ပေါင်းစည်းတိုင်းရင်းသားပါတီများ မျှော်လင့်သလို အောင်မြင်မှုမရခဲ့သည့်  ၂၀၂၀ ရွေးကောက်ပွဲ

ပေါင်းစည်းတိုင်းရင်းသားပါတီများ မျှော်လင့်သလို အောင်မြင်မှုမရခဲ့သည့်  ၂၀၂၀ ရွေးကောက်ပွဲ
နိုဝင်ဘာ ၈ ရက်က ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် စစ်တွေမြို့ရှိ မဲရုံတစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင်)
နိုဝင်ဘာ ၈ ရက်က ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် စစ်တွေမြို့ရှိ မဲရုံတစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင်)
Published 28 December 2020
ဉာဏ်လင်းထွန်း

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရပြီး လွှတ်တော်တွင် လူထုကို ကိုယ်စားပြုနိုင်ရေး ပြည်နယ်ငါးခုမှ တိုင်းရင်းသားပါတီများ ၂၀၁၇ နှစ်ကုန်ပိုင်းမှစ၍ ပြင်ဆင်လာခဲ့သော်လည်း မျှော်မှန်းရလဒ်များ ထွက်ပေါ်ခဲ့ခြင်း မရှိသည်ကို ၂၀၂၀ ပြည့်နှစ်၏ ထင်ရှားကျော်ကြားဖြစ်ရပ်တစ်ခုအဖြစ် Weekly Eleven ဂျာနယ်က ဖော်ပြအပ်ပါသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်မပါတီကြီးများကို ယှဉ်ပြိုင်နိုင်ရေး ပြည်နယ်ငါးခုမှ လူမျိုးတူတိုင်းရင်းသားပါတီ အချင်းချင်းပေါင်းစည်းကြခြင်းက ၂၀၁၅ ရွေးကောက်ပွဲရလဒ်နှင့်လည်း တစ်စိတ်တစ်ပိုင်း သက်ဆိုင်သည်။

ကရင်၊ ကယား၊ ကချင်၊ မွန်နှင့် ချင်းပြည်နယ်မှ တိုင်းရင်းသားပါတီများသည် ပြီးခဲ့သည့်နှစ်များအတွင်း ပါတီပေါင်းစည်းရေး ပြုလုပ်ခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲကို တစ်ပါတီချင်းယှဉ်ပြိုင်ခဲ့စဉ်က နေရာအများစု ရှုံးနိမ့်ခဲ့ပြီး NLD ပါတီက ယင်းပြည်နယ်များရှိ လွှတ်တော်မဲဆန္ဒနယ်အများစုကို လွှမ်းမိုးခဲ့သည်။

ကွဲပြားနေသည့် လူမျိုးစုပါတီများကို စုစည်းနိုင်ခြင်းက ဒေသခံလူထု၏ ဆန္ဒမဲကိုပိုမိုရရှိပြီး မဲကွဲသည့် အနေအထားမှလည်း ကင်းဝေးမည်ဟု ယူဆခဲ့ကြသည်။

သို့သော် ရွေးကောက်ပွဲအပြီးရလဒ်များ ထွက်ပေါ်ချိန်တွင် ပါတီပေါင်းစည်းခြင်း၏ အကျိုးရလဒ် တစ်စုံတစ်ရာရရှိခဲ့သော်လည်း မျှော်မှန်းသည့်ရလဒ်တော့ မဟုတ်သည်ကို ယင်းပါတီတာဝန်ရှိသူများ ရွေးကောက်ပွဲမတိုင်မီ ပြောကြားထားချက်များနှင့် ထောက်ဆနှိုင်းချင့်လျှင် သိမြင်နိုင်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မွန်နှစ်ပါတီ ပူးပေါင်းထားသည့် မွန်ညီညွတ်ရေးပါတီ (MUP) က မဲဆန္ဒနယ် ၁၂ နေရာ အနိုင်ရခြင်းက ပေါင်းစည်းတိုင်းရင်းသားပါတီများအနက် အများဆုံးအနိုင်ရပါတီဖြစ်ခဲ့သလို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပဥ္စမမြောက်အနိုင်ရပါတီလည်း ဖြစ်ခဲ့သည်။

မွန်ညီညွတ်ရေးပါတီသည် မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့ကို ပေါင်းစည်းထားသည့်ပါတီဖြစ်သည်။

