မူဆယ်မြို့ နယ်စပ်ရှိ နှစ်နိုင်ငံနယ်စပ်ပေါက် မန်းဝိန်းဂိတ်အား ၁၀ ရက်ကြာ ၂၄ နာရီ ယာယီ ကုန်စည်ဖြတ်သန်းခွင့်ပြုမည်

မူဆယ်မြို့ နယ်စပ်ရှိ နှစ်နိုင်ငံနယ်စပ်ပေါက် မန်းဝိန်းဂိတ်အား ၁၀ ရက်ကြာ ၂၄ နာရီ ယာယီ ကုန်စည်ဖြတ်သန်းခွင့်ပြုမည်
Published 3 January 2021
ပြည့်စုံ (မူဆယ်)

COVID-19 ဖြစ်ပွား‌နေစဉ် ကာလအတွင်း တစ်နှစ်နီးပါးကြာ၌ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ရှိ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ် မန်းဝိန်းဂိတ်အား တရုတ်နိုင်ငံက ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့စေရေးအတွက် ကုန်တင်ယာဉ်များအား ဇန်နဝါရီလ ၅ ရက်မှ ၁၄ ရက်အထိ ၁၀ ရက်ကြာ ၂၄ နာရီ ယာယီ ကုန်စည်ဖြတ်သန်းခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့် ၊ ၁၀၅ မိုင် ကုန်သွယ်‌ရေးဇုန် တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေး၊ ခရိုင်မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်  ယူနန်ပြည်နယ်အစိုးရ ရွှေလီမြို့ ဒုတိယမြို့‌တော်ဝန် ကျယ်ဂေါင်စီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးရေးဇုန်တာဝန်ခံ မစ္စတာ Yang Shi Yong တို့ဦးဆောင် ပါဝင်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ တာဝန်ရှိသူများသည် နှစ်နိုင်ငံနယ်စပ် အစည်းအဝေးကို  မူဆယ်မြို့ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ် အမှတ် (၁) နန်းတော်ဂိတ်၌ ဇန်နဝါရီ ၂ ရက် မွန်းလွဲ ၁  နာရီခန့်မှ ညနေ ၂ နာရီခွဲခန့်အထိ ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံ နယ်စပ်ဒေသ တာဝန်ရှ်ိသူများ အစည်းအဝေးတွင် ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့စေရေးအတွက် ကုန်တင်ယာဉ်များအား ဇန်နဝါရီလ ၅ ရက်မှ ၁၄ ရက်အထိ ၁၀ ရက်ကြာ ၂၄ နာရီ ယာယီ  အချိန်တိုးမြှင့် ကုန်စည်ဖြတ်သန်းခွင့် ပြုမည့်ကိစ္စအား ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ ကျွန်တော်တို့ နှစ်နိုင်ငံ တာဝန်ရှိသူ‌တွေနဲ့ ဆွေးနွေးတဲ့အခါမှာ ၅ ရက်နေ့က ၁၄ ရက်နေ့အထိ ၁၀ ရက် ယာယီ စမ်းသပ်ပြီးတော့ ဖွင့်တာရယ်၊ နောက်တစ်ခုက တဂုတ်ဘက်ကို တရားခံတွေ လွှဲပေးတဲ့အခါ သူ့နိုင်ငံသားကို နန်း‌တော်ဂိတ်မှာ ကိုဗစ်စစ်ပြီးမှ လက်ခံမယ့်အကြောင်းရယ်၊ ကုန်စည်‌တွေက‌တော့ ပုံမှန်သွားနေပါတယ်” ဟု မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်က ပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်စည်ကူးသန်း ရောင်းဝယ်ရာ၌ လျင်မြန်လွယ်ကူ ချောမွေ့စေရေး၊ နှစ်နိုင်ငံ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု ထိရောက်စွာ ကာကွယ်တာဆီးရေး၊ နှစ်နိုင်ငံ COVID-19 ရောဂါ ပူးပေါင်းကာကွယ် တိုက်ဖျက်ရေးတို့ကို ဆွေးနွေးရာတွင် COVID-19 ရောဂါ ဖြစ်ပွား‌နေစဉ် ကာလအတွင်း ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးအတွက် နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ် မန်းဝိန်းဂိတ်အား တရုတ်နိုင်ငံက ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့စေရေးအတွက် ကုန်တင်ယာဉ်များအား ဇန်နဝါရီ ၅ ရက်မှ ၁၄ ရက်အထိ ၁၀ ရက်ကြာ ၂၄ နာရီ ယာယီ အချိန်တိုးမြှင့် ကုန်စည်ဖြတ်သန်းခွင့် ပြုမည်ဖြစ်ကြောင်းတို့ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဆွေးနွေးရာတွင် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်နှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲ ရွှေလီမြို့ ဒုတိယမြို့‌တော်ဝန် ကျယ်ဂေါင်စီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးရေးဇုန်တာဝန်ခံ မစ္စတာ Yang Shi Yong  ဦးဆောင်သော တာဝန်ရှိသူများနှင့်  နှစ်နိုင်ငံကုန်သွယ်မှု အခြေအနေ၊ ကုန်သွယ်ရေးမြှင့်တင်မှု လုပ်ငန်းကိစ္စရပ်များ၊ နှစ်နိုင်ငံ ဝင်ထွက်ဂိတ်များ၌ ဖြတ်သန်းသွားလာနေသော ကုန်ယာဉ်ကြီးများ စနစ်တကျ လျင်မြန်လွယ်ကူ ဝင်ထွက်သွားနိုင်ရေးကိစ္စများ ၊၂၄ နာရီ ကုန်တင်ယာဉ် ယာယီ ဖြတ်သန်းစမ်းသပ်မှု အောင်မြင်ပါက ပိတ်ထားသော ဂိတ်တစ်ချို့အား ပြန်လည် ဖွင့်ပေးမည်ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများ အပြန်အလှန် ကူသန်းရောင်းဝယ် ဖြတ်သန်းနိုင်အောင် ပြုလုပ်မည့် ကိစ္စရပ်များ၊ COVID-19 ရောဂါ ကာကွယ်ရေး အစီအမံများနှင့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့နိုင်မှု အခြေအနေများကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“အခုယာယီ စမ်းသပ်မှု ၁၀ ရက်အပြီးမှာ သူ့ရဲ့အားနည်းချက် အားသာချက် နှစ်နိုင်ငံ ပြန်ဆွေးနွေးမယ်၊ နောက်ထပ် ဘယ်လိုလုပ်ရင် ပိုကောင်းမလဲဆိုတာ နည်းလမ်းတွေ ပြန်ရှာမှာပေါ့၊ အခုလို ဖွင့်ပေးလိုက်တော့ ကားတွေအများကြီး ဝင်လို့ရပြီ၊ ကားတွေ တန်းထားတာက ၂၀၀၀ နီးနီးလောက် ရှိတယ်၊ ၂၄ နာရီ ဖွင့်ပေးလိုက်တော့ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့လာတာပေါ့၊ ကားသမားတွေအတွက်လည်း အရင်က တစ်ပတ် နှစ်ပတ်လောက် စောင့်ရမည့်ဟာဆိုရင်လည်း အခုလို ဖွင့်ပေးလိုက်ရင် တစ်ရက် နှစ်ရက်နဲ့ အားလုံးဝင်လို့ရပြီ၊ မသာမာမှုတွေ လုပ်တာက ဌာနဆိုင်ရာအပိုင်းလေ၊ သူတို့ဟာသူတို့ ထိန်းမှာပေါ့လေ၊ ဒီလိုမျိုး မဖြစ်အောင်တော့ သူတို့လည်း စီစဉ်ထားမှာပေါ့၊ တရုတ်တွေရဲ့ တောင်းဆိုမှုကြောင့် ဖွင့်ပေးရတာကို ကျွန်တော်တို့ ထောက်ခံတယ်၊ လိုလားတယ်၊ ဒါမှ ကုန်စည်စီးဆင်းမှုက ပိုပြီးမြန်ဆန်လာလိမ့်မယ်၊ ကုန်စည်စီးဆင်းမှု ပိုကောင်းလာလေ နှစ်ဘက်နေ ပြည်သူလူထု အတွက်ကော၊ ကုန်သည်တွေအတွက်ကော၊ တောင်သူတွေအတွက်ကော၊ ကားသမားတွေအတွက်ကော ၊ကုန်စည်ပို့ဆောင်ရေး လုပ်တဲ့သူတွေအတွက်ကော ပိုပြီးတော့ အဆင်ပြေလာမှာပါ” ဟု မူဆယ် နမ့်ခမ်း ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးစိုင်းနွံ့က ပြောကြားသည်။

