ရှေးဟောင်း မံမီရုပ်လောင်းများသည် အတိတ်ကာလက လူ့ဘဝများအကြောင်းနှင့် ပတ်သက်သော ဗဟုသုတ အမြောက်အများကို မိမိတို့အား သိရှိစေနိုင်သည်။ သို့သော် ထိုလျှို့ဝှက်ချက်များကို လေ့လာရာတွင် မံမီများအား ရစ်ပတ်ထုပ်ပိုးထားသော ဆေးစိမ်အဝတ်စများကို ဖြေရလေ့ရှိရာ ထိုသို့ပြုလုပ်ခြင်းက မံမီရုပ်လောင်းများကို ပျက်စီးထိခိုက်စေနိုင်သည်။
ထိုအခက်အခဲကို ကျော်လွှားနိုင်ရန်အတွက် သုတေသနပညာရှင်များက မံမီများအား ကွန်ပျူတာ ဓာတ်မှန် (CT) ရိုက်ခြင်းနည်းကို ကာလရှည်ကြာ အသုံးပြုခဲ့ကြသော်လည်း X-rays ဓာတ်ရောင်ခြည်များသည် အတွင်းရှိ မံမီရုပ်အလောင်းနှင့် ပတ်သက်သော အချက်အလက် အားလုံးကို အသေးစိတ်သိရှိနိုင်ရန် အကူအညီ မပေးနိုင်ခဲ့ပေ။
လက်ရှိတွင် ပိုမိုအဆင့်မြင့်သော X-rays ဓာတ်ရောင်ခြည် နည်းပညာများ ပေါ်ထွက်လာနေပြီး ချီကာဂို အနောက်တောင်ပိုင်းရှိ အမေရိကန် စွမ်းအင်ဝန်ကြီးဌာန Argonne National ဓာတ်ခွဲခန်းက နည်းပညာမြင့် လျှပ်စစ်သံလိုက် စွမ်းအင်ရင်းမြစ် (APS) ကို စမ်းသပ် တီထွင်ခဲ့သည်။ အလင်းရင်းမြစ် ပစ္စည်းဖြစ်သည့် APS သည် အရိုးကျိုးသူများ ရိုက်ယူခံရသော ကွန်ပျူတာဓာတ်မှန် ရောင်ခြည်ထက် ထွင်းဖောက်မှု ပိုမိုပြင်းထန်သော X-rays ဓာတ်ရောင်ခြည်များကို ထုတ်လွှတ်သည်။
“ CT ဓာတ်ရောင်ခြည်နဲ့ APS ဓာတ်ရောင်ခြည်ရဲ့ ကွာခြားချက်ကို ဥပမာပြရရင် လေဆာ နဲ့ လျှပ်စစ်မီးသီး ကွာခြားသလိုမျိုးပဲ” ဟု APS ရူပဗေဒပညာရှင် ဂျိုနသန်အယ်မာ က ဆိုသည်။
သာမန် X-rays ဓာတ်ရောင်ခြည်များသည် သိပ်သည်းမှုအပေါ် အခြေခံ၍ ရုပ်လုံး၏ ထင်သာမြင်သာရှိမှု အခြေအနေကို ပြသခြင်း ဖြစ်သောကြောင့် ထိုဓာတ်ရောင်ခြည်များသည် သိပ်သည်းသော အရိုးတွင် လေဝင်နေသည့် အက်ကြောင်းရာများကို ခွဲခြားရာတွင် အသုံးဝင်သော ဓာတ်ရောင်ခြည်များ ဖြစ်သည်။ APS X-rays ဓာတ်ရောင်ခြည်မှာမူ ပုံဆောင်ခဲတစ်ခု၏ သုံးဘက်မြင် ဖွဲ့စည်းတည်ဆောက်မှုကို အခြေခံ၍ ရုပ်လုံး၏ ထင်သာမြင်သာရှိမှု အခြေအနေကို ဖော်ပြခြင်း ဖြစ်သည်။ အခြေခံအားဖြင့် ပုံဆောင်ခဲ ဖွဲ့စည်းမှုပုံသဏ္ဍာန်ရှိသော အရာဝတ္တု တစ်ခုချင်းစီတွင် သုံးဘက်မြင် ပုံကူကွက်သဏ္ဍာန် ဖွဲ့စည်းတည်ဆောက်မှု ပုံစံများရှိသည်။ သုံးဘက်မြင် ဖွဲ့စည်းတည်ဆောက်မှု ပုံစံများမှာ အလွန်ထင်ရှား ပြတ်သားခြင်းကြောင့် APS ဓာတ်ရောင်ခြည်တန်းများမှ သုတေသနပညာရှင်များ ရရှိနိုင်သည့် အချက်သည် သာမန် X-rays ရောင်ခြည်မှ ရရှိသော အချက်အလက်ထက် အသေးစိတ် ပိုကျသည်။
