၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်၌ ပြုလုပ်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ နှှစ်၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ သုံးကြိမ်ဆက် အနိုင်ရရှိခဲ့သည့် မွန်ညီညွတ်ရေးပါတီမှ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးအား မွန်လူမှု အဖွဲ့အစည်းများက ပဏိတဟံသာ (ထူးမြတ်သောဟင်္သာ) ဆုအား ချီးမြှင်ခဲ့သည်။
အဆိုပါ ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ၂၆ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ရာမညရဋ္ဌ ဗုဒ္ဓတက္ကသိုလ်တွင် အခမ်းအနားဖြင့် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ယင်းပဏိတဟံသာ (ထူးမြတ်သောဟင်္သာ) ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ရာမညနိကာယအသင်းမှ ဆရာတော်ကြီးများ၊ NCA ထိုးထားသည့် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာနှင့် ဗဟိုအလုပ် အမှုဆောင် အဖွဲ့များ၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌ မွန်ညီညွတ်ရေးပါတီမှ အနိုင်ရ ကိုယ်စားလှယ်လောင်းများနှင့် ဝင်ရောက် အရွေးချယ်ခံခဲ့ကြသည့် ကိုယ်စားလှယ်လောင်းများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
“အခုလို ကျွန်တော်ကို အသိအမှတ်ပြုတဲ့အနေနဲ့ ဂုဏ်ပြုပေးတဲ့အပေါ် အတိုင်းထက်အလွန် ကျေးဇူးတင် ဝမ်းမြောက်မိကြောင်း ပြောကြားလိုပါတယ်။ ဒီဆုချီးမြှင့်တဲ့ အစီအစဉ်က ပထမဆုံး ပြုလုပ်တာလို့ သိရပါတယ်။ ကျွန်တော့်ကိုကျတော့ နိုင်ငံရေးနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ သုံးကြိမ်ဆက် အနိုင်ရရှိခဲ့တာက တစ်ကြောင်း၊ တခြားသော လူမှုရေးလုပ်ငန်းတွေ၊ မွန်တိုင်းရင်းသား လူမျိုးတွေနဲ့ ပတ်သက်တဲ့ အကျိုးပြုလုပ်ဆောင် ချက်တွေကို အသိအမှတ်ပြု၊ ဂုဏ်ပြုသော အားဖြင့်ပေါ့လေ။ ဒီဆုကို ချီးမြှင့်တာ ဖြစ်တယ်လို့ သိရပါတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။
မိမိအနေဖြင့် နိုင်ငံရေးကဏ္ဍတွင် အောင်မြင်မှုရရှိခြင်းသည် ပြည်သူလူထု၊ ပါတီနှင့် မိမိကို ဝန်းရံအားပေး ထောက်ခံကြသူများက ၀ိုင်းဝန်းလုပ်ဆောင် ပေးခဲ့ကြသည့် အတွက်ကြောင့်သာ ယခုလို အောင်မြင်မှုရရှိခြင်း ဖြစ်ကြောင်း၊ ယခုအောင်မြင်မှုသည် မိမိ၏ အောင်မြင်မှုဟု မမှတ်ယူကြောင်းနှင့် ဆုတံဆိပ်သည်လည်း တစ်ဦးတည်းနှင့် မသက်ဆိုင်ဘဲ အားလုံးနှင့် သက်ဆိုင်ကြောင်း၊ မွန်လူထု၏ အသိအမှတ်ပြုမှုကြောင့် ရရှိခဲ့သည့် ဆုတံဆိပ် ဖြစ်သည်ဟုသာ မှတ်ယူကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။
“ပဏိတဟံသာဆုတံဆိပ်သည် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ရှေ့ဆက်လှုပ်ရှား ဆောင်ရွက်မှုတွေ အတွက်ကိုလည်း အထောက်အပံ့ဖြစ်သလို၊ တွန်းအားတစ်ခု ဖြစ်လာစေလိမ့်မယ်လို့ ကျွန်တော်လည်း ခံယူပါတယ်။ ကျွန်တော်တို့ကို ယုံကြည်ထားတဲ့အတိုင်း၊ မျှော်လင့်ထားတဲ့အတိုင်းကို နောင်လာမယ့် လွှတ်တော် သက်တမ်းမှာလည်း ပြည်သူလူထုရဲ့အကျိုး၊ ကိုယ့်ဒေသအကျိုး၊ ကိုယ့်ရဲ့ မွန်တိုင်းရင်းသား လူထုအကျိုး အတွက်ကို မျှော်မှန်းထားတဲ့အတိုင်း အပြည့်အဝ မရရင်တောင် ရနိုင်သလောက်ကို ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးပါ့မယ်လို့ ပြောလိုပါတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောကြာသည်။
ပဏိတဟံသာ (ထူးမြတ်သောဟင်္သာ) ဆုတံဆိပ်အား ပြည်ပနိုင်ငံရောက် မွန်တိုင်းရင်းသားလူမျိုး အဖွဲ့များဖြစ်ကြသည့် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ မွန်ကျောင်း ဒါယကာအဖွဲ့၊ ဂျပန်နိုင်ငံရောက်မွန်အဖွဲ့၊ တောင်ကိုရီးယား နိုင်ငံရောက် မွန်အဖွဲ့၊ အမေရိကန်နိုင်ငံရောက် မွန်အဖွဲ့၊ ထိုင်းနိုင်ငံ ဖူးခက်ရှိ လူမှုကူညီကယ်ဆယ်ရေး (မွန်) အဖွဲ့၊ ပြည်တွင်းမှ ရာမညရဋ္ဌဗဟုသုတအဖွဲ့၊ အအာလူမှုရေးအဖွဲ့နှင့် မွန်ဂီတ အနုပညာရှင်များ အဖွဲ့တို့မှ ပူးပေါင်းက ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါက်တာအောင်နိုင်ဦး အနေဖြင့် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတို့၌ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကိုယ်စားပြု ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့ပြီး၊ လက်ရှိ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေသူဖြစ်ကာ နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ မွန်ညီညွတ်ရေးပါတီ (MUP) ကိုယ်စားပြု ချောင်းဆုံမြို့ နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) မဲဆန္ဒနယ်တွင် ထပ်မံအနိုင်ရရှိထားသူ ဖြစ်သည်။















