၂၀၂၀ ရွေးကောက်ပွဲရလဒ် အငြင်းပွားမှုများနှင့်ပတ်သက်၍ နိုင်ငံရေးအကျပ်အတည်းများကို ကျော်လွှားနိုင်ရန် ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နည်းလမ်းရှာဖြေရှင်းပေးရန် တပ်မတော် သဘောထားထုတ်ပြန်

၂၀၂၀ ရွေးကောက်ပွဲရလဒ် အငြင်းပွားမှုများနှင့်ပတ်သက်၍ နိုင်ငံရေးအကျပ်အတည်းများကို ကျော်လွှားနိုင်ရန် ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နည်းလမ်းရှာဖြေရှင်းပေးရန် တပ်မတော် သဘောထားထုတ်ပြန်
Published 20 January 2021
ဆန်းမိုးထွန်း

၂၀၂၀ ရွေးကောက်ပွဲရလဒ် အငြင်းပွားမှုများနှင့်ပတ်သက်၍ နိုင်ငံရေးအကျပ်အတည်းများကို ကျော်လွှားနိုင်ရန် ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နည်းလမ်းရှာဖြေရှင်းပေးရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၂၀ ရက် ညပိုင်းတွင် သဘောထားထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၌ ပြည်သူလူထုလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်အား တပ်မတော်အစိုးရက ဦးဆောင်၍ အကောင်အထည်ဖော်မှုများ၊ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ် နိုဝင်ဘာတွင် ကျင်းပခဲ့ပြီး ပြည်သူ့ဆန္ဒနှင့်အညီ ရွေးကောက်တင်မြှောက်သည့် ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် ဖွဲ့စည်းခဲ့သည့် ဒီမိုကရေစီအစိုးရထံ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ပထမအကြိမ် အစိုးရအလွန်ကာလ ၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် ကျင်းပခဲ့သည့် လွတ်လပ်၍တရားမျှတသော ပါတီစုံ အထွေထွေရွေးကောက်ပွဲရလဒ်အရ အနိုင်ရပါတီ၏ အစိုးရဖွဲ့စည်းမှုတွင် အငြင်းပွားဖွယ်အချို့ ရှိခဲ့သည့်တိုင် ပြည်သူလူထုဆန္ဒနှင့်ထပ်တူ ဒီမိုကရေစီထောက်ခံအားပေးသည့် တပ်မတော်ကလည်း လက်ခံခဲ့ကြောင်း၊ ရွေးကောက်ပွဲရလဒ်အရ ဖွဲ့စည်းခဲ့သည့် အစိုးရကာလတစ်လျှောက်တွင်လည်း တပ်မတော်က ထမ်းဆောင်ရမည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး ဒီမိုကရေစီလျှောက်လှမ်းမှုတွင်လည်း ပါဝင်ခဲ့ကြောင်း ပါရှိသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအကြိုကာလတွင် နိုင်ငံရေးပါတီများ၏ တရားဝင်ထုတ်ပြန်ချက်၊ သတင်းစာရှင်းလင်းပွဲများ၊ မီဒီယာများသို့ ပြောကြားချက်များနှင့် သတင်းမီဒီယာများ၏ သတင်းဖော်ပြချက်များအရ ဆန္ဒမဲပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ခဲ့ကြောင်း၊ ရွေးကောက်ပွဲများသည် ဒီမိုကရေစီစနစ်အတွက် အဓိကကျသောကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်၏ ရိုးသားစွာမှားယွင်းမှုနှင့် ရည်ရွယ်ချက်ရှိသော မှားယွင်းမှုအားလုံးကို အစိုးရအနေဖြင့် တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ကြီးကြပ်ရန် တာဝန်ရှိကြောင်း၊ အစိုးရတစ်ရပ်၏ တာဝန်ကျေပွန်မှုကို နောက်ဆုံးရွေးကောက်ပွဲကာလအထိ မှတ်ကျောက်တင်ခံရမည်မှာ နိုင်ငံရေးဖြစ်စဉ်တစ်ရပ်ပင်ဖြစ်ပြီး ရွေးကောက်ပွဲအကြိုကာလတွင် တပ်မတော်က သတိပေးထုတ်ပြန်ခဲ့ကြောင်း၊ အမေရိကန်အခြေစိုက် International Foundation for Electoral system (IFES) က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကွန်ပျူတာများ ထောက်ပံ့ပေးခဲ့မှုများနှင့်စပ်လျဉ်း၍ လွှတ်တော်တွင် ထောက်ပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ပြည်ပအထောက်အပံ့ရယူခြင်းဖြင့် မြန်မာ့ရွေးကောက်ပွဲတွင် ပြည်ပက ဝင်ရောက်စွက်ဖက်နိုင်ခြေကိုလည်း တွေ့ရှိရကြောင်း ဖော်ပြထားသည်။

