လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီအသင်း အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည့် ဝိန်းရွန်နီက ကစားသမားဘဝကို သတိရ သော်လည်း အခန်းကဏ္ဍသစ်ဖွင့်လှစ်ရန် အတွက် နည်းပြရာထူးကို လက်ခံခဲ့ခြင်းဖြစ် ကြောင်း ပြောကြားသည်။
အသက် (၃၅) နှစ်ရှိပြီဖြစ်သည့် အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ရွန်နီသည် ဒါဘီအသင်း ယာယီနည်းပြအဖြစ် ဆောင်ရွက်နေရာမှ သောကြာနေ့တွင် အမြဲ တမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိသည့် နှစ်နှစ်ခွဲ စာချုပ် ချုပ်ဆိုထားသည်။ ရွန်နီသည် ပြီးခဲ့ သည့်နှစ် ဇန်နဝါရီတွင် ဒါဘီအသင်းသို့ ကစား သမား-နည်းပြအဖြစ် ပြောင်းရွှေ့လာခြင်းဖြစ် ပြီး နိုဝင်ဘာတွင် နည်းပြ ဖီးလစ်ကိုကူး ထုတ် ပယ်ခံရပြီးနောက် လီယန်ရိုဆီနီယာ၊ ရှေးဂစ် ဗင်၊ ဂျပ်စတင်ဝေါ်လ်ကာတို့နှင့်အတူ ပူးတွဲ ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ရသည်။ ဒါဘီအသင်းအနေဖြင့် နှစ်ပွဲဆက် ရှုံးနိမ့်ပြီး နောက် ရွန်နီတစ်ဦးတည်းကိုသာ ယာယီ နည်းပြအဖြစ် ပြောင်းလဲတာဝန်ယူစေခဲ့ပြီး တစ်လခွဲဝန်းကျင်အကြာမှာပင် အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ရွန်နီ သည် ဒါဘီအသင်း နည်းပြရာထူးကို လက်ခံ ခဲ့သောကြောင့် ကစားသမားဘဝမှ အနားယူ ပြီဖြစ်ကြောင်း သောကြာနေ့တွင် အတည်ပြု ကြေညာခဲ့သည်။

''ဒါက ကျွန်တော့်အတွက် အခန်းကဏ္ဍ သစ်ပါပဲ။ တကယ်တော့ ကစားသမားဘဝကို လည်း သတိရပါတယ်။ ဒါပေမဲ့ အချိန်က လူ ကိုမစောင့်ပါဘူး။ ပွဲကစားနေတဲ့အချိန် ကွင်း ဘေးစည်းကနေ မတ်တတ်ရပ်နေရတာ ဒါမှ မဟုတ် အစီအစဉ်ရေးဆွဲရတာ၊ ကစားသမား တွေကို စီမံခန့်ခွဲရတာက လုံးဝကွဲပြားခြားနား တဲ့ စိတ်ခံစားမှုပါပဲ။ ဘရိုင်ယန်ကလော့ချ်၊ ဂျင်စမစ်၊ ဖရန့်လမ်းပတ်နဲ့ ဖီးလစ်ကိုကူးတို့လို လမ်းစဉ်မျိုးလိုက်ဖို့ အခွင့်အရေးပေးခံရတာ က ဆုလာဘ်တစ်ခုပါ။ ကျွန်တော့်အနေနဲ့ ဒီကလပ်ရဲ့ သမိုင်းအစဉ်အလာအတွက် အကောင်းဆုံးကြိုးစားသွားမယ်ဆိုတာ အသင်း မှာရှိသူတွေ၊ ပရိသတ်တွေနဲ့ နည်းပြအဖွဲ့ဝင် အားလုံးကို ကတိပေးနိုင်ပါတယ်'' ဟု ရွန်နီက ပြောကြားသည်။\

ဒါဘီအသင်းသည် စနေနေ့က ရော့သာ ဟမ်အသင်းနှင့်ပွဲမတိုင်မီ ရွန်နီ တာဝန်ယူ ကိုင်တွယ်သည့် ပြိုင်ပွဲစုံ ၁၀ ပွဲ (အမှတ်ပေးပွဲ ကိုးပွဲ၊ FA ဖလားတစ်ပွဲ) တွင် သုံးပွဲနိုင်၊ လေးပွဲ သရေကျကာ သုံးပွဲရှုံးနိမ့်ထားသည်။ ရွန်နီ သည် ကစားသမားဘဝတွင် ပရီးမီးယားလိဂ် ချန်ပီယံ ငါးကြိမ်၊ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် ဖလား တစ်ကြိမ်စီအပါအဝင် အောင်မြင်မှု များစွာ ရယူနိုင်ခဲ့သလို မန်ယူအသင်းအတွက် သမိုင်းတစ်လျှောက် ဂိုးအများဆုံး (၂၅၃ ဂိုး) နှင့် အင်္ဂလန်အသင်းအတွက် ဂိုးအများဆုံး (၅၃ ဂိုး) အဖြစ် စံချိန်တင်ထားသည်။















