၂၀၂၀ နှစ်ကုန်ပိုင်းတွင် ရပ်တန့်သွားသည့် တပ်မတော်နှင့် AA အကြား တိုက်ပွဲများ

၂၀၂၀ နှစ်ကုန်ပိုင်းတွင် ရပ်တန့်သွားသည့် တပ်မတော်နှင့် AA အကြား တိုက်ပွဲများ
Published 28 December 2020
မင်းနိုင်စိုး

တပ်မတော်နှင့်  ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့၏ နှစ်နှစ်ကြာဖြစ်ပွားလာသည့် တိုက်ပွဲများသည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလဆန်းပိုင်းမှစတင်ပြီး ရုတ်တရက်ရပ်တန့်သွားသဖြင့် ၂၀၂၀ ပြည့်နှစ် ထင်ရှားကျော်ကြားဖြစ်ရပ်တစ်ခုအဖြစ် Weekly Eleven ဂျာနယ်က ဖော်ပြအပ်ပါသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများနှင့် ချင်းပြည်နယ် ပလက်ဝဒေသတွင် တပ်မတော်နှင့်  ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ ၂၀၁၈  ခုနှစ် နှစ်ကုန်ပိုင်းတွင်ထိတွေ့မှု အနည်းငယ်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်၌ AA အဖွဲ့က နယ်ခြားစောင့်ရဲကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်ရာမှစတင်ခဲ့သည့် တိုက်ပွဲများသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကာလတွင် ရုတ်တရက်ရပ်တန့်သွားသဖြင့် အများအတွက် အံ့သြသင့်စရာ အခြေအနေတစ်ခုဖြစ်ခဲ့သည်။

တပ်မတော်နှင့် AA အကြားတိုက်ပွဲများတွင် နှစ်ဖက်အပြန်အလှန် စခန်းသိမ်းတိုက်ပွဲများအထိဖြစ်ပွားခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကာ အချို့သော စခန်းသိမ်းတိုက်ပွဲများသည် လနှင့်ချီ၍ ဆင်နွှဲခဲ့ကြခြင်းဖြစ်ပြီး အဆိုပါ တိုက်ပွဲများတွင် နှစ်ဖက်တပ်ဖွဲ့ဝင်များ အသက်သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် ဖမ်းဆီးခံရမှုများ ရှိခဲ့သည်။  

တပ်မတော်ဘက်က လေကြောင်းပစ်ကူ၊ ရေတပ်စစ်သင်္ဘောများနှင့် လက်နက်ကြီး ပစ်ကူရယူရသည်အထိ ရခိုင်ဒေသတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး အရပ်ဝတ်များဖြင့် တိုက်ပွဲဝင်သည့် AA အဖွဲ့ဝင်များကြောင့် တပ်မတော်ဘက်တွင် အခက်အခဲများစွာရှိခဲ့သည်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင်လည်း ယင်းဒေသ၌ပင် AA အဖွဲ့ခေါင်းဆောင်များ အထိုင်ချကာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကို ကွပ်ကဲနေခြင်းဖြစ်သော်လည်း AA အဖွဲ့ဝင်များသည် နယ်ခံများကို အခြေခံဖွဲ့စည်းထားနိုင်မှု နယ်မြေကျွမ်းကျင်မှုတို့ကြောင့် တိုက်ပွဲဖြစ်ပွားမှုကာလတစ်လျှောက်တွင် တပ်မတော်အား အဖက်ဖက်မှ အခက်အခဲတွေ့အောင် ပြုလုပ်နိုင်ခဲ့သည်။

တပ်မတော်နှင့် AA အကြားတိုက်ပွဲများသည် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်အကြားဖြစ်ပွားသည့် တိုက်ပွဲများနှင့်မတူ ကွဲပြားခဲ့ပြီး တိုက်ပွဲ၏ နောက်ဆက်တွဲအဖြစ် လူမြင်ကွင်းများတွင် ဖြစ်ပွားသည့် သတ်ဖြတ်ခံရမှုများက အများပြည်သူ အထိတ်တလန့်ဖြစ်စေခဲ့သည်။

AA အဖွဲ့နှင့်ဆက်နွှယ်သူများက လူမြင်ကွင်းများတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များအား ဖမ်းဆီးခြင်းနှင့်သတ်ဖြတ်ခြင်း၊ AA အဖွဲ့က အရပ်သား ဝန်ထမ်းများကို ဖမ်းဆီးခြင်းများပြုလုပ်ခြင်းစသည်ဖြင့်  တရားဥပဒေစိုးမိုးရေးပျက်ပြားလာခြင်းနှင့်အတူ အစိုးရ၏အုပ်ချုပ်ရေးယန္တရားကို ထိခိုက်မှုများရှိလာသောကြာင့် အစိုးရက ULA/AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာခဲ့သည်။ 

တပ်မတော်နှင့် AA အကြား တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသနှင့် ပလက်ဝမြို့နယ်အတွင်းမှ ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းများအရ ရခိုင်ပြည်နယ်တစ်ခုတည်း၌ပင် စစ်ဘေးရှောင်ဦးရေ နှစ်သိန်း ဝန်းကျင်ခန့်ရှိသည်။

တိုက်ပွဲများရပ်တန့်ရေးအပေါ် နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် ပြည်တွင်းနိုင်ငံရေး အသိုင်းအဝိုင်းမှ တိုက်တွန်းမှုများရှိခဲ့သော်လည်း အရာမထင်ခဲ့ဘဲ တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားခဲ့ရာမှ ၂၀၂၀ ရွေးကောက်ပွဲ ကာလတွင် တိုက်ပွဲများ ရုတ်တရက်ရပ်တန့်ခဲ့သည်။

ယင်းကဲ့သို့တိုက်ပွဲများ ရပ်တန့်သွားခြင်း၏ နောက်ကွယ်၌် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါက ကြားဝင်ညှိနှိုင်း စေ့စပ်ပေးခဲ့ခြင်း ဖြစ်သည်။ 

လက်ရှိအချိန်တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် တပ်မတော်နှင့် AA အကြား တိုက်ရိုက်ဆွေးနွေးမှုများရှိနေပြီး အခြားတစ်ဖက်တွင်လည်း သဘောတူညီချက်တစ်စုံတစ်ရာမရှိဘဲ တိုက်ပွဲရပ်တန့်နေခြင်းအပေါ် ဒေသခံများနှင့် နိုင်ငံရေးအသိုင်းအဝိုင်းအကြား စိုးရိမ်မှုရှိနေဆဲဖြစ်သဖြင့် ရခိုင်ဒေသ၌ တိုက်ပွဲများရပ်တန့်ထားနိုင်ရန် သဘောတူညီချက်တစ်စုံတစ်ရာ ထွက်ပေါ်လာနိုင်ရန် လိုအပ်မည်ဖြစ်သည်။

Most Read

Most Recent