အမာခံကစားသမားအများစုနှင့် လမ်းခွဲခဲ့သောကြောင့် လူငယ်များဖြင့် ပြန်လည်ဖွဲ့စည်းယှဉ်ပြိုင်သွားမည်ဟု ဧရာဝတီအသင်းနည်းပြချုပ် ဆို

အမာခံကစားသမားအများစုနှင့် လမ်းခွဲခဲ့သောကြောင့် လူငယ်များဖြင့် ပြန်လည်ဖွဲ့စည်းယှဉ်ပြိုင်သွားမည်ဟု ဧရာဝတီအသင်းနည်းပြချုပ် ဆို
Photo: Nyi Nyi Soe Nyunt
Photo: Nyi Nyi Soe Nyunt
Published 22 January 2021

ဧရာဝတီအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ၂၀၂၀ ရာသီကုန်တွင် အမာခံကစားသမားအများစုနှင့် လမ်းခွဲခဲ့သောကြောင့် လာမည့်ရာသီတွင် လူငယ်ကစားသမားအများစုဖြင့် ပြန်လည်ဖွဲ့စည်းကာ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဧရာဝတီအသင်းသည် ၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲ တတိယဆုရအသင်းတွင် အမာခံအဖြစ် ပါဝင်ကစားခဲ့သူအများစုကို စာချုပ်သက်တမ်းမတိုးဘဲ လမ်းခွဲခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရာသီက ပုံမှန်ကစားခွင့်ရသူများအနက် တိုက်စစ်မှူး သန်းထက် အောင်နှင့် ကွင်းလယ်ကစားသမား အောင်နိုင်ဝင်းတို့သာ ကျန်ရှိတော့ခြင်းဖြစ်သည်။ 

ဧရာဝတီအသင်းသည် ၂၀၂၀ ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည့် လွင်မိုးအောင်၊ စိုးမိုးကျော်၊ ကျော်ဇင်ဖြိုး (ဂိုး)၊ ဇော်လင်း၊ ဇော်ဝင်း၊ တင်ဝင်းအောင်၊ သီဟ ဇော်၊ ဝင်းနိုင်ထွန်း၊ ရဲလင်းထက်၊ ကျော်ဇင်လွင် စသည့်ကစားသမားများနှင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်။  

ထို့ကြောင့် ဧရာဝတီအသင်းသည် လာမည့်ရာသီ MNL ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ရန် လူငယ်ကစားသမားများဖြင့် ပြန်လည်တည်ဆောက်ရမည်ဖြစ်ပြီး အသင်းအသုံးစရိတ်ကိုလည်း လျှော့ချထားသောကြောင့် နာမည်ကြီးကစားသမားများ ခေါ်ယူနိုင်မည်မဟုတ်ကြောင်း သိရသည်။ 

"ပြီးခဲ့တဲ့ရာသီကုန်မှာ စာချုပ်ကုန်ဆုံးခဲ့တဲ့ အမာခံကစားသမားအများစုနဲ့ လမ်းခွဲလိုက်တာကြောင့် အသင်းမှာ  ကစားသမားနည်းနည်းပဲ ကျန်ပါတော့တယ်။ အသင်းကလည်း လာမယ့်ရာသီမှာ အသုံးစရိတ် လျှော့ချထားတာကြောင့် နာမည်ကြီးကစားသမားတွေ ပြန်ခေါ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် လူငယ်ကစားသမားတွေနဲ့ပဲ အသင်းကိုပြန်လည်တည် ဆောက်ရမှာဖြစ်ပြီး ယူ-၂၁ အသင်းက ကစားသမားတချို့ကိုလည်း ခေါ်ယူဖို့ရှိပါတယ်။ ကစားသမား အပြောင်းအလဲအများကြီးရှိတာကြောင့် အသင်းသစ်တစ်သင်းပုံစံ ပြန်လည်တည်ဆောက်ရမှာဖြစ်ပါတယ်"ဟု နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက Eleven Sports သို့ ပြောကြားခဲ့သည်။

ဦးမျိုးလှိုင်ဝင်းသည် ၂၀၁၉ ရာသီတွင် ဧရာဝတီအသင်းသို့ (၅)နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး စာချုပ်သက်တမ်း (၃)နှစ်ကျန်ရှိနေကာ လာမည့်ရာသီတွင်လည်း အသင်းအား ဆက်လက်ကိုင်တွယ်မည်ဖြစ်ကြောင်း သိရသည်။ 

ဧရာဝတီအသင်းသည် ၂၀၁၉ နှင့် ၂၀၂၀ ရာသီတွင် ပြည်တွင်းကစားသမားကောင်းများခေါ်ယူကာ ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့သော်လည်း ၂၀၂၀ ရာသီကုန်တွင် ငွေကြေးသုံးစွဲမှုလျှော့ချနိုင်ရန် အမာခံကစားသမားများအား ထွက်ခွာခွင့်ပေးခဲ့ခြင်းဖြစ်သည်။ ဧရာဝတီအသင်းသည် ၂၀၁၉ MNL ပြိုင်ပွဲတွင် ဒုတိယ၊ ၂၀၂၀ MNL ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည်။

Most Read

Most Recent