စံချိန်တင် ကမ္ဘာ့ရွှေစျေးနှင့် ကျပ် ၁၃၃၅၅၀၀ အထိ ခုန်တက်ပြီး လှုပ်ခတ်ခဲ့သည့် ပြည်တွင်းရွှေစျေးကွက်

စံချိန်တင် ကမ္ဘာ့ရွှေစျေးနှင့် ကျပ် ၁၃၃၅၅၀၀ အထိ ခုန်တက်ပြီး လှုပ်ခတ်ခဲ့သည့် ပြည်တွင်းရွှေစျေးကွက်
ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Published 28 December 2020
စည်သူအောင်

ကမ္ဘာ့ရွှေစျေးသည် သြဂုတ် ၇ ရက်တွင် ၂၀၇၅ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ခြင်းကြောင့် ပြည်တွင်းရွှေစျေးနှုန်းသည် ကျပ် ၁၃၃၅၅၀၀ အထိ စံချိန်သစ် ထပ်တင်ခဲ့သည်။ ၂၀၁၆ ခုနှစ်မှစ၍ နှစ်စဉ်စံချိန်သစ် တင်ခဲ့သော ရွှေစျေးနှုန်းသည် ၂၀၂၀ ပြည့်နှစ်တွင်လည်း ရိုးရာမပျက် ငါးနှစ်မြောက် စံချိန်သစ် စျေးနှုန်းများ ဖြစ်ပေါ်လာပြန်ခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်အတွင် ထင်းရှားသည့် စီးပွားရေးဖြစ်ရပ် တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။ 

အခြားနှစ်များထက် ပိုထူးခြားချက်မှာ  ကမ္ဘာ့ရွှေစျေး အကြိမ်ကြိမ်စံချိန်ချိုးမှုများနှင့် အတူ ပြည်တွင်းရွှေစျေး စံချိန်တင်မြင့်တက် လာခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်အတွင်း စျေး တန်းသုံးကြိမ်မြင့်တက်ခဲ့သည့် ပြည်တွင်း ရွှေစျေးနှုန်းသည် ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ၁၃၀၀၀၀၀ တန်းကို ကျော်လွန်ခဲ့ပြီး ယခု အဆိုပါစျေးတန်းကို ကျော်လွန်၍ စံချိန် သစ်တင်ခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းရွှေစျေး နှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ် တွင် ကျပ် ၁၁၀၀၀၀၀ တန်း၊ ကျပ် ၁၂၀၀၀၀၀ တန်း၊ ကျပ် ၁၃၀၀၀၀၀ တန်း၊ ၂၀၂၀ ပြည့်နှစ်တွင် ၁၃၃၅၅၀၀ အထိ စံချိန် တင်မြင့်တက်ခဲ့ပြီး ကျပ် ၁၄၀၀၀၀၀ တန်းကို မျှော်ကြည့်လာပြီဖြစ်သည်။

ပြည်တွင်းစျေးကွက်တွင် တစ်ခါမှ မဖြစ်ဖူးသေးသော ရွှေတစ်ကျပ်သား ကျပ် ၈၀၀၀၀၀ နှုန်းကို ၂၀၁၆ ခုနှစ်အတွင်း စတင်ဖြစ်ပေါ်ခဲ့ ပြီး ၂၀၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်မှစ၍ ကျပ် ၉၀၀၀၀၀ အထက်ဖြစ်ခဲ့သော ရွှေစျေးနှုန်းသည် လက်ရှိအချိန်အထိ ကျပ် ၉၀၀၀၀၀ အောက်ပြန်မဆင်းဘဲ လေးနှစ်အတွင်း စျေးတန်းလေးကြိမ် မြင့်တက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀ အထိ စံချိန်သစ် တင်ထားသည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၁၉ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်း အ ကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင် စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀  ဖြစ်သည်။