ပါတီမပေါင်းစည်းမီ တစ်ပါတီတည်းချင်းစီယှဉ်ပြိုင်ခဲ့သည့် ယခင်ရွေးကောက်ပွဲတွင် နှစ်ပါတီပေါင်း လွှတ်တော်မဲဆန္ဒနယ် လေးနေရာသာ အနိုင်ရခဲ့သည်။

ထို့ကြောင့် လက်ရှိအနိုင်ရလဒ်မဲဆန္ဒနယ် ၁၂ ရာက တိုးလာသည်ဟု ဆိုနိုင်သော်လည်း မဲဆန္ဒနယ် ၄၅ နေရာရှိသည့် ပြည်နယ်အတွင်း အင်အားကြီး NLD ပါတီကို တွန်းလှန်နိုင်ခြင်း မရှိခဲ့ပေ။

လက်ရှိ အစိုးရလက်ထက် ချောင်းဆုံတံတားအမည် ပြောင်းလဲခြင်းကိစ္စနှင့်စပ်လျဉ်းပြီး ပြည်နယ်အတွင်း NLD ပါတီ အနိုင်ရနိုင်ခြေနည်းပါးမည်ဟု တွေးဆမှုများ ရှိခဲ့သော်လည်း ယခင်ရွေးကောက်ပွဲကဲ့သို့ NLD ပါတီပင် မဲဆဆန္ဒနယ်အများစု အနိုင်ရခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲအပြီး တိုင်းရင်းသားပါတီမရှိသည့် ပြည် နယ်လွှတ်တော်များတွင် ကယားပြည်နယ်လွှတ်တော်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

သို့ရာတွင် ပါတီပေါင်းစည်း ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ရှစ်နေရာအထိ အနိုင်ရရှိလာခဲ့သည်။

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) မှာ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) နှင့် ကယားလူမျိုးစု ဒီမိုကရေစီပါတီတို့ကိုဖျက်သိမ်းပြီး တည်ထောင်သည့်ပါတီဖြစ်သည်။

ကယားပြည်နယ်တွင်လည်း ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်းအပါအဝင် တိုင်းရင်းသားအရေး ဆောင်ရွက်ချက်အချို့နှင့်ပတ်သက်၍ လက်ရှိအစိုးရအပေါ် ထောက်ပြဝေဖန်မှုများ ရှိခဲ့သည်။

သို့သော် ပြည်နယ်လုံးအတိုင်းအတာဖြင့် မဲဆန္ဒနယ် ၃၄ နေရာရှိရာ မဲဆန္ဒနယ် ထက်ဝက်ခန့်ကို NLD ပါတီပင် ထပ်မံအနိုင်ရပြန်သည်။

သို့ရာတွင် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက လွှတ်တော်သုံးရပ်အတွက် အနိုင်ရ မဲဆန္ဒနယ် ရှစ်နေရာဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ အနိုင်ရပါတီစာရင်းတွင် အဆင့်ရှစ်နေရာ၌ ရပ်တည်ခဲ့သည်။

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနှင့်ကပ်လျက် အဆင့်ကိုးနေရာတွင်ရပ်တည်နိုင်သည့် ပါတီမှာ ပေါင်းစည်းတိုင်းရင်းသားပါတီ တစ်ခုဖြစ်သည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဖြစ်သည်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီနှင့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) တို့ ပူးပေါင်းမှုဖြင့် KSPP ပါတီ စတင်ပေါ်ပေါက်လာပြီးနောက် ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီက ထပ်မံပူးပေါင်းခဲ့သည်။

ပါတီဥက္ကဋ္ဌ ဒေါက်တာ တူးဂျာနှင့် ဒုတိယဥက္ကဋ္ဌ လေးဦးစလုံး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မှုအပါအဝင် ပါတီလေးခုအထိ ပေါင်းစည်းထားနိုင်မှုက ပြည်နယ်အတွင်း NLD ပါတီ အားကောင်းမှုကို လျှော့ချနိုင်မည်ဆိုသည့် မျှော်လင့်မှုအများအပြားရှိခဲ့သည်။

