တစ်ကျော့ပြန် ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် စမွတ်စခွန်ခရိုင်တွင် မြန်မာလုပ်သား ၄၀၀၀ ကျော် အသွားအလာ ကန့်သတ်ခံနေရကြောင်း မြန်မာနိုင်ငံခြားရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
စမွတ်စခွန်ခရိုင်အတွင်း COVID-19 ရောဂါကူးစက်မှု ထိန်းချုပ် ကန့်သတ်နိုင်ရေးအတွက် နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် ဒီဇင်ဘာ ၂၁ ရက်မှစတင်၍ ခရိုင်အတွင်း ဝင်၊ ထွက် သွားလာမှုမပြုရန် အမိန့်ကြေညာချက်အရ ဝင်၊ ထွက်ခွင့် ကန့်သတ်ထားသည့် နေရာများရှိ မြန်မာအလုပ်သမား ၄၀၀၀ ကျော်နှင့် ဆေးစစ်မှု ခံယူရသူများကို မြန်မာသံရုံးနှင့် အလုပ်သမားသံအရာရှိရုံးမှ တာဝန်ရှိသူများက သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့ပြင် ဝင်၊ထွက်ခွင့် ကန့်သတ်ခံနေရသည့်အတွက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ မြန်မာလုပ်ငန်းရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် အစားအစာများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မြန်မာသံရုံးမှတစ်ဆင့် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၊ စမွတ်စခွန်ခရိုင်ရှိ တာဝန်ရှိသူများနှင့် စဉ်ဆက်မပြတ် ဆက်သွယ်လျက် ဝင်၊ ထွက်ခွင့် ကန့်သတ်ခံနေရသည့် မြန်မာအလုပ်သမားများအတွက် လိုအပ်သည်များကို ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားရန်နှင့် သံရုံး တာဝန်ရှိသူများမှလည်း အခါအားလျော်စွာ ကွင်းဆင်းသွားရောက် တွေ့ဆုံအားပေးမှုများ ပြုလုပ်သွားရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။
ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမားများအကြား ကိုဗစ် ကူးစက်နေသေ ကြောင့် မြန်မာလုပ်သားများအနေဖြင့် ထိုင်း၏ ကိုဗစ်ရောဂါ ထိန်းချုပ်မှုများကို လိုက်နာကြရန် မြန်မာသံရုံးက ဒီဇင်ဘာ ၂၄ ရက်တွင် သတိပေး ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိရုံး၏ ထုတ်ပြန်ချက်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် တရားဝင် အထောက်အထား ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ စိုးရိမ်ကြောင့်ကြရန် မလိုဘဲ မိမိကိုယ်ကို သံသယရှိပါက နီးစပ်ရာ ဆေးရုံ သို့မဟုတ် ကျန်းမာရေးဌာနများသို့ သွားရောက်၍ စစ်ဆေးမှု ခံယူရန်နှင့် ထိုင်းနိုင်ငံတွင် ထုတ်ပြန်ထားသော စည်းမျဉ်းဥပဒေနှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် နှိုးဆော်ထားသည်။
ထိုင်းနိုင်ငံတွင် တစ်ကျော့ပြန် ဖြစ်ပွားနေသည့် ကိုဗစ်ရောဂါပျံ့နှံ့မှုသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အများဆုံးနေထိုင်သည့် စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် စတင်ပျံ့နှံ့နေကြောင်း သိရသည်။
မဟာချိုင်ဒေသကို Lockdown ချထားလိုက်ပြီး ရွှေ့ပြောင်းအလုပ်သမားများ နယ်မြေကျော် မသွားလာစေရန် ထိုင်းအာဏာပိုင်များက စစ်ဆေးမှုများ တင်းကြပ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း မြန်မာလုပ်သားများတွင် ရောဂါပိုးတွေ့ရှိမှုကြောင့် မြန်မာလုပ်သားအချို့မှာ ခွဲခြားဆက်ဆံခံရမှု များရှိနေပြီး ထိုင်းစက်ရုံတစ်ခုက မြန်မာလုပ်သားများကို စွန့်ပစ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဘန်ကောက်ပိုစ့်သတင်းတွင် ဖော်ပြထားသည်။
ဒီဇင်ဘာ ၂၂ ရက်တွင် ထိုင်းစက်ရုံတစ်ခုက မြန်မာလုပ်သားများကို နှင်ထုတ်ပြီး အခြားပြည်နယ် တစ်ခုတွင် စွန့်ပစ်ထားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မြန်မာလုပ်သားများ လုပ်ကိုင်သည့် စမွတ်စခွန်ပြည်နယ်ရှိ စက်ရုံအား ရဲအရာရှိများ လာရောက် စစ်ဆေးမည် ဖြစ်သည့်အတွက် မြန်မာလုပ်သားများကို စက်ရုံတွင် ဆက်နေခွင့်မပေးဘဲ အာဏာပိုင်များ မမြင်အောင် ရာယောင်းပြည်နယ်ရှိ သစ်တောထဲတွင် သွားပုန်းနေရန် မြန်မာလုပ်သား ၂၃ ဦး ကို စက်ရုံဝန်ထမ်းက ဗန်ကားပေါ်တင်ပေးခဲ့ ကြောင်း ဘန်ကောက်ပိုစ့်သတင်းအရ သိရသည်။
မြန်မာလုပ်သား ကိုးဦးသည် လမ်းမှာ ဆင်းနေခဲ့ကြပြီး ကျန်မြန်မာလုပ်သား ၁၄ ဦး မှာ တောထဲ မသွားချင်ဘူးပြောပြီး ၎င်းတို့၏ ဆွေမျိုးသားချင်းများရှိသည့် ဆမွတ်ပရာကန်ပြည်နယ် ဘန်ဖလီခရိုင်က စက်ရုံကို ပို့ခိုင်းပြီး အဆိုပါစက်ရုံပိုင်ရှင်က ပေးမဝင်သဖြင့် ည ၁၁ နာရီခန့်တွင် ရဲများ ရောက်ရှိလာကြောင်း သိရသည်။
အဆိုပါမြန်မာလုပ်သား ၁၄ ဦးထဲတွင် ခြောက်ဦးသာ နိုင်ငံကူးလက်မှတ် ရှိကြောင်း ရဲများ၏ စစ်ဆေးချက်အရ သိရသည်။
မြန်မာလုပ်သားများကို COVID-19 ရောဂါစစ်ဆေးရန် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်နမူနာယူပြီး အသွားအလာ ကန့်သတ်ထားကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြထားသည်။
ဒီဇင်ဘာ ၁၃ ရက်တွင် စမွတ်ဆာခွန်ခရိုင်ရှိ ပုစွန်စျေးကြီးတွင် အသက် ၆၈ အရွယ် ထိုင်းနိုင်ငံသူတစ်ဦးသည် စတင်ဖျားနာပြီး စစ်ဆေးကြည့်ရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များက အဆိုပါဒေသတွင် ရောဂါ စစ်ဆေးမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရသည်။
ဒီဇင်ဘာ ၁၇ ရက်က စတင်ပြီး အဆိုပါ စမွတ်ဆာခွန်ခရိုင်မှာ တကျော့ပြန် ကိုဗစ်ပျံ့နှံ့မှုများ ဖြစ်ပွားခဲ့ကာ လူ ၁၀၀၀ ကျော် ကူးစက်ခံနေရသည်။
မဟာချိုင်ဒေသမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုနေထိုင်ပြီး ၁၀ ရာခိုင်နှုန်းသာ ထိုင်းလူမျိုးများ ဖြစ်သည်။















