၂၀၁၈ သြဂုတ်လနောက်ပိုင်း အနိမ့်ဆုံးနှုန်း ဖြစ်လာသော ၂၀၂၀ ငွေကြေးဖောင်းပွမှုနှုန်းနှင့် ဆက်လက် မြင့်တက်နေဆဲ စားသုံးသူစျေးဆနှုန်း

၂၀၁၈ သြဂုတ်လနောက်ပိုင်း အနိမ့်ဆုံးနှုန်း ဖြစ်လာသော ၂၀၂၀ ငွေကြေးဖောင်းပွမှုနှုန်းနှင့် ဆက်လက် မြင့်တက်နေဆဲ စားသုံးသူစျေးဆနှုန်း
ရန်ကုန်မြို့ရှိ စျေးရုံတစ်ရုံတွင် စျေးဝယ်ယူနေသူများကို တွေ့ရစဉ်  (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ စျေးရုံတစ်ရုံတွင် စျေးဝယ်ယူနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 28 December 2020
စည်သူအောင်

COVID-19 ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကြောင့် ပြည်တွင်းပြည်ပ ဝယ်လိုအား၊ ကုန်စည်စျေးနှုန်း အများစုနှင့် ကုန်ထုတ်လုပ်မှုများ ကျဆင်းလာခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ ငွေကြေးဖောင်းပွမှုနှုန်း သိသိသာသာ ကျဆင်းလာသောကြောင့် ၂၀၂၀ ပြည့်နှစ်အတွက် ထူးခြားသည့် စီးပွားရေး ဖြစ်စဉ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။

 မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၈ လဆက်တိုက် မြင့်တက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ငွေကြေး ဖောင်းပွမှု နှုန်း ၉ ဒသမ ၂၀ ရာ ခိုင်နှုန်းအထိ ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်၍ တဖြည်း ဖြည်းပြန်လည်ကျဆင်းခဲ့ရာ အောက်တိုဘာလတွင် ၂၀၁၈ ခုနှစ် သြဂုတ် လနောက်ပိုင်း အနိမ့်ဆုံးအဖြစ် ၅ ဒသမ ၂၁ ရာခိုင်နှုန်းအထိ ကျဆင်းလာခြင်းဖြစ်သည်။

ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းသည် ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ၁၈ လ ဆက်တိုက် မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည်မြင့်တက်ခဲ့ကာ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာနှင့် အောက်တိုဘာ (ရှစ်လဆက်တိုက်) တွင် ပြန်လည်ကျဆင်းခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာအထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate Inflation) မှာ ၅ ဒသမ ၂၁ ရာခိုင်နှုန်းဖြစ်ပြီး အစားအစာအုပ်စုနှင့် လောင်စာဆီ စျေးနှုန်းများ မပါဝင်ဘဲ တွက်ချက်ထားသော ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း (Annual Rate of Inflation – Core Inflation) မှာ ၁၀ ဒသမ ၄၇ ရာခိုင်နှုန်းရှိသည်။ နှစ်အလိုက် ငွေကြးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၁ ဒသမ ၅၀ ရာခိုင် နှုန်းဖြစ်ပြီး အစားအစာအုပ်စုနှင့် လောင်စာဆီစျေးနှုန်းများ မပါဝင်ဘဲ တွက်ချက်ထားသော နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation – Core Inflation) မှာ ၄ ဒသမ ၂၂ ရာခိုင်နှုန်းရှိသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် (၂၀၁၉ ခုနှစ် နိုဝင်ဘာမှ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာအထိ) တစ်နှစ်တာ ကာလအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၁၉ ခုနှစ် ဇွန်လတွင် ၉ ဒသမ ၅၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ဇူလိုင်တွင် လျှပ်စစ်ဓာတ်အားခနှုန်းထားများ မြင့်တက်လာခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၀ ဒသမ ၈၇ ရာခိုင်နှုန်းသို့ ဆက်လက် မြင့်တက်လာခဲ့သည်။ သို့ရာတွင် ၂၀၂၀ ပြည့်နှစ် မတ်လတွင် မြန်မာနိုင်ငံ၌ COVID-19 ဖြစ်ပွားလာမှုအစပြု၍ အိမ်ထောင်စုများ၏ သုံးစွဲမှုလျော့နည်းလာခြင်းနှင့် လောင်စာဆီစျေးနှုန်းများ ကျဆင်းလာခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းများ ကျဆင်းလာခဲ့ရာ အောက်တိုဘာလတွင် ၁ ဒသမ ၅၀ ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၆၃ ဒသမ ၀၀ ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၁ ဒသမ ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ယခင်လနှင့် နှိုင်းယှဉ်ပါက အောက်တိုဘာလတွင် အဝတ်အထည်၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု၊ အိမ်အသုံးအဆောင် ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု၊ ကျန်းမာရေးအုပ်စု၊ ပြင်ပအစားအသောက် အုပ်စုနှင့် အထွေထွေကုန်ပစ္စည်း အုပ်စုတို့မှာ အနည်းငယ် မြင့်တက်လာသော်လည်း အစားအစာအုပ်စု၊ ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စုနှင့် သယ်ယူပို့ဆောင်ရေးအုပ်စုတို့မှာ ယခင်လကထက် ကျဆင်းနေသည်။ သို့သော် ဆက်သွယ်ရေးအုပ်စုနှင့် ပညာရေးအုပ်စုတို့မှာ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေပြီး အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စုမှာ သိသာစွာ ပြောင်းလဲလာမှု မရှိကြောင်း သိရသည်။