ထို့ပြင် ရွေးကောက်ပွဲအကြိုကာလတွင် နိုင်ငံရေးပါတီများ၏ မူဝါဒသဘောထားများကို ပြည်သူသို့ ချပြရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဖြတ်တောက်မှုများလည်း ရှိခဲ့သော်လည်း လက်ရှိအာဏာရပါတီ၏ မူဝါဒသဘောထားများ၊ မဲဆွယ်စည်းရုံးမှုများကိုမူ လွတ်လပ်စွာဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် အာဏာရပါတီနှင့် အခြားနိုင်ငံရေးပါတီများအကြားတွင် တရားမျှတမှုမရှိသည့် အခြေအနေရှိခဲ့ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် COVID-19 ကို အကြောင်းပြ၍ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ညွှန်ကြားချက်အမျိုးမျိုး ပြင်ဆင်ထုတ်ပြန်ခဲ့ခြင်းများကိုလည်း တွေ့ရှိရကြောင်း ဖော်ပြထားသည်။

ရွေးကောက်ပွဲရလဒ်သည် ပြည်သူ့ဆန္ဒဖြစ်၍ လက်ခံသင့်သည်မှာ မှန်သော်လည်း ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့နှင့် ရွေးကောက်ပွဲအလွန်တွင် ဖြစ်ပွားခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများအရ လိုအပ်ပါက တပ်မတော်သား မဲဆန္ဒရှင်များက ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းနိုင်ရန်အတွက် လိုအပ်သည့်စာရွက်စာတမ်းများကို ဥပဒေနှင့်အညီ ကူးယူခွင့်တောင်းခံသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်မညီကြောင်းကိုသာ ပြန်လည်သတင်းထုတ်ပြန်ခဲ့ကြောင်း၊ တပ်မတော်၏ မဲစာရင်းစိစစ်တွေ့ရှိချက်များ ထုတ်ပြန်ခဲ့မှုနှင့်စပ်လျဉ်း၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အခြေခံထုတ်ပြန်သည့် မဲစာရင်းမှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် မဲပေးသည့် နောက်ဆုံးမဲစာရင်းမဟုတ်ကြောင်း စသည်ဖြင့် ဖော်ပြပါရှိသည့် ထုတ်ပြန်ချက်တစ်ရပ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားသည်။

တပ်မတော်၏ မဲစာရင်းစိစစ်တွေ့ရှိချက်များကို ထုတ်ပြန်ရာတွင် မြို့နယ်ပေါင်း ၃၁၄ မြို့နယ်ကို စိစစ်ခဲ့ရာ မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၂၉၄၅၆၂၁၊ မဲမသမာမှုုဖြစ်နိုင်သည့် အခြားမဲစာရင်း ၄၆၇၈၁၀၄ စုစုပေါင်း ၇၆၂၃၇၂၅ ကို စိစစ်တွေ့ရှိခဲ့ကြောင်း၊ ဆက်လက်၍ တိုင်းနှင့် ပြည်နယ်အလိုက် မြို့နယ်တစ်ခုနှင့် တစ်ခု အပြန်အလှန်စစ်ဆေးမှု ပြုလုပ်ရာတွင် တိုင်းနှင့် ပြည်နယ် ငါးခုတွင် သာမန်အားဖြင့် မသိနိုင်ဘဲ မဲမသမာမှုပြုနိုင်သည့် အပြန်အလှန်ပါဝင်နေသော မဲစာရင်း ၂၅၀၀၀၉ ကို စိစစ်တွေ့ရှိခဲ့ကြောင်း၊ ကျန်ရှိနေသည့် တိုင်းနှင့် ပြည်နယ်အလိုက် မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်စစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင်တိုင်းနှင့် ပြည်နယ် တစ်ခုနှင့်တစ်ခု အပြန်အလှန်စစ်ဆေးမှု ပြုလုပ်မည်ဆိုပါက မဲစာရင်းအပြန်အလှန် ပါဝင်နေမှု ပိုမိုများစွာ တွေ့ရှိနိုင်ကြောင်း ပါရှိသည်။

