ဦးဝီရသူအမှုနှင့် ပတ်သက်၍ အင်းစိန်ထောင်ရှေ့ ဆန္ဒထုတ်ဖော်ခဲ့သော သံဃာများအနက် သံဃာနှစ်ပါးအား ရန်ကုန်တိုင်းဒေသကြီး တိုင်းသံဃနာယကမှ ဇန်နဝါရီ ၂၆ ရက်က ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်ရှိ တိုင်းသံဃနာယကအဖွဲ့ရုံးသို့ ခေါ်ယူ၍ သြဝါပေးခဲ့ကြောင်း သိရသည်။


ထိုသို့ တိုင်းသံဃနာယကအဖွဲ့ ဆရာတော်များက ခေါ်ယူသြဝါဒပေးမှုကို သံဃာနှစ်ပါး ဖြစ်သော ဗဟန်းမြို့နယ်၊ ဦးသာသနကျောင်းတွင် သီတင်းသုံးသော ဦးအဂ္ဂဓဇနှင့် ဦးပညာဝံသတို့က သြဝါဒနှင့်အညီ လိုက်နာ နေထိုင်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုခဲ့ကြောင်း သိရသည်။

ဦးပညာဝံသက “ ဆရာတော်ကြီးတွေက ဦးဇင်းတို့ကို သြဝါဒပေးတာ တစ်လုံးထဲပါ။ တိုင်းသံဃနာယကရဲ့ သြဝါနဲ့အညီ နေထိုင်ပေးပါလို့ ဒီစကားလုံးလေး တစ်လုံး။ ဘယ်လိုနေထိုင်ပေးရမလဲ၊ ဘာလုပ်ငန်းတွေ လုပ်ရမလဲဆိုရင် နိုင်ငံရေးပဲလုပ်လုပ် ဘာပဲလုပ်လုပ် လိမ္မာပါးနပ်စွာ အလုပ်လုပ်ဖို့၊ လိမ္မာယဉ်ကျေးစွာ စကားလုံး သုံးနှုန်းဖို့၊ လိမ္မာယဉ်ကျေးစွာ နေထိုင်ဖို့ဆိုပြီးတော့ ဦးဇင်တို့ကို ဆုံးမသြဝါဒပေးတယ် ” ဟု မိန့်ကြားခဲ့သည်။

ဦးအဂ္ဂဓဇ၊ ဦးပညာဝံသ၊ ဦးဉာဏောဘာသ အပါအဝင် သံဃာ (၂၃) ပါးသည် အင်းစိန်မြို့နယ်၊ အင်းစိန် အကျဉ်းထောင်ရှေ့တွင် ဦးဝီရသူ (မစိုးရိမ်) အား ရုံးထုတ်စစ်ဆေးပေးရေး ဆန္ဒထုတ်ဖော်ခဲ့မှုနှင့် စပ်လျဉ်း၍ သံဃာသုံးပါးကို သြဝါပေးရန် ခေါ်ယူခဲ့သော်လည်း ဦးဉာဏေဘာသမှ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခြင်း မရှိကြောင်း ပြန်လည်လျှောက်တင်ခဲ့ပြီး ဦးအဂ္ဂဓဇ၊ ဦးပညာဝံသတို့သာ လာရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သြဝါဒပေးခြင်းကို တိုင်းသံဃနာယကအဖွဲ့မှ ဆရာတော်ကြီးများ အပါအဝင် တိုင်းဒေသကြီး၊ ခရိုင် နှင့် မြို့နယ်သာသနာရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုင်းသံဃနာယက ရုံးရှေ့တွင်လည်း သံဃာတော်များ၊ လူပုဂ္ဂိုလ်များကလည်း သြဝါခေါ်ယူပေးခြင်း ခံရသော သံဃာနှစ်ပါးကို လာရောက် ဝန်းရံပေးခဲ့ကြောင်း သိရသည်။