စားသုံးသူစျေးဆနှုန်း၏ လအလိုက် ပြောင်းလဲမှု အခြေအနေမှာ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၂၀ ပြည့်နှစ် အောက်တိုဘာအတွက် တစ်နိုင်ငံလုံး၏ အစားအစာအုပ်စုအတွက် စားသုံးသူ စျေးဆနှုန်းမှာ ၁၇၆ ဒသမ ၃၁ ဖြစ်ပြီး အစားအစာ မဟုတ်သော အုပ်စုအတွက် စားသုံးသူ စျေးဆနှုန်းမှာ ၁၄၄ ဒသမ ၂၆ ရှိသည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် အုပ်စုအားလုံးအတွက် စားသုံးသူ စျေးဆနှုန်းမှာ ၁၆၃ ဒသမ ၀၀ ဖြစ်ပြီး ယခင်လ၏ စားသုံးသူ စျေးဆနှုန်း ၁၆၃ ဒသမ ၁၀ နှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၀၇ ရာခိုင်နှုန်း ကျဆင်းလာသည်။ Core Inflation တွက်ချက်ရန် စျေးနှုန်းတည်ငြိမ်မှု မရှိသည့် အစားအစာအုပ်စုနှင့် လောင်စာဆီ စျေးနှုန်းများမပါဝင်ဘဲ တွက် ချက်ထားသော ၂၀၂၀ ပြည့်နှစ် အောက်တို ဘာလ၏ စားသုံးသူစျေးဆနှုန်း (Core CPI) မှာ ၁၄၅ ဒသမ ၆၄ ဖြစ်ရာ ယခင်လ၏ Core CPI ဖြစ်သည့် ၁၄၅ ဒသမ ၇၁ နှင့်နှိုင်းယှဉ်ပါက ၀ ဒသမ ၀၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

စားသုံးသူ စျေးဆနှုန်း၏ နှစ်အလိုက် ပြောင်းလဲမှု အခြေအနေကို လေ့လာပါက ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ၏ စားသုံးသူစျေးဆနှုန်းမှာ ၁၆၃ ဒသမ ၀၀ ဖြစ်သဖြင့် ယခင်နှစ် အလားတူလ၏ အခြေအနေ ၁၆၀ ဒသမ ၅၈ နှင့်နှိုင်းယှဉ်ပါက ၁ ဒသမ ၅၀ ရာ ခိုင်နှုန်း မြင့်တက်လာသည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ၏ Core CPI  မှာ ၁၄၅ ဒသမ ၆၄ ဖြစ်ရာ ယခင်နှစ် အလားတူလ၏ Core CPI အခြေအနေ ၁၃၉ ဒသမ ၇၄ နှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၂၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ငွေကြေးဖောင်းပွမှုသည် ကာလအတန်ကြာ အထွေထွေစျေးနှုန်း မြင့်တက်လာခြင်းဖြစ်ပြီး လူအများ စားသုံးသည့် အခြေခံ ကုန်စည်များ၏ စျေးနှုန်းများ ဆက်တိုက်မြင့်တက်လာခြင်းကို ငွေကြေးဖောင်းပွမှု ရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။ အချိန်အတိုင်းအတာ တစ်ခု၌ စီးပွားရေး ရပ်ဝန်းအတွင်း ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ အထွေထွေစျေးနှုန်း မြင့်တက်လာသည့်အခါ တူညီသော ငွေကြေးယူနစ် ဖြစ်သော်လည်း ပိုမိုနည်းပါးသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတို့ကိုသာ ဝယ်ယူနိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့် ငွေကြေး ဖောင်းပွမှုသည် ငွေကြေး၏ဝယ်ယူနိုင်စွမ်း၊ ငွေကြေးယူနစ်၏ တန်ဖိုးကို လျော့ကျစေခြင်း ဖြစ်သည်။ ငွေကြေးဖောင်းပွမှုကို တိုင်းတာခြင်းကို ငွေကြေးဖောင်းပွမှုနှုန်း (Inflation Rate) ဟု ခေါ်ဆိုပြီး အထွေထွေစျေးနှုန်း အညွှန်းတစ်ရပ်ဖြင့် နှစ်စဉ်ရာခိုင်နှုန်း အပြောင်းအလဲကို ဖော်ပြကာ အဆိုပါ အညွှန်းကို စားသုံးသူ စျေးဆနှုန်း (CPI – Cosumer Price Index) ဟု ခေါ်ဆိုခြင်းဖြစ်သည်။

 

Most Read

Most Recent