ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နိုဝင်ဘာ ၂၉ ရက်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် လူဦးရေတစ်သန်းလျှင် COVID-19 ဖြစ်ပွားမှုသည် ၁၆၄၅ ဦးရှိပြီး ကမ္ဘာ့နိုင်ငံ နယ်မြေ စုစုပေါင်း ၂၃၀ အနက် ၁၄၃ နိုင်ငံမြောက်ဖြစ်ကြောင်း၊ လူဦးရေတစ်သန်းလျှင် COVID-19 လူနာသေဆုံးမှုမှာ ၃၅ ဦးရှိသည့်အတွက် ကမ္ဘာ့နိုင်ငံနယ်မြေစုစုပေါင်း ၂၃၀ အနက် ၁၃၂ နိုင်ငံမြောက်ဖြစ်ကြောင်းနှင့် လူဦးရေအချိုးအစားနှင့် မတွက်ချက်ဘဲ ကိန်းဂဏန်းအနည်းအများနှင့်ဆန်းစစ်ပါက COVID-19 လူနာသေဆုံးမှုမှာ ၁၉၁၈ ဦးရှိပြီး ကမ္ဘာ့နိုင်ငံနယ်မြေ စုစုပေါင်း ၂၃၀ အနက် ၅၇ နိုင်ငံမြောက်ဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ဒုတိယလှိုင်းအသွင်ဖြင့် ရောဂါပိုးကူးစက်ပျံ့နှံ့မှု လျင်မြန်လာခြင်းအပေါ် အများက စိုးရိမ်နေသည်။ မတ်လနှောင်းပိုင်းမှစ၍ မြန်မာတွင် ကိုဗစ်ရောဂါပိုး စတင်ကူးစက်မှုတွေ့ခဲ့ပြီး ငါးလကျော်အကြာတွင် ကိုဗစ်ဒုတိယလှိုင်းကဲ့သို့ ဖြစ်လာခြင်းမှာ လူမှုစီးပွားရေး ပြဿနာများနှင့် ယင်း၏ နောက်ဆက်တွဲဂယက်များနှင့် ရင်ဆိုင်ရတော့မည်ဆိုသည့်အချက် ပေးခေါင်းလောင်းသံလည်းဖြစ်ခဲ့သည်။
COVID-19 ကြောင့်ဖြစ်သည့်အကျပ်အတည်းသည် စီးပွားရေးလုပ်ငန်းများကို ပြင်းထန်စွာ ရိုက်ခတ်လျက်ရှိနေပြီး Asia Foundation 2020 ၏ မကြာသေးမီက ပြုလုပ်သော စစ်တမ်းအရ မြန်မာနိုင်ငံရှိ ကုမ္ပဏီသုံးပုံတစ်ပုံနီးပါးသည် COVID-19 ကူးစက်ပြန့်ပွားမှုကြောင့် ယာယီပိတ်ထားရကြောင်းနှင့် ၎င်းင်းလုပ်ငန်းအများစုအနက် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသော လုပ်ငန်းအများစုမှာလည်း ရာခိုင်နှုန်း ၅၀ ထက်မနည်း ဝန်ထမ်းများ လျှော့ချနေကြသည်။
DICA သို့ ဖျက်သိမ်းရန်တင်ပြထားသည့် ကုမ္ပဏီ ၄၀ ကျော်ရှိ
ဖျက်သိမ်းရန်တင်ပြထားသည့် ကုမ္ပဏီပေါင်း ၄၀ ကျော်ရှိသော်လည်း အချက်အလက်ပြည့်စုံစွာ မရရှိသေးသဖြင့် ယင်းကုမ္ပဏီများ ဖျက်သိမ်းမှုက ဒေဝါလီခံခြင်း ဟုတ် မဟုတ် လတ်တလောတွင် ပြော၍ မရသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ (DICA) ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။
“ ကျွန်တော်တို့ကို ဒေဝါလီခံဖို့ဆိုပြီး လျှောက်ထားတဲ့ကုမ္ပဏီမျိုး မရှိပါဘူး။ ကုမ္ပဏီ ဖျက်သိမ်းဖို့လို့ တင်ပြတဲ့ကုမ္ပဏီမျိုးပဲရှိပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ဆီမှာ ကုမ္ပဏီဖျက်သိမ်းမယ်ဆိုရင် သူ့ သက်ဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်ရပါတယ်။ ဒါကြောင့်မို့ ဒီကုမ္ပဏီဖျက်သိမ်းတာက ဒေဝါလီခံတာလား၊ မခံဘူးလားဆိုတာ လောလောဆယ်ပြောလို့တော့ မရသေးပါဘူး” ဟု ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။
လက်ရှိတွင် DICA သို့ ကုမ္ပဏီဖျက်သိမ်းရန် တင်ပြထားသည့် ကုမ္ပဏီအရေအတွက် ၄၀ မှ ၅၀ ခန့်အထိရှိသည်။
“ ဒီလိုကုမ္ပဏီတွေဖျက်သိမ်းတယ်ဆိုတာကလည်း အကြောင်းအမျိုးမျိုးရှိပါတယ်။ စီးပွားပျက်လို့ ဖျက်သိမ်းတယ်ဆိုတဲ့ကုမ္ပဏီမျိုးတွေ၊ ရင်းနှီးမြှုပ်နှံသူအချင်းချင်း ပူးပေါင်း ဆောင်ရွက်လို့မရတဲ့ကုမ္ပဏီမျိုးတွေ၊ ဒီကုမ္ပဏီအမည်ကို ဖျက်ပြီး နောက်ကုမ္ပဏီနဲ့ ပေါင်းပြီးလုပ်မယ်ဆိုတဲ့ဟာမျိုးတွေ၊ အဲဒီတော့ အခု ၄၀၊ ၅၀ လောက်က ဒေဝါလီခံပြီး ဖျက်သိမ်းဖို့လို့ DICA ကို စာရင်းတင်နေတယ်ဆိုတာမျိုးတော့ မကောက်ယူစေချင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဖျက်သိမ်းမှုက မျိုးစုံရှိတယ်။ ကျွန်တော်တို့ သိမြင်သလောက်ကတော့ ကုမ္ပဏီဖျက်သိမ်းတယ်ဆိုတာ ဒေဝါလီခံတယ်ပေါ့ဗျာ၊ အခု သုံးတာကတော့ Insolvency လုပ်တယ်ပေါ့ဗျာ။ Insolvency ဆိုတာက အကြွေးမဆပ်နိုင်တော့တဲ့အတွက် အကြွေးဆပ်ဖို့နည်းလမ်းရှာတဲ့လုပ်ငန်းလို့ သုံးသပ်ပါတယ်” ဟု ဦးသန့်စင်လွင်က ပြောကြားသည်။
ကုမ္ပဏီဖျက်သိမ်းခြင်းတွင် အကြောင်းအမျိုးအမျိုးကြောင့် ကုမ္ပဏီနာမည်ပြောင်းခြင်း၊ လက်ရှိ ကုမ္ပဏီကို ဖျက်သိမ်းကာ ကုမ္ပဏီအသစ်ထောင်ခြင်းစသည့်သက်ဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်ရသဖြင့် လတ်တလောကုမ္ပဏီ ဖျက်သိမ်းရန် တင်ပြထားသော ကုမ္ပဏီပေါင်း ၄၀ ကျော်၌ ဒေဝါလီခံခြင်း ဟုတ် မဟုတ်ကိုမူ မသိရှိရသေးကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။
“ ဒေဝါလီခံတယ်မခံဘူးဆိုတာထက် ဒီကုမ္ပဏီကို ဖျက်သိမ်းတဲ့ ပုံစံအပေါ် ကျွန်တော်တို့က ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီကုမ္ပဏီ ဖျက်သိမ်းတာ ဘယ်လိုပုံစံနဲ့ဖျက်သိမ်းလဲဆိုတာ ကျွန်တော်တို့ဆီကို ပြည့်ပြည့်စုံစုံ မရောက်ရှိလာသေးဘူး။ ကျွန်တော်တို့ အဲဒါကို ပြောလို့မရဘူး။ ဘယ်လိုဟာမျိုးလဲ၊ ဒေဝါလီခံဖို့ ဖျက်သိမ်းတာလား၊ ဒေဝါလီခံတယ်ဆိုတာကတချို့က အယူအဆ တော်တော်လွဲကြတယ်။ အများနဲ့ ဆိုင်တဲ့လုပ်ငန်းတွေ၊ အများပြည်သူရဲ့ပိုက်ဆံတွေထည့်ဝင်ထားတဲ့လုပ်ငန်းကြီးတွေ အဲဒီလုပ်ငန်းကြီးတွေက ပြိုလဲပျက်စီးပြီး ဒီကုမ္ပဏီကြီးကို ဖျက်သိမ်းလိုက်ရတာကို ဒေဝါလီခံတယ်လို့ဆိုတာပေါ့။ အဲဒီတော့ အဲလို လုပ်ငန်းမျိုးတော့ ကျွန်တော်မတွေ့ဘူး။ သို့သော် ငွေကြေးရင်းနှီးမြှုပ်နှံသူအချင်းချင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းလုပ်ကိုင်ရဖို့လို့အတွက် ငွေကြေးပိုင်းဆိုင်ရာအခက်အခဲရှိလာလို့ သူ့ဟာသူ ရပ်တန့်လိုက်တာမျိုးတော့ ရှိနိုင်တယ်” ဟု ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ထပ်မံပိတ်သိမ်းရန် တင်ပြလာသည့် စက်ရုံ ၃၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။
COVID-19 ကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းများသည်လည်း အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
Lockdown ကန့်သတ်ချက်ကြောင့် ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ရရှိမှု ဆက်လက်ကျဆင်း
မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍ Lockdown ကန့်သတ်ချက်ဒဏ်ကြောင့် ဆိုးရွားစွာထိခိုက်နေဆဲဖြစ်ပြီး ဝယ်လိုအားနည်းပါးနေ၍ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ရရှိမှု ဆက်လက်ကျဆင်းနေကြောင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index- ဝယ်ယူရေး မန်နေဂျာများ၏အညွှန်းကိန်း) အရ သိရသည်။
မြန်မာနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းများ အခြေအနေမှာ နိုဝင်ဘာလအတွင်း ဆက်လက်ကျဆင်းလာခဲ့ပြီး ထုတ်လုပ်မှု၊ အော်ဒါအသစ်များ၊ အလုပ်နေရာများနှင့် ထည့်သွင်းကုန် ဝယ်ယူရေးလုပ်ငန်းများ အားလုံး စံချိန်တင် တစ်ဟုန်ထိုး ကျဆင်းလာခဲ့သည်။
COVID-19 ကူးစက်မှု တိုးပွားလာနေခြင်းကို ထိန်းချုပ်ရန် ချမှတ်ခဲ့သည့် ကန့်သတ်ချက်များကို အကြောင်းပြုပြီး စက်ရုံများ ပိတ်ခဲ့ရခြင်းကို နောက်ဆုံးကျဆင်းမှု၏ အကြောင်းရင်းအဖြစ် ဖော်ပြကြသည်။သို့သော်လည်း စစ်တမ်းအညွှန်း အများအပြားတို့သည် ယခင်လ၏ အနိမ့်ဆုံးနေရာများမှ ပြန်တက်လာခဲ့ပြီး လက်ရှိကျဆင်းမှု သုံးလတာကာလအတွင်း အညင်သာဆုံးဖြစ်သည်။ ကုမ္ပဏီများက လာမည့် ၁၂ လအတွင်း ထုတ်လုပ်မှုပမာဏမြင့်တက်လာမည်ဟု မျှော်လင့်နေကြသော်လည်း အကောင်းမြင်မှုမှာ ခြုံပြောရလျှင် အားနည်းလျက်ရှိသည်။
စျေးနှုန်းများကို လေ့လာကြည့်လျှင် နောက်ဆုံးစစ်တမ်းကာလအတွင်း ထုတ်လုပ်မှုစရိတ်၏ ငွေကြေးဖောင်းပွမှုမှာ အရှိန်ရလာခဲ့ပြီး စစ်တမ်းထဲ ပါဝင်ဖြေကြားသူတို့က ကုန်ကြမ်းရှားပါးမှုကို မကြာခဏ ထောက်ပြခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် စက်ရုံရောင်းစျေးများ ကျဆင်းလာမှုကို ရောင်းချရမှုကို မြှင့်တင်ရန် အားထုတ်မှုများနှင့် ဆက်စပ်ဖော်ပြကြသည်။