ရွေးကောက်ပွဲမတိုင်မီ လူထုကို ကချင်ပြည်နယ်ပြည်သူ့ပါတီမှာ ပြည်နယ်၏ အိမ်ရှင်ပါတီဖြစ်သည်ဟု နှိုးဆော်မှုအပါအဝင် လှုပ်ရှားမှုများစွာ ပြုလုပ်ခဲ့သော်လည်း ပြည်နယ်လွှတ်တော်ကို လွှမ်းမိုးနိုင်သည့် အနိုင်ရလဒ် မရရှိခဲ့ပေ။

ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် ၆၅ နေရာအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ပါတီဥက္ကဋ္ဌအပါအဝင် ကိုယ်စားလှယ်လောင်းလေးဦးသာ အနိုင်ရခဲ့ခြင်းဖြစ်သည်။

မဲဆန္ဒနယ်အများစုတွင် ရွေးကောက်ပွဲရှုံးနိမ့်ခြင်းက ရွှေ့ပြောင်းနေထိုင်သူများ၏ ဆန္ဒမဲကြောင့်ဖြစ်သည်ဟု KSPP ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ကွမ်ဂေါင်အောင်ခမ်းက ပြောကြားခဲ့သည်။

ပါတီများမပေါင်းစည်းမီ အနီးစပ်ဆုံးဖြစ်သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် ဒီမိုကရေစီပါတီက မဲဆန္ဒနယ် လေးနေရာ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) က တစ်နေရာ စုစုပေါင်း အနိုင်ရမဲဆန္ဒနယ် ငါးနေရာရှိခဲ့ရာ ပါတီပေါင်းစည်းပြီးမှ အနိုင်ရမဲဆန္ဒနယ် လျော့ကျသွားသည့် အနေအထားပင်။

ကချင်ပြည်နယ်အတွင်း မဲဆန္ဒနယ်အများစုကို NLD ပါတီက အနိုင်ရရှိပြီး ပြည်ခိုင်ဖြိုးပါတီက ဒုတိယအများဆုံး အနိုင်ရရှိခဲ့သည်။

ကျန်ပေါင်းစည်းပါတီနှစ်ခုဖြစ်သည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) မှာ မဲဆန္ဒနယ် တစ်နေရာသာ အနိုင်ရခဲ့ပြီး ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) မှာမူ အနိုင်ရမဲဆန္ဒနယ် မရှိခဲ့ပေ။

CNLD ပါတီကို ချင်းပါတီများ ဖြစ်သည့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီနှင့် ချင်းတိုးတက်ရေးပါတီတို့ ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်သည်။

တစ်ပါတီချင်းစီ ရွေးကောက်ပွဲယှဉ်ပြိုင်ခဲ့ကြသည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရ မဲဆန္ဒနယ်မရှိခဲ့ရာမှ လက်ရှိရွေးကောက်ပွဲတွင် မဲဆန္ဒနယ် တစ်နေရာ အနိုင်ရခဲ့သည်။

ချင်းပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ်လေးခုတွင် ကိုယ်စားလှယ်လောင်း ၅၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဟားခါးမြို့နယ်  ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တစ်နေရာ အနိုင်ရခဲ့ခြင်းဖြစ်သည်။

သို့သော် ပါတီခေါင်းဆောင်အချို့၏ ရွေးကောက်ပွဲမတိုင်မီတွင် ပါတီများ ပေါင်းစည်းလိုက်ခြင်းကြောင့် ရွေးကောက်ပွဲအနိုင်ရရေး ပိုမိုယုံကြည်မှုရှိလာပြီး အဓိကပြိုင်ဘက် NLD ပါတီကို ယှဉ်ပြိုင်နိုင်မည်ဟု ပြောကြားမှုရှိခဲ့သည်။

ပါတီပေါင်းစည်းခဲ့ခြင်းက ရွေးကောက်ပွဲရလဒ်အပေါ် ကြီးမားသောသက်ရောက်မှု ရှိမည်ဟု ယုံကြည်မှုနှင့် ယှဉ်ပြိုင်ခဲ့သည့် တိုင်းရင်းသားပါတီများရှိသလို လက်ရှိအာဏာရ NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့ အင်အားကြီးဆဲဖြစ်၍ ရုန်းကန်ရနိုင်ကြောင်း တွက်ဆသည့် ပါတီအချို့လည်း ရှိခဲ့သည်။

