ဖေဖော်ဝါရီ ၁ ရက်က ပိတ်သိမ်းသွားခဲ့သည့် ဆောင်းရာသီအပြောင်းအရွှေ့စျေး ကွက်တွင် ဥရောပထိပ်တန်းလိဂ် ငါးခု၏ ကစားသမားသစ်ခေါ်ယူမှုအတွက် သုံးစွဲငွေစုစုပေါင်းမှာ သိသိသာသာလျော့ကျခဲ့ကြောင်း သိရသည်။

COVID-19 ဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဥရောပကလပ်အသင်းများ၏ငွေကြေးသုံးစွဲမှုမှာ အလွန်အမင်းကျဆင်းခဲ့ပြီး စီးရီးအေက ကစားသမားသစ်ခေါ်ယူမှုအတွက် ငွေကြေးအများဆုံးသုံးစွဲသည့် လိဂ်အဖြစ် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကျော်ဖြတ်ကာ ပေါင် ၁၂၀ ဒသမ ၄ သန်းဖြင် ထိပ်ဆုံး၌ ရပ်တည်ခဲ့သည်။

အပြောင်းအရွှေ့စျေးကွက်များတွင် နှစ်ကာလကြာရှည်စွာ ထိပ်ဆုံးနေရာ၌ အမြဲတမ်း ရှိနေသည့် ပရီးမီးယားလိဂ်ပြိုင်ပွဲသည် ယခု ဆောင်းရာသီစျေးကွက်တွင် အသုံးစရိတ် ပေါင်းမှာ ပေါင် ၈၄ ဒသမ ၆ သန်းသာရှိခဲ့ ကြောင်း သိရသည်။

ယင်းလိဂ်ပြိုင်ပွဲနှစ်ခု၏ နောက်တွင် ဘွန်ဒစ်လီဂါက ပေါင် ၅၃ ဒသမ ၄ သန်း၊ ပြင်သစ်လီဂူးက ပေါင် ၃၂ ဒသမ ၂ သန်းနှင့် လာလီဂါက ပေါင် ၂၄ ဒသမ ၆ သန်း ဖြင့် အသီးသီးသုံးစွဲခဲ့ကြသည်။ လာလီဂါပြိုင် ပွဲ၏ ငွေကြေသုံးစွဲမှုမှာ မထင်မှတ်လောက် အောင် ကျဆင်းခဲ့ပြီး လာလီဂါထိပ်သီးအသင်း နှစ်သင်းဖြစ်သည့် ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်အသင်းများမှာ ကစားသမားသစ်ခေါ်ယူမှု လုံးဝမရှိခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်တွင်လည်း ချယ်လ်ဆီး၊ မန်စီးတီးနှင့် စပါး စသည့် Big Six စာရင်းဝင် ထိပ်သီးအသင်းများမှာ ကစားသမားသစ်ခေါ်ယူမှု လုံးဝပြုလုပ်ခြင်းမရှိဘဲ အပြောင်းအရွှေ့ ကာလကို ဖြတ်သန်းခဲ့ပြီး လီဗာပူးလ်၊ မန်ယူ၊ အာဆင်နယ်အသင်းများမှာမူ ကစားသမားသစ် ခေါ်ယူမှုအချို့ ပြုလုပ်ခဲ့ကြသည်။