ယခင် မန်းဝင်ပေါက်၌ တရက်လျင် ပျှမ်းမျှ ကုန်တင်ယာဉ် ၉၀၀ စီးခန့် ဝင်ထွက်မှု ပြုလုပ်နေသော်လည်း ယခု COVID-19 ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း တရုတ်နိုင်ငံက သတ်မှတ်ထားသော အစားထိုး ယာဉ်မောင်းစနစ်နှင့် ရောဂါထိန်းချုပ်မှုကို တင်းတင်းကြပ်ကြပ် ကိုင်တွယ် လုပ်ဆောင်ခဲ့တာကြောင့် တရက်လျှင် ပျမ်းမျှကုန်တင်ယာဉ်  ၃၀၀  စီးခန့်သာ ဝင်ထွက်မှု ပြုလုပ်နိုင်ခဲ့ရာ မြန်မာနိုင်ငံဘက်မှ ပို့ကုန် ကုန်တင်ယာဉ် အစီးရေ ၂၀၀၀ နီးပါး တန်းစီစောင့်ဆိုင်းနေရပြီး တရုတ်နိုင်ငံအတွင်း၌လည်း မြန်မာပြည်ဘက် သွင်းကုန် ကုန်တင်ယာဉ်များ စောင့်ဆ်ိုင်းနေရခြင်း ဖြစ်သည်။

Most Read

Most Recent