ပေါင်းစည်း ပြည်နယ်လေးခုမှ တိုင်းရင်းသားပါတီများ ယခင်ထက် အနိုင်ရမဲဆန္ဒနယ် အသီးသီးတိုးလာသော်လည်း ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) မှာ အနိုင်ရမဲဆန္ဒနယ် မရှိခဲ့ပေ။

ကရင်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် စည်းလုံးညီညွတ်သော ကရင်အမျိုးသားဒီမိုကရက်တစ် ပါတီတို့ပူးပေါင်းပြီး ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီအနေဖြင့် ရွေးကောက်ပွဲယှဉ်ပြိုင်ခဲ့သော်လည်း အချို့မဲဆန္ဒနယ်များတွင် မဲရလဒ်ကွာဟမှုကျဉ်းမြောင်းအောင် ဆောင်ရွက်နိုင်ခဲ့သည်ထက် ပိုမိုစွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပေ။

KNDP ပါတီအနေဖြင့် ကရင်ပြည်နယ်အတွင်း မြို့နယ်ခုနစ်မြို့နယ်ရှိသည့်အနက် မြို့နယ်ခြောက်ခုတွင် ကိုယ်စားလှယ်လောင်း ၂၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်အများစုကိုလည်း NLD ပါတီကြီးစိုးပြီး ပြည်ခိုင်ဖြိုးပါတီက ဒုတိယလိုက်ကာ ကရင်ပြည်သူ့ပါတီက မဲဆန္ဒနယ်တစ်နေရာ အနိုင်ရခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ရေပန်းစားသည်က ရွေးကောက်ပွဲအပြီး အစိုးရသည် ညွန့်ပေါင်းအစိုးရ ဖြစ်မည်ဆိုသောအချက်ဖြစ်ပြီး လက်ရှိရွေးကောက်ပွဲရလဒ်ထွက်ပေါ်မည်ဟု မှတ်ချက်ပြုသူ အလွန်နည်းပါးခဲ့သည်။

အကြောင်းက ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပြီးချိန်မှ လက်ရှိအထိ NLD ပါတီအစိုးရ၏ တိုင်းရင်းသားအရေးနှင့်ပက်သက်သည့် ဆောင်ရွက်ချက်များတွင် ဝေဖန်ခံရမှု များစွာရှိခဲ့ခြင်းကြောင့်ဖြစ်သည်။

ထိုသို့ ဝေဖန်ခံရမှုများရှိသည့်တိုင် တိုင်းရင်းသားနယ်မြေအချို့၏ ရွေးကောက်ပွဲရလဒ်က ယခင်ရွေးကောက်ပွဲနှင့် ခြားနားမှုကြီးကြီးမားမားမရှိခဲ့ပေ။

ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်သာ ဒေသခံတိုင်းရင်းသားပါတီများ မဲဆန္ဒနယ်အများစု အနိုင်ရပြီး ပြည်နယ်လွှတ်တော်ကို အတော်အသင့် ထိန်းချုပ်နိုင်ဖွယ်ရာ ရှိသည်။ သို့သော် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက ရွေးကောက်ပွဲအပြီး မကြာမီရက်ပိုင်းအတွင်း အနာဂတ်တွင် တိုင်းရင်းသားအရေး အလေးထားမည်ဆိုသော သတင်းစကားပါးကာ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးမည့်အဖွဲ့များပင် ဖွဲ့စည်းလျက်ရှိသည်။ ယင်းအပေါ် တိုင်းရင်းသားပါတီအချို့ကလည်း အပြုသဘောဆောင် ပြန်လည်ကြိုဆိုမှုများ ပြုလုပ်လျက်ရှိရာ တိုင်းရင်းသားပါတီအားလုံးနှင့် မဟုတ်သည့်တိုင် ပါတီအချို့နှင့် လက်ရှိအနိုင်ရ NLD ပါတီကြား တွေ့ဆုံဆွေးနွေးမှုများကို မကြာမီ မြင်တွေ့ရဖွယ်ရှိသည်။ ထိုသို့ တွေ့ဆုံမှုများရှိလာပြီးနောက် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရအဖွဲ့တွင် တိုင်းရင်းသားပါတီများ ပါဝင်လာနိုင်ခြေ ရှိ၊ မရှိမှာ စောင့်ကြည့်ရမည်ဖြစ်သည်။

Most Read

Most Recent