တပ်မတော်၏ မဲစာရင်းစိစစ်တွေ့ရှိချက်များတွင် အသက် ၁၀၀ နှင့် အထက် မဲစာရင်းတွင် ပါဝင်နေသူ ၁၈၃၅၂ ဦး၊ အသက် ၁၈ နှစ်မပြည့်ဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၁၁၉၄ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၄၆၄၇၁၉၇ ဦး၊ နိုင်ငံရေးစိစစ်ရေးကတ် အမှတ်တူနေသူ ၂၉၄၅၆၂၁ ဦး၊ အခြား(သေဆုံးပြီးသူ၊ ငယ်ရွယ်ခွန်းသူ စသည်ဖြင့်) ၆၁၃ ဦးရှိသည်ကို တွေ့ရကြောင်း၊ မဲစာရင်းထပ်နေမှုကို ကြည့်ခြင်းအားဖြင့် မဲမသမာမှုဖြစ်နိုင်သည့် အခြေအနေများရှိသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် မဲစာရင်းများကို စိစစ်ထုတ်ပြန်နေခြင်းသည် လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာသည့် အထွေထွေရွေးကောက်ပွဲရလဒ်ကို သံသယကင်းရှင်းစွာ အသိအမှတ်ပြုလိုခြင်းဖြစ်ကြောင်း၊ မည့်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမျှ ထိခိုက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ထုတ်ပြန်ခြင်းမဟုတ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှားသည်၊ မှန်သည်ကို ဖြေရှင်းပေးရန်သာ ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ယင်းအခြေအနေများအရ ပြည်ထောင်စုရွေးကောက်ပွဲကောက်မရှင်၏ ဆောင်ရွက်ချက်များသည် အပြီးအပြတ်ဖြစ်သည်ဟုဆိုရုံမျှဖြင့် လုံလောက်မည်မဟုတ်ကြောင်း၊ မဲမသမာမှုများ ရှိခဲ့မည်ဆိုလျှင် ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်ခြင်း မပြုနိုင်သောကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းမှုကို ပြုသင့်ကြောင်း တိုက်တွန်းထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်စုံတစ်ရာ ဖြေရှင်းပေးမှု မပြုခဲ့သဖြင့် ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများကို ကျန်ရှိသည့် လွှတ်တော်သက်တမ်းအတွင်း ဆွေးနွေးအဖြေရှာနိုင်ရေး ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူကျင်းပနိုင်ရန် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ စုစည်းတောင်းဆိုမှုတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါင်းစုပါဝင်ခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်က ငြင်းဆန်ခဲ့ကြောင်း ဖော်ပြထားသည်။

တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၊ ပုဒ်မခွဲ(င) အရ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိပြီး ပုဒ်မခွဲ (စ) အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိမှုတို့အရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးကိုသာ တပ်မတော်၏ ဒီမိုကရေစီလိုလားမှုအရ ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပါတီနိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်ခြင်းမရှိသည့်အပြင် စစ်မှန်သည့် ဒီမိုကရေစီကို လိုလားသည့်အတွက် ရွေးကောက်ပွဲအား အနှောင့်အယှက်ကင်း၍ ငြိမ်းချမ်းစွာဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး အပြည့်အဝတာဝန်ယူ ကူညီဆောင်ရွက်ခဲ့ကြောင်း ပါရှိသည်။

တပ်မတော်အပါအဝင် အခြားသောနိုင်ငံရေးပါတီများအနေဖြင့် လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲရလဒ်ဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင်မည်ဆိုလျှင် ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်စေမည်ဖြစ်၍ ပြည်သူ့ဆန္ဒနှင့်အညီ လက်ခံသွားမည်သာဖြစ်ကြောင်းနှင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေးရှု၍ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်စေရန် ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နည်းလမ်းရှာဖြေရှင်းပေးရန် သဘောထားထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြထားသည်။

Most Read

Most Recent