အာရှအင်အားကြီး တရုတ်၊ ဂျပန်၊ အိန္ဒိယတို့ အားပြိုင်လာမှုနှင့် မြန်မာ့ငြိမ်းချမ်းရေး

အာရှအင်အားကြီး တရုတ်၊ ဂျပန်၊ အိန္ဒိယတို့ အားပြိုင်လာမှုနှင့် မြန်မာ့ငြိမ်းချမ်းရေး
Published 28 December 2020
ကျော်ဇင်ဝင်း၊ မင်းနိုင်စိုး

အာရှအင်အားကြီး တရုတ်၊ ဂျပန်၊ အိန္ဒိယနိုင်ငံတို့၏ အားပြိုင်လာမှုနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအခြေအနေတို့အား ၂၀၂၀ ပြည့်နှစ် ထင်ရှားကျော်ကြားဖြစ်ရပ်တစ်ခုအဖြစ် Weekly Eleven ဂျာနယ်က ဖော်ပြအပ်ပါသည်။

၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်ဝင်စားဖွယ်ရာဖြစ်ရပ်အဖြစ် ဂျပန်နိုင်ငံက ကြားဝင်၍ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အကြား ယာယီအပစ်အခတ်ရပ်စဲရေး အဆင့်တစ်ခုကို ဖန်တီးပေးခဲ့သည်။

AA အဖွဲ့သည် စတင်တည်ထောင်ပေါ်ပေါက်လာသည့်နေရာမှာ မြန်မာ-တရုတ် နယ်စပ် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ထိန်းချုပ်ဒေသဖြစ်သည်။

မည်သို့ပင်ဆိုစေ AA အဖွဲ့သည် တရုတ်နိုင်ငံ၏ သြဇာခံမဟုတ်သည့်တိုင် တရုတ်နိုင်ငံနှင့် တစ်နည်းတစ်ဖုံပတ်သက်ကြောင်း ပြောဆိုရေးသားမှုများလည်းရှိနေရာ ယခုကဲ့သို့ ဂျပန်နိုင်ငံ၏ ကြားဝင်လာမှုဖြင့် တပ်မတော်နှင့် AA အကြား တိုက်ပွဲများရုတ်တရက် ရပ်တန့်သွားခြင်းက အသိုင်းအဝိုင်းအသီးသီးကြားတွင် အံ့အားသင့်ဖွယ်ဖြစ်ခဲ့သည်။

ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ယခင်ကတည်းက ပါဝင်ပတ်သက်နေပြီး မြန်မာနိုင်ငံတောင်ပိုင်း ထိုင်းနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရကြား အပစ်အခတ်ရပ်စဲရေးဖြစ်ပေါ်လာအောင် ဂျပန်နိုင်ငံက အဓိကကြားဝင်ခဲ့သည်ဟု ဆိုနိုင်သည်။

ဂျပန်နိုင်ငံ၏ နီပွန်ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံ၏ ပဋိပက္ခဖြစ်စဉ်များတွင် ကူညီထောက်ပံ့ရေးနေရာမှ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေပြီး ပဋိပက္ခကြောင့် ထိခိုက်နစ်နာသူများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း ကူညီထောက်ပံ့မှုများပေးနေသကဲ့သို့ ပဋိက္ခဒဏ်ခံစားနေရသော နေရာများတွင်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါသည် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သည် မြန်မာနိုင်ငံ၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအလွန်ကာလအတွင်း၌ နှစ်ကြိမ်တိုင် လာရောက်ခဲ့သည်။

မစ္စတာဆာဆာကာဝါသည် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအကြောင်းခံ၍ လုံခြုံရေးနှင့်သက်ဆိုင်သည့် တပ်မတော်နှင့် AA အဖွဲ့တို့အကြား  ကြားဝင်စေ့စပ်ညှိနှိုင်းရာမှ လတ်တလောတွင် ရခိုင်ပြည်နယ်၌ တိုက်ပွဲများ ခေတ္တရပ်တန့်သွားခြင်းဖြစ်သဖြင့် ရခိုင်ဒေသအတွက် အကျိုးရှိသော ရလဒ်တစ်ခုဖြစ်ခဲ့သည်။

ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ခြင်း မရှိသေးသော်လည်း အကျိုးဆက်အနေဖြင့် တပ်မတော်နှင့် AA တို့အကြား အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးထားနိုင်သည့်အပြင် “၀” အဖွဲ့ဌာနချုပ် ပန်ဆန်းတွင်လည်း နှစ်ဖက်ကိုယ်စားလှယ်များအကြား တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ထားနိုင်ခဲ့သည်။

ဂျပန်နိုင်ငံ၏ ယခုကဲ့သို့ ကြားဝင်လာမှုသည် သာမန်အခြေအနေမဟုတ်ဘဲ နောက်ကွယ်၌ အခြားသော ပထဝီနိုင်ငံရေး၊ စီးပွားရေးကိစ္စရပ်များ ပါဝင်လာနိုင်သည်ဟု နိုင်ငံရေးအကဲဖြတ်အချို့က သုံးသပ်မှုများရှိသည်။

မြန်မာ-တရုတ် နယ်စပ်တွင် လှုပ်ရှားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြန်မာအစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်များတွင် တရုတ်နိုင်ငံက ကြားဝင်သည်ဟုဆိုရမည်ဖြစ်ပြီး တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာဆွန်းကော်ရှန်က စေ့စပ်ညှိနှိုင်းသူနေရာမှ ပါဝင်ခဲ့သည်။

မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တရုတ်နိုင်ငံ၏ အာရှရေးရာအထူးကိုယ်စားလှယ်တို့အကြား သင့်မြတ်သော ဆက်ဆံရေးတစ်ခုကို ထူထောင်ထားပြီး အထူးသဖြင့် အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်သည့် “၀” အဖွဲ့ (UWSA) နှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်သည်။

အစိုးရသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA တွင် ပါဝင်လက်မှတ်ရေး ထိုးလာနိုင်ရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးမှုများ ပြုလုပ်နေသည်။

မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ကချင်အဖွဲ့ (KIA) ၊ တအာင်းအဖွဲ့ (TNLA) ၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့သည် အစိုးရနှင့် Bilateral လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်နေသည်။

အစိုးရနှင့် ၎င်းတို့၏ နိုင်ငံရေးဆွေးနွေးမှုများမှာ တိုးတက်သော လက္ခဏာရှိသော်လည်း Bilateral လက်မှတ်ရေးထိုးနိုင်ရေးအတွက်မူ လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်။

အစိုးရနှင့် မြောက်ပိုင်းအဖွဲ့များ၏ နိုင်ငံရေးဆွေးနွေးပွဲများတွင် တရုတ်နိုင်ငံက စေ့စပ်ညှိနှိုင်းသူအဖြစ် တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်နေပြီး အချို့သော အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများကို တရုတ်နိုင်ငံ ကူမင်းမြို့တွင်ပင် ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် ပြည်တွင်း၌ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်လည်း တရုတ်နိုင်ငံ၏ ရဲအရာရှိအချို့က မြောက်ပိုင်းအဖွဲ့များအတွက် လုံခြုံရေးအကြောင်းပြချက်ဖြင့် လိုက်ပါဆောင်ရွက်ပေးသောဖြစ်စဉ်များလည်း ရှိခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် စေ့စပ်ညှိနှိုင်းသူအဖြစ် ပါဝင်ဆောင်ရွက်နေသကဲ့သို့ မြန်မာ့တပ်မတော်နှင့်လည်း စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများရှိပြီး အခြားတစ်ဖက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ထောက်ပံ့ပေးနေသည်ဟူသော စွပ်စွဲချက်များကြောင့် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော မူဝါဒသည် မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ဟူ၍လည်း နိုင်ငံရေးလေ့လာသုံးသပ်သူများအကြား မကြာခဏထုတ်ဖော်ဝေဖန်လေ့ရှိသည်။

ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံ၏ သဘောထားမှာ အလွန်ပင်အရေးကြီးသည့် အခန်းကဏ္ဍတွင်ရှိနေပြီး ပထဝီအနေအထားအရ အဆိုပါအခြေအနေသည် မြန်မာအစိုးရအတွက် လျစ်လျူရှု၍မရသည့် အနေအထားလည်းဖြစ်သည်။

ယခုနောက်ပိုင်းကာလများတွင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုက်ရိုက်မပါဝင်သော်လည်း ဆက်စပ်သက်ဆိုင်သူအဖြစ် အိန္ဒိယနိုင်ငံ၏ အခန်းကဏ္ဍပါဝင်လာသည်။

မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးတွင် နှစ်နိုင်ငံတပ်မတော်ကြား ဆက်ဆံရေးသည် ပိုမိုနီးကပ်ပြီး နှစ်နိုင်ငံနယ်စပ်တွင် အခြေချလှုပ်ရှားနေသော လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပတ်သက်၍ တပ်မတော်နှစ်ရပ်အကြား သတင်းဖလှယ်ခြင်း၊ အိန္ဒိယအစိုးရနှင့် ပဋိပက္ခဖြစ်နေသော လက်နက်ကိုင်အချို့ကို မြန်မာ့တပ်မတော်ဘက်က ဖမ်းဆီး၍ အိန္ဒိယအစိုးရသို့ လွှဲပြောင်းပေးခြင်း၊ မြန်မာ့တပ်မတော်၏ ပထမဆုံးရေငုပ်သင်္ဘောကို အိန္ဒိနိုင်ငံမှ လက်ခံရယူခဲ့ခြင်း၊ အိန္ဒိယ ကြည်းတပ်ဦးစီးချုပ်သည် မြန်မာနိုင်ငံသို့  ယခုနှစ်ပိုင်းများတွင် နှစ်ကြိမ်ထက်မနည်း လာရောက်ခြင်းများရှိခဲ့သည်။

လက်ရှိ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ တက်လာသည့်နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်ဝါဒကို ပိုမိုကျင့်သုံးလာပြီး အိမ်နီးချင်းမြန်မာနိုင်ငံနှင့်လည်း နီးကပ်ထိတွေ့ဆက်ဆံမှု ဆက်တိုက်ပြုလုပ်လာခြင်းက တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား နီးကပ်သည့် ဆက်ဆံရေးအပေါ် ထိန်းညှိလိုသည့်သဘောရှိသည်။

အိန္ဒိယနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးသည် ပြေပြစ်လှသည်မဟုတ်ဘဲ ၎င်းတို့နှစ်နိုင်ငံအကြား နယ်စပ်ပြဿနာ အငြင်းပွားမှုအပြင် အိန္ဒိယနိုင်ငံအား တော်လှန်နေသည့် လက်နက်ကိုင်အဖွဲ့များတွင် တရုတ်နိုင်ငံထုတ် လက်နက်များရရှိနေသည့် စွပ်စွဲချက်ဖြင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတင်းမာလျက်ရှိနေရာ အဆိုပါနှစ်နိုင်ငံကြားတွင် တည်ရှိနေသည့် မြန်မာနိုင်ငံသည် ကြားမညပ်ရန် သိမ်မွေ့စွာကိုင်တွယ်ရမည့် အခြေအနေဖြစ်သည်။

ထိုသို့ အိန္ဒိယနှင့် တရုတ်နိုင်ငံအကြား တင်းမာမှုများရှိသကဲ့သို့ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံသည်လည်း အခြားသောကိစ္စရပ်များတွင် အားပြိုင်မှုဖြစ်နေရာ ဂျပန်နိုင်ငံပါဝင်လာသည့် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးဖြစ်စဉ်သည် ဂျပန်၊ တရုတ်၊ အိန္ဒိယ သုံးနိုင်ငံစလုံး၏ ဆုံချက်ဖြစ်လာသည်ဟု ဆိုနိုင်သည်။