“ဥပမာအားဖြင့် စတီး ဒါမှမဟုတ် အခြားသော ပုံဆောင်ခဲအသွင်ရှိတဲ့ အစိုင်အခဲတစ်ခုခုအတွင်း အက်တမ်၊ အိုင်ယွန်၊ မော်လီကျူးရဲ့ သုံးဘက်မြင် ဖွဲ့စည်းတည်ဆောက်မှုပုံစံ (Lattice) ရဲ့ အရွယ်အစား ကွဲပြားမှုကို ကြည့်ပြီး စတီးထဲမှာ ကာဗွန်ပမာဏ ဘယ်လောက်ပါတယ်။ အရိုးထဲမှာ ကယ်ဆီယမ်ပမာဏ နည်းတယ်၊ များတယ်၊ စသဖြင့် ကျွန်တော်တို့ ခွဲခြားသိရှိနိုင်တယ်” ဟု အယ်မာက ပြောကြားခဲ့သည်။
အယ်မာနှင့် Northwestern တက္ကသိုလ်မှ သိပ္ပံပညာရှင်အဖွဲ့သည် ၁၉၁၁ ခုနှစ်က အီဂျစ်နိုင်ငံ ဟာဝါရာတွင် တူးဖော်ရရှိခဲ့သော နှစ် ၁၉၀၀ သက်တမ်းရှိ မံမီကို APS X-rays ဓာတ်ရောင်ခြည်များ ဖြတ်သန်းစေခြင်းကို မကြာသေးမီက လုပ်ဆောင်ခဲ့သည်။ ထိုဓာတ်ရောင်ခြည်ဖြင့် ရိုက်ယူရာ၌ မံမီရုပ်လောင်းသည် အသက် ငါးနှစ်အရွယ် မိန်းကလေးတစ်ဦး ဖြစ်ဖွယ်ရှိသည်ကို တွေ့ရကာ မံမီ၏ ဝမ်းဗိုက်ပေါ်တွင် တင်ထားသော အဆောင်ပစ္စည်းတစ်ခုကို Calcite ဟုခေါ်သော ကယ်ဆီယမ်ကာဗွန်နိတ် ဓာတ်သတ္တုဖြင့် ဖန်တီးထားခြင်း ဖြစ်သည်ကို တွေ့ရှိခဲ့သည်။
Calcite ဓာတ်သတ္တုသည် ထိုကဲ့သို့ အဆောင်များအတွက် အသုံးမများကြောင်း၊ ယင်းဓာတ်သတ္တု မည်သည့်နေရာ၊ မည်သည့်အချိန်တွင် စတင်ဖြစ်ပေါ်လာသည်နှင့် ပတ်သက်သော အသေးစိတ် အချက်များကို သိပ္ပံပညာရှင်များအနေဖြင့် မကြာမီတွင် သိရှိနိုင်တော့မည် ဖြစ်ကြောင်း Northwestern တက္ကသိုလ် မှ သုတေသနပါမောက္ခ စတူဝက်စတော့ခ်က ဆိုသည်။
ယခုလေ့လာတွေ့ရှိချက်သည် ကဏ္ဍတစ်ရပ်တွင် နည်းပညာဖွံ့ဖြိုးတိုးတက်မှုက သုတေသန လုပ်ငန်းကို မည်သို့ အကျိုးဖြစ်ထွန်းစေနိုင်သည်ကို ပြသနေခြင်းဖြစ်သလို အဖိုးတန်သော ရှေးဟောင်းပစ္စည်းများကို မထိခိုက်စေဘဲ နည်းပညာသစ်များဖြင့် ရှေးဟောင်းသုတေသန လုပ်ငန်းများအား ပိုမိုလုပ်ဆောင်နိုင်သည်ကို သက်သေပြနေခြင်း ဖြစ်လည်း ဖြစ်သည်။















