေါက်ပေးဖို့အတွက် လိုအပ်လျှင် အားလုံးအတွက် မိမိ အမြဲရှိနေပါကြောင်း၊ ယခုလို မသေချာမရေရာသည့်  အခြေအနေတွင် အားလုံးစည်းစည်းလုံးလုံးရှိနေရန် အလွန်အရေးကြီးကြောင်း၊ မိမိအနေဖြင့် အများကြီး မလုပ်ဆောင်နိုင်သော်လည်း  မိမိတို့၏ လူမှုအဖွဲ့အစည်းကို ပိုမိုမျှတကောင်းမွန်သည့် အဖွဲ့အစည်းဖြစ်လာစေရန် မိမိ တတ်စွမ်းသည့်ဘက်ကနေ အကောင်းဆုံးလုပ်ဆောင်သွားမည်ဆိုတာကို ကတိပြုကြောင်း၊ မိမိ၏သဘောထားခံယူချက်က မြန်မာနိုင်ငံသားအားလုံးနှင့် အတူတူဖြစ်ပြီး မိမိ၏ ခံစားချက်ကိုဖော်ပြဖို့အတွက် မိမိအနေဖြင့် ဒွိဟဖြစ်ပြီးတွေဝေနေခဲ့ခြင်း မရှိကြောင်း၊ သို့သော် မိမိတွင်လည်း မိမိ အခက်အခဲနှင့် မိမိ ရှိသည်ကိုနားလည်ပေးဖို့မေတ္တာရပ်ခံကြောင်း၊ မြန်မာနိုင်ငံတွင် တရားမျှတမှုအစဉ်အမြဲဖြစ်တည်ပါစေဟု မိမိ ဆန္ဒပြုဆုတောင်းပါကြောင်း သူ၏ Facebook တွင် ဖေဖော်ဝါရီ(၅)ရက်က ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် ဘောလုံးအပါအဝင် အားကစားနည်းအမျိုးမျိုးမှ ကစားသမားများကလည်း ယင်းကဲ့သို့ ကန့်ကွက်ဆန္ဒထုတ်ဖော်ခြင်းကို လူမှုကွန်ရက်တွင် ဖော်ပြခဲ့ကြသည်။

နာမည်ကြီးကြက်တောင်အားကစားမယ် သက်ထားသူဇာ၊ မြန်မာ MMA ကစားသမားများဖြစ်သော ဖိုးသော်နှင့် အန်တိုနီယာ၊ နာမည်ကြီးမြန်မာ့ရိုးရာလက်ဝှေ့သမား ထွန်းထွန်းမင်း၊ ဘောလုံးသမားများဖြစ်သော ဒေးဗစ်ဒန်း၊ ထိုက်ထိုက်အောင်၊ သီဟစည်သူ၊ ကျော်ဇင်ထက်၊ ဇော်မင်းထွန်း၊ ကျော်ကိုကို၊ မောင်မောင်လွင်တို့အပါအဝင်

အားကစားနည်းပေါင်းစုံမှ အားကစားသမားများ၊ အားကစားလောကတွင် ကျင်လည်နေသည့် အုပ်ချုပ်မှုအဖွဲ့ ဝင်များနှင့် နည်းပြများမှာ အာဏာသိမ်းမှုအား ကန့်ကွက်ခြင်းများအပြင် အလွှာစုံမှ ပြည်သူလူထုများ၏ လှုပ်ရှားမှုများတွင်လည်း  ပါဝင်ဆောင်ရွက်လျက် ရှိသည်။