အိန္ဒိယနှင့် မြန်မာကြားတွင် အရေးပါသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကုလားတန် ဆိပ်ကမ်းစီမံကိန်း လုပ်ဆောင်နေသကဲ့သို့ တရုတ်နိုင်ငံကလည်း ရခိုင်ပြည်နယ်တွင် ကျောက်ဖြူရေနက်စီမံကိန်း ဖော်ဆောင်နေပြီး အဆိုပါစီမံကိန်းနှစ်ခုလုံးသည် စီးပွားရေးအရ ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ နိုင်ငံရေးအရလည်း ပါဝင်ပတ်သက်မှုများရှိကြောင်း ရှုမြင်ချက်များလည်း ရှိနေသည်။

ရခိုင်ပြည်နယ်တွင် AA အဖွဲ့၏ တိုက်ပွဲများသည် နိုင်ငံရေးတောင်းဆိုတိုက်ပွဲဝင်မှုအပြင် တရုတ်နိုင်ငံ၏ နောက်ကွယ်မှ ပံ့ပိုးမှုဖြင့် အိန္ဒိယနိုင်ငံ၏ ကုလားတန် စီမံကိန်းကို နှောင့်နှေးအောင် ပြုလုပ်နေသည်ဆိုသည့် စွပ်စွဲချက်များ ရှိနေသည်။

AA အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း တရုတ်နိုင်ငံ၏ စီမံကိန်းများကို ထိခိုက်မှုမရှိအောင် ရှောင်ရှားသော်လည်း အိန္ဒိယနိုင်ငံ၏ ကုလားတန်စီမံကိန်းနှင့်ဆက်စပ်သည့် လုပ်ငန်းများကို နှောင့်ယှက်မှုအချို့ရှိခဲ့ခြင်းက စွပ်စွဲချက်များကို ပိုမိုသရုပ်ပေါ်အောင်ပံ့ပိုးသည့် အခြေအနေဖြစ်နေသဖြင့် ရှုပ်ထွေးမှုများအကြား ရခိုင်ဒေသသည် မြေဇာပင်မဖြစ်ရေး ထောက်ပြမှုများရှိသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးမှာ နိုင်ငံတကာနှင့် ဆက်စပ်သကဲ့သို့ ဖြစ်နေပြီး ယင်းအခြေအနေတွင် ပြည်တွင်းငြိမ်းချမ်းရေးအပေါ် ပါဝင်ဆက်စပ်နေသော နိုင်ငံများက မြန်မာနိုင်ငံအား လိုအပ်သလိုအသုံးချ၍ ရသည့် လက်နက်တစ်ခုမဖြစ်စေရန် အစိုးရနှင့် တပ်မတော်တို့က သတိထားဆောင်ရွက်ရမည့် အခြေအနေရှိသည်။

လက်ရှိအချိန်၌ NCA စာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့က လက်မှတ်ရေးထိုးထားနိုင်သည်။

မြန်မာနိုင်ငံ၏ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒနှင့်အညီ ပြည်တွင်းငြိမ်းချမ်းရေးတွင် ပါဝင်လာသည့် တရုတ်၊ ဂျပန်၊ အိန္ဒိယတို့နှင့် မည်သို့အကျိုးရှိစွာ ဆောင်ရွက်မည်ဆိုသည်မှာ အရေးကြီးပြီး လာမည့်အစိုးရသစ်လက်ထက် မြန်မာ့ငြိမ်းချမ်းရေးအခြေအနေမှာ ပိုမိုစိတ်ဝင်စားဖွယ်ဖြစ်ပြီး ဆက်လက်စောင့်ကြည့်ရမည့် အခင်းအကျင်းလည်းဖြစ်သည်။

Most Read

Most Recent