NLD ပါတီမှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၂၂၀ ခန့် ကန့်ကွက်လွှာ တင်သွင်းခံရပြီး အချို့ကိုယ်စားလှယ်များမှာ ကန့်ကွက်လွှာနှစ်မှုအထိရှိ၍ ကန့်ကွက်ခံရမှု ၂၆၅ မှုရှိ

NLD ပါတီမှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၂၂၀ ခန့် ကန့်ကွက်လွှာ တင်သွင်းခံရပြီး အချို့ကိုယ်စားလှယ်များမှာ ကန့်ကွက်လွှာနှစ်မှုအထိရှိ၍ ကန့်ကွက်ခံရမှု ၂၆၅ မှုရှိ
Published 23 January 2021
ဉာဏ်လင်းထွန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၉၀၀ ကျော် အနိုင်ရရှိထားသော်လည်း အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ၂၂၀ ခန့် ကန့်ကွက်လွှာ တင်သွင်းခံထားရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းခံရသည့် ကိုယ်စားလှယ် ၂၂၀ ခန့်တွင် အချို့မှာ ပြိုင်ဘက်ပါတီကိုယ်စားလှယ်လောင်းအပြင် မဲဆန္ဒရှင်မှလည်း ကန့်ကွက်၍ အမှုအားဖြင့် ၂၆၅ မှုခန့်ရှိကြောင်း NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“လူက ၂၂၀ လောက်ရှိတယ်။ ပြိုင်ဘက်လွှတ်တော်ကိုယ်စားလှယ်လောင်းက ကန့်ကွက်တာအပြင် မဲဆန္ဒရှင်ဆိုပြီး ကန့်ကွက်တာလည်း ၄၅ မှုလောက်ရှိတယ်။ တချို့ကိုယ်စားလှယ်တွေက နှစ်မှုပေ့ါ။ အဲလိုဆိုတော့ အမှုပေါင်းဆို ၂၆၅ ရှိပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၈ အရ ရွေးကောက်ခံရသူကို ယှဉ်ပြိုင်အရွေးခံသည့် ကိုယ်စားလှယ်လောင်းနှင့် မဲဆန္ဒနယ်တွင် မဲပေးခဲ့သည့်မဲဆန္ဒရှင်တို့က ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍  ဆီလျော်သောအကြောင်းပြချက်ဖော်ပြပြီး ကန့်ကွက်နိုင်သည်။

NLD ပါတီကိုယ်စားလှယ် ၂၀၀ ကျော်ကို ကန့်ကွက်မှုတွင် ပြိုင်ဘက်ပါတီကိုယ်စားလှယ်လောင်းများအပြင် တပ်မတော်သား မဲဆန္ဒရှင်များလည်း ပါဝင်သည်ကို တွေ့ရကြောင်း NLD ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဒေါက်တာမျိုးညွန့်က ဆိုသည်။

NLD ပါတီမှ ရွေးကောက်ခံရသည့် ကိုယ်စားလှယ် ရာချီကန့်ကွက်ခံရမှုတွင် တိုင်းဒေသကြီးနှင့်  ပြည်နယ်ဝန်ကြီးချုပ်အချို့ ပါဝင်သော်လည်း အရေအတွက်အတိအကျ မသိရှိဟု ၎င်းက ပြောကြားသည်။

“ကန့်ကွက်ခံရတဲ့ ဝန်ကြီးချုပ်အချို့တော့ရှိပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

လက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် ၁၄ ဦးမှာ NLD ပါတီမှဖြစ်ပြီး ၂၀၂၀  အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှလွဲ၍ အခြားဝန်ကြီးချုပ် ၁၃ ဦးစလုံး ရွေးကောက်ပွဲ ပြန်လည်ယှဉ်ပြိုင်ခဲ့ကြသည်။

ပဲခူးတိုင်းအတွင်း အနိုင်ရ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ၃၀ ဦးခန့် ကန့်ကွက်ခံရပြီး ကန့်ကွက်ခံရသူများတွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းပါဝင်ကြောင်း ပဲခူးတိုင်း NLD ပါတီဥက္ကဋ္ဌဦးသိန်းဒန်က ဆိုသည်။

“ ကန့်ကွက်ချက်တွေအတွက် ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ ရှိတယ်လေ။ အဲဒါတွေနဲ့ ချိတ်ဆက်ပြီးတော့ လုပ်နေတာပေါ့နော်။ ချေပလွှာတင်ဖို့။ ကျွန်တော်တို့လည်း ဒေသရှေ့နေတွေနဲ့ ချိတ်ဆက်ပြီးတော့ သူတို့ အကူအညီလိုရင်ပေးဖို့ ကမ်းလှမ်းထားတာ ရှိတယ်” ဟု ဦးသိန်းဒန်က ပြောကြားသည်။

ကချင်ပြည်နယ်ရှိ အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးကျော် ကန့်ကွက်ခံရပြီး ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ပါဝင်ခြင်းမရှိဟု ပြည်နယ် NLD ပါတီဥက္ကဋ္ဌ ဦးမြသိန်းက ပြောကြားသည်။

ပါတီမှ အနိုင်ရကိုယ်စားလှယ်ရာချီ ကန့်ကွက်ခံရမှုသည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းထက် ပါတီနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်လာ၍ တိုင်ကြားခံရသူများကို အပြည့်အဝကူညီမည်ဟု NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်လည်း ဒီဇင်ဘာ ၂၉ ရက်က ပြုလုပ်သည့် ပါတီဗဟို အလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် ပြောကြားထားသည်။

“ ဒါက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ Interest မဟုတ်တော့ဘူး။ NLD ရဲ့ Interest ဖြစ်နေပြီ။ အဲတော့ NLD ရဲ့ Interest ကို NLD ပါတီအနေနဲ့ လစ်လျူရှုမထားဘူး” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်းထားသည့် ကန့်ကွက်လွှာ အမှု ၃၀၀ နီးပါးရှိပြီး ယခင်ရွေးကောက်ပွဲ နှစ်ကြိမ်ထက် ကန့်ကွက်သည့် အမှုအရေအတွက် များပြားကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုများရှိသည်ဆိုကာ အနိုင်ရကိုယ်စားလှယ်ကို အပြန်အလှန် ကန့်ကွက်မှုများအနက် အများစုမှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများက NLD ပါတီကိုယ်စားလှယ်လောင်းများကို ကန့်ကွက်မှုဖြစ်သည်။

သို့ရာတွင် NLD ပြည်ခိုင်ဖြိုးပါတီအပါအဝင် အခြားပါတီကိုယ်စားလှယ်လောင်းအချို့နှင့်စပ်လျဉ်းသည့် ကန့်ကွက်လွှာ ၁၇ မှု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်းထားသည်။

Most Read

Most Recent