ရန်ကုန်တိုင်းဒေသကြီးရှိ COVID-19 ကုသရေးဆေးရုံကြီးများနှင့် စင်တာများတွင် လူနာဦးရေ သိသိသာသာ ကျဆင်းသွားပြီး လက်ရှိ လူနာ ၃၄၀၀ ကျော်သာ ကျန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောကြားသည်။
“ဇန်နဝါရီ ၂ ရက်က ဆိုရင်တော့ ရန်ကုန်တိုင်းဒေသကြီးက လူနာအသစ်ဆိုရင် အားလုံးသိတဲ့အတိုင်းပဲ ၂၀၀ ကျော်အထိကို လျော့ကျသွားတဲ့ အခြေအနေပါပဲ။ အဲဒီလောက်အထိ လျော့လာပြီ ဖြစ်ပါတယ်။ အဲဒါနဲ့ တပြိုင်တည်းမှာပဲ ဆေးရုံတွေ ကုသရေးစင်တာ ၁၃ ခု ရှိပါတယ်။ နောက်တစ်ခါ တပ်မတော်ဘက်မှာဆိုရင် ကုသရေးစင်တာ အားလုံး လေးခု ရှိပါတယ်။ နောက် ဆေးရုံတွေမှာလည်း လက်ခံကုသနေရတာ ရှိပါတယ်။ ဆေးရုံအားလုံးပေါင်း ၄၅ ရုံပါ။ အဲဒီနေရာတွေ အားလုံးပေါင်း လူနာက ၃၄၀၀ လောက်ပဲ ရှိတော့တဲ့ အခြေအနေပါပဲ။ ဒါနဲ့ပတ်သက်ပြီးတော့လည်း နိုင်နိုင်နင်းနင်း ကုသနိုင်တဲ့ အခြေအနေရှိပါတယ်” ဟု ဒေါက်တာထွန်းမြင့်က ပြောကြားသည်။
မြန်မာနိုင်ငံ၌ လူတစ်သန်းတွင် COVID-19 ရောဂါ ဖြစ်ပွားသူ ၂၂၅၂ ဦးနှုန်း ရှိနေပြီး ပိုးတွေ့နှုန်း ကျလာသော်လည်း ရောဂါဖြစ်ပွားသူ လူနာများအနက် သေဆုံးနှုန်း (CFR) မှာ ၂ ဒသမ ၁ ရာခိုင်နှုန်း ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်အရ သိရသည်။
ဇန်နဝါရီလ ၃ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၂၆၀၀၀ ကျော်ရှိပြီး လူဦးရေ တစ်သန်းတွင် ရောဂါဖြစ်ပွားနှုန်း ၂၂၀၀ ကျော်ရှိကြောင်းနှင့် သေဆုံးသူ ၂၇၀၀ ကျော်ရှိပြီး လူဦးရေ တစ်သန်းတွင် သေဆုံးမှုနှုန်း ၄၈ ဦးရှိရာ ရောဂါဖြစ်ပွားသူ လူနာများအနက်သေဆုံးနှုန်း (CFR) ၂ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
လက်ရှိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် COVID-19 ပိုးတွေ့နှုန်း ငါးရာခိုင်နှုန်း အောက်သို့ ရောက်ရှိလာပြီ ဖြစ်သော်လည်း ပိုးတွေ့လူနာများအနက် သေဆုံးသူ ဦးရေမှာ ၁၅ မှ ၂၀ ဝန်းကျင် နေ့စဉ်ရှိနေပြီး သိသိသာသာ ကျဆင်းသွားခြင်း မရှိသေးကြောင်း သိရသည်။
ဓာတ်ခွဲအတည်ပြု လူနာများနှင့် အနီးကပ် ထိတွေ့သူများ၊ အသွားအလာ ကန့်သတ်ထားရှိသူများနှင့် စောင့်ကြည့်လူနာများ၏ ဓာတ်ခွဲနမူနာများကို ရယူစစ်ဆေးချက်အရ COVID-19 ပိုးတွေ့ရှိနှုန်းမှာ နိုဝင်ဘာ ၃၀ ရက်တွင် ၇ ဒသမ ၇ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၁ ရက်တွင် ၇ ဒသမ ၈ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၂ ရက်တွင် ၇ ဒသမ ၂ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၃ ရက်တွင် ၆ ဒသမ ၂ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၄ ရက်တွင် ၇ ဒသမ ၀ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၅ ရက်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၆ ရက်တွင် ၆ ဒသမ ၀ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၇ ရက်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၈ ရက်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၉ ရက်တွင် ၆ ဒသမ ၉ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၁၀ ရက်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၁၁ ရက်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၁၂ ရက်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၁၃ ရက်တွင် ၆ ဒသမ ၁ ရာခိုင်နှုန်း ၊ ဒီဇင်ဘာ ၁၄ ရက်တွင် ၆ ဒသမ ၁ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၁၅ ရက်တွင် ၄ ဒသမ ၈ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၁၆ ရက်တွင် ၅ ဒသမ ၃ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၁၇ ရက်တွင် ၅ ဒသမ ၁ ရာခိုင်နှုန်းနှင့် ဒီဇင်ဘာ ၁၈ ရက်တွင် ၄ ဒသမ ၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၁၉ ရက်တွင် ၄ ဒသမ ၄ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၂၀ ရက်တွင် ၄ ဒသမ ၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၂၁ ရက်တွင် ၄ ဒသမ ၀ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၂၂ ရက်တွင် ၄ ဒသမ ၁ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၂၃ ရက်တွင် ၄ ဒသမ ၀ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၂၄ ရက်တွင် ၄ ဒသမ ၃ ရာခိုင်နှုန်းနှင့် ဒီဇင်ဘာ ၂၅ ရက်တွင် ၃ ဒသမ ၉ ရာခိုင်နှုန်း ၊ ဒီဇင်ဘာ ၂၆ ရက်တွင် ၃ ဒသမ ၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၂၇ ရက်တွင် ၃ ဒသမ ၇ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၂၈ ရက်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၂၉ ရက်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၃၁ ရက်တွင် ၃ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ၂ ဒသမ ၆ ရာခိုင်နှုန်း၊ ဇန်နဝါရီ ၂ ရက်တွင် ၃ ဒသမ ၆ ရာခိုင်နှုန်း၊ ဇန်နဝါရီ ၃ ရက်တွင် ၄ ဒသမ ၁ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ COVID-19 အတည်ပြု လူနာများ၏ ဓာတ်ခွဲနမူနာအချို့မှ SARS-CoV-2 ဗိုင်းရပ်စ်၏ မျိုးဗီဇ ပြောင်းလဲမှု ရှိ၊ မရှိ စစ်ဆေးရာ ဗိုင်းရပ်စ်မျိုးကွဲသစ် VUI 202012/ 01 (Lineage: B.1.1.7) နှင့် 501.V2 မဟုတ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဒီဇင်ဘာ ၃၀ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့သည်။