လက်ရှိ NLD အစိုးရ စတက်သော ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်တွင် ပြည်တွင်း ရွှေစျေးနှုန်း ကျပ် ၇၈၅၀၀၀ ဝန်းကျင်ရှိပြီး ကမ္ဘာ့ရွှေစျေးနှုန်း ၁၂၂၈ ဒေါ်လာဝန်းကျင်၊  နိုင်ငံခြားငွေလဲနှုန်း ကျပ် ၁၂၀၀ ဝန်းကျင်ရှိ သည်။ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက် ရွှေစျေး နှုန်းနှင့် ၂၀၁၆ ခုနှစ် မတ် ၃၁ ရက် ရွှေစျေးနှုန်း ကို နှိုင်းယှဉ်ကြည့်ပါက ရွှေစျေးနှုန်း တစ်ကျပ် သားလျှင် ကျပ် ၅၅၀၅၀၀ ဝန်းကျင်မြင့်တက် လာခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၇၀ ရာခိုင်နှုန်း ကျော် မြင့်တက်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ပြည်တွင်းရွှေစျေးနှုန်း တစ်ကျပ်သား ကျပ် ၆၀၀၀၀၀ ကျော်သာရှိပြီး ၂၀၂၀ ပြည့်နှစ် လက်ရှိစျေးနှုန်းနှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်း ၁၂၀ ဝန်းကျင်အထိ ရွှေစျေးမြင့်တက်လာခြင်း ဖြစ်သည်။

ကမ္ဘာတစ်ဝန်း ရွှေဝယ်လိုအား များပြားလာရသည့် အဓိကအကြောင်းရင်းများမှာ ဗဟိုဘဏ်များ၏ ရွှေဝယ်ယူမှု များပြားလာခြင်း၊ ရွှေရောင်းဝယ်ရေး ကုမ္ပဏီများ၏ အရန်သိုလှောင်မှု များပြားလာခြင်း၊ ကမ္ဘာတစ်ဝန်း နိုင်ငံရေး မငြိမ်သက်မှုများ၊ နိုင်ငံအသီးသီးရှိ ဗဟိုဘဏ်များက ဘဏ်တိုးနှုန်းကို လျှော့ချ၍ ငွေကြေးတန်ဖိုးများကို ကျဆင်းအောင် လုပ်ဆောင်နေခြင်း၊ ကမ္ဘာတစ်ဝန်း ရင်းနှီးမြှုပ်နှံသူများက နိုင်ငံတကာ ငွေကြေးစျေးကွက်အစား ရွှေစျေးကွက်အတွင်း ပြောင်းလဲရင်း နှီးမြှုပ်နှံလာခြင်း စသည်တို့ကြောင့်ဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍ ကမ္ဘာ့ရွှေစျေးကွက် စျေးနှုန်းအပြောင်းအလဲနှင့် နိုင်ငံခြားငွေလဲနှုန်း အတက်အကျ များပြားခြင်းကြောင့် ပြည်တွင်းရွှေစျေးနှုန်းလည်း လှုပ်ခတ်နေဦးမည် ဖြစ်သည်။ ငါးနှစ်ဆက်တိုက် နှစ်စဉ်နှစ်တိုင်း ရွှေစျေးထိပ်စီးပြောင်း၊ စျေးနှုန်းများစံချိန်တင် မြင့်တက်မှု သံသရာသည် ၂၀၂၀ ပြည့်နှစ်တွင်လည်း ဆက်လက် ဖြစ်ပေါ်လာခဲ့ပြီး ရွှေစျေးနှုန်း ၁၃၀၀၀၀၀ တန်းမှ ၁၄၀၀၀၀၀ တန်းကို လှုပ်ခတ်နေသော စျေးနှုန်းဝဲဂယက် အတွင်းက မျှော်ကြည့်ပြန်ပြီဖြစ်သည်။ အကြောင်းကြောင်းကြောင့် စျေးတက်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ ရွှေဆိုသည်မှာ မရှိဝမ်းစာ၊ ရှိတန်ဆာအဖြစ် ဝတ်ဆင်စုဆောင်းသူများ၊ အရောင်းအဝယ် ပြုလုပ်သူများ သတိထားရမည်သာ ဖြစ်သည်။

Most Read

Most Recent