COVID-19 ကုသရေးနှင့် အားကစားလောကမှ စေတနာ့ဝန်ထမ်းများ

COVID-19 ကုသရေးနှင့် အားကစားလောကမှ စေတနာ့ဝန်ထမ်းများ
စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့သည့် သီဟစည်သူ၊ ဘုန်းသစ္စာမင်း
စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့သည့် သီဟစည်သူ၊ ဘုန်းသစ္စာမင်း
Published 28 December 2020

ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ရင်ဆိုင်နေရသည့် COVID-19 ကပ်ရောဂါကို မြန်မာနိုင်ငံတွင်လည်း ကြုံတွေ့နေရပြီး ရောဂါကာကွယ်ကုသရေး လုပ်ငန်းများတွင် အလွှာပေါင်းစုံက ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိသလို အားကစားလောကမှလည်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ပြည်တွင်းအားကစားပြိုင်ပွဲများ အားလုံးနီးပါး ရပ်နားသွားခဲ့ရာ အားကစားသမားများ၊ အားကစားလောကမှ တာဝန်ရှိသူများအနေဖြင့် ကပ်ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများတွင် ပါဝင်ကူညီခဲ့ခြင်းဖြစ်သည်။ ငွေကြေးတတ်နိုင်သူများက လှူဒါန်းမှုများနှင့် ယာယီကုသရေးစင်တာများ တည်ဆောက်၍ ကူညီဆောင်ရွက်ပေးခဲ့သလို အခြားသူများကလည်း လုပ်အားဒါနဖြင့် ကုသရေးစင်တာများတွင် စေတနာ့ဝန်ထမ်းအဖြစ် ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ အားကစားလောကတစ်ခုလုံးမှ ပါဝင်ကူညီသူ အများအပြားရှိခဲ့သလို သီဟစည်သူ၊ မောင်မောင်လွင်၊ ကျော်မင်းဦး၊ ဘုန်းသစ္စာမင်း၊ ရဲရင့်အောင်စသည့် ဘောလုံးသမားများ၊ ခင်ဇော်လင်း၊ ကျော်စိုးမိုး၊ နိုင်ရဲကျော်၊ ဟိန်းမင်းစိုး၊ ခန့်ကိုကိုနိုင်၊ သီဟအောင်စသည့် ဖူဆယ်ကစားသမား ၅၀ ကျော်တို့က ဧရာဝတီစင်တာ ရန်ကုန်နှင့် မန္တလေး၊ အင်းယားစင်တာတို့တွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကူညီခဲ့ကြသည်။

စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့သည့် ခင်ဇော်လင်းနှင့် မောင်မောင်လွင်

ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်အပါအဝင် နာယက ဦးအောင်ကိုဝင်း၊ ဒုဥက္ကဋ္ဌများဖြစ်သည့် ဒေါက်တာစိုင်းဆမ်ထွန်းနှင့် ဦးပြည့်ဖြိုးတေဇ၊ MNL နှင့် MNL-2 ကလပ်အသင်းပိုင်ရှင်များကလည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသရေးလုပ်ငန်းများတွင် တတ်နိုင်သည့်ဘက်မှ လှူဒါန်းခဲ့ကြသည်။ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ရန်ကုန်နှင့် မန္တလေးမြို့တွင် ကုသရေး စင်တာနှစ်ခု တည်ဆောက်၍ ရောဂါကုသရေးအပြင် နေ့စဉ်နေထိုင်စားသောက်မှုအတွက်ပါ ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

ထို့ကြောင့် ကပ်ရောဂါကာလအတွင်း တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီပေးခဲ့သည့် တာဝန်ရှိသူများနှင့် အားကစားသမားများကို ၂၀၂၀ အားကစားထင်ရှားကျော်ကြားကဏ္ဍတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent