၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ဖွင့်လှစ်မည့် ၂၃ ကြိမ်မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက် မူလ ထီလက်မှတ်များနှင့် အရန်ထီအက္ခရာမှ ထီစာအုပ် ရှစ်သောင်းကျော် ကုန်စင်အောင် ရောင်းချနိုင်ခဲ့ကြောင်း ဒီဇင်ဘာ ၂၇ ရက်တွင် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျင်းပမည့် ၂၃ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက် မူလ ထီလက်မှတ်များကို (က) အက္ခရာမှ အစဉ်လိုက် (ကဆ) အထိ စုစုပေါင်းအက္ခရာ အလုံး ၄၀ နှင့် ထီစာအုပ် ၃၂၇၂၇၂၀ အုပ် ရောင်းချခဲ့ရာတွင် ကုန်စင်အောင် ရောင်းချနိုင်ခဲ့ကြောင်း၊ ထိုသို့ ကုန်စင်အောင် ရောင်းချနိုင်ခဲ့သည့်အပြင် ဝယ်လိုအား မြင့်တက်လာသည့်အတွက် အရန်ထီအက္ခရာ ကဇ တစ်လုံး၊ ထီစာအုပ် ၈၁၈၁၈ အုပ်ကို ထပ်မံ ရောင်းချခဲ့ရာတွင် ကုန်စင်အောင် ရောင်းချနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းအတွက်ကြောင့် ၂၃ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆု ဖွင့်ပွဲအတွက် ရောင်းချရသည့် အက္ခရာမှာ အရန်ထီ အပါအဝင် စုစုပေါင်း ၄၁ လုံးဖြစ်ပြီး ရောင်းချခဲ့ရသည့် ထီအုပ်ရေ ၃၃၅၄၅၃၈ အုပ်ဖြစ်ကာ ထီလက်မှတ်စောင်ရေမှာ ၃၆၈၉၉၉၁၈ စောင်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ဆက်လက်ပြီး ထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်း ၃၃၅၄၅ ဒသမ ၃၈၀ ဖြစ်သဖြင့် ရာခိုင်နှုန်း ၆၀ ခွဲဝေ ချီးမြှင့်မည့် ထီဆုငွေမှာ ကျပ်သန်း ၂၀၁၂၇ ဒသမ ၂၂၈ ဖြစ်ကြောင်း၊ အဆိုပါခွဲဝေ ချီးမြှင့်မည့် ထီဆုငွေများမှာ အထူးဆုကြီးစနစ်ဖြင့် ကျပ်သိန်းပေါင်း တစ်သောင်းငါးထောင် တစ်ဆု၊ ကျပ်သိန်း တစ်သောင်းတစ်ဆု၊ ကျပ်သိန်း ငါးထောင် နှစ်ဆု၊ ကျပ်သိန်း နှစ်ထောင် လေးဆု၊ ကျပ်သိန်း တစ်ထောင် ခြောက်ဆု၊ ဆုတစ်ဆုချင်းစနစ်ဖြင့် ကျပ်သိန်းငါးရာ ၁၉ ဆု၊ ကျပ်သိန်းနှစ်ရာ ၂၁ ဆု၊ ကျပ်သိန်း တစ်ရာ ၂၃ ဆု၊ ကျပ်သိန်း ငါးဆယ် ၂၃ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၂၄ ဆု၊ ကျပ် ၁၀ သိန်း ၂၇ ဆု၊ ဝေဝေဆာဆာပဒေသာ ဆုမဲစနစ်ဖြင့် ကျပ် သုံးသိန်း ၁၉၀ ဆု၊ ကျပ် နှစ်သိန်း ၁၉၀၀ ဆု၊ ကျပ် တစ်သိန်း ၂၀၀၀၀ ဆု၊ ကျပ် ငါးသောင်း ၂၂၀၀၀၀ ဆု စသည့်ဆုမဲများ ချီးမြှင့်မည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက် ထုတ်ယူခြင်းမရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၂၅၀ ကိုလည်း တစ်ဆုချင်း ဆုမဲ ကျပ် ၁၀ သိန်း လေးဆုနှင့် ဝေဝေဆာဆာဆုမဲများ ဖြစ်သည့် ကျပ်သုံးသိန်း ၂၀ ဆု၊ ကျပ်နှစ်သိန်း ၂၀၀ ဆုနှင့် ကျပ်တစ်သိန်း ၂၀၀၀ ဆု စုစုပေါင်း ၂၂၂၄ ဆုကိုလည်း ထပ်မံ ချီးမြှင့်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ၂၃ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက် သောကြာနေ့ နံနက် ၈ နာရီတွင် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းနှင့် ၃၇ လမ်းထောင့်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
၂၂ ကြိမ်မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲတွင် မူလ ထီလက်မှတ်များ ကုန်စင်အောင် ရောင်းချနိုင်ခဲ့သော်လည်း အရန်ထီအက္ခရာမှ ထီစာအုပ် ရှစ်သောင်းကျော်ကို ထပ်မံ ရောင်းချခဲ့ရာတွင် အရန်ထီစာအုပ် သုံးသောင်းကျော် ရောင်းမကုန်ဘဲ ကျန်ရှိခဲ့ကြောင်း သိရသည်။