နိုဝင်ဘာအတွက် မြန်မာနိုင်ငံ၏ PMI အညွှန်းကိန်းမှာ ၄၃ ဒသမ ၂ ဖြစ်ပြီး အောက်တိုဘာအညွှန်းကိန်း ၃၀ ဒသမ ၆ မှ တက်လှမ်းနိုင်ခြင်းဖြစ်သည်။ လုပ်ငန်းအခြေအနေများမှာ ကျဆင်းမှုကို ထပ်ပြီး အချက်ပြနေသည့်တိုင်အောင် နောက်ဆုံးဂဏန်းက မြန်မာနိုင်ငံ၏ထုတ်လုပ်နေရေးကဏ္ဍ ပြန်လည်နာလန်ထူနိုင်မည့် လှုပ်ရှားမှုကို ညွှန်ပြနေသည်။
စက်ရုံလုပ်ငန်းများကို ရပ်တန့်ထားရကာ ဝယ်လိုအားပျော့လာချိန်မှာ PMI ထဲတွင် ၈၅ ရာခိုင်နှုန်းအထိ အလေးပေးထည့်တွက်ရသည့် အပိုင်းများဖြစ်ကြသည့်ထုတ်လုပ်မှု၊ အော်ဒါအသစ်များ၊ ထည့်သွင်း ကုန်ဝယ်ယူသိုလှောင်မှုများနှင့် အလုပ်နေရာများမှာ နိုဝင်ဘာလတွင် အဓိကအကျဆုံး အညွှန်းကိန်းအပေါ်သို့ လေးလံစွာ ဖိစီးလာကြသည်။ Lockdown ကန့်သတ်ချက်များကြောင့် အလုပ်သမားများ မိမိတို့ဇာတိ နေရပ်များသို့ ဆက်ပြန်နေရသောကြောင့် အလုပ်နေရာများ တစ်ဟုန်ထိုး ဖြတ်တောက်ခံခဲ့ရသည်။ ဤအတောအတွင်း အနာဂတ်လများတွင် ဝယ်လိုအားမ ရေမရာဖြစ်နေမှု၏ ဖိစီးမှုကြောင့် ဝယ်ကုန်ပမာဏများမှာ စစ်တမ်းစတင်ခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှစပြီး အားအကောင်းဆုံးနှုန်းဖြင့် ကျဆင်းသွားခဲ့သည်။
ကုမ္ပဏီများက နိုဝင်ဘာလအတွင်း အော်ဒါအသစ်များကို လျော့ပြီးရရှိခဲ့ကြောင်း အစီရင်ခံခဲ့ကြသည်။ ခြုံပြောရလျှင် ကျဆင်းမှုနှုန်းမှာ အားကောင်းခဲ့သော်လည်း နောက်ဆုံးသုံးလပတ်အစတွင် မြင်တွေ့ခဲ့ရသည်နှင့် စာလျှင် သိသိသာသာ အားပျော့လာခဲ့သည်။ အော်ဒါအသစ်များနှင့် ထုတ်လုပ်မှု၏နောက်ဆုံးကျဆင်းမှုက လုပ်သားအင်အားကို ထပ်ပြီးကျဆင်းစေခဲ့သည်။
ထုတ်လုပ်မှုစရိတ်များမှာ ဒုတိယမြောက်အဖြစ် ဆက်တိုက်မြင့်လာခဲ့ရာ ဖြေကြားခဲ့သူတို့က ကုန်ကြမ်းပစ္စည်းရှားပါးမှုနှင့် ပို့ဆောင်ရေးစရိတ်များမြင့်တက်လာမှုနှင့် ဆက်စပ်ရှင်းပြကြသည်။ ဤအတောအတွင်း ထုတ်ကုန်အတွက် တောင်းဆိုကြသည့် စျေးနှုန်းများမှာမူ ကိုးလဆက်တိုက် မသိမသာ ကျဆင်းလာခဲ့သည်။
နောက်ဆုံးအနေနှင့် လုပ်ငန်းများ၏ယုံကြည်မှုမှာ နောက်ဆုံးသုံးလပတ်အလယ်တွင် အပြုသဘော ဆောင်နေဆဲဖြစ်သည်။ လာမည့် တစ်နှစ်အတွင်းမှာ ထုတ်လုပ်မှုကို တိုးချဲ့ပြီး စက်ပစ္စည်းများထဲသို့ ရင်းနှီးမြှုပ်နှံရန်စီမံထားကြောင်း ကုမ္ပဏီများက အစီရင်ခံကြသည်။ အကောင်းမြင်မှုမှာ သုံးလအတွင်း အားအကောင်းဆုံးဖြစ်သော်လည်း စစ်တမ်းဒေတာသမိုင်းထဲတွင် အားနည်းနေဆဲဖြစ်သည်။
Nikkei ပံ့ပိုးမှုဖြင့် ပြုလုပ်သော နိုဝင်ဘာလ IHS Markit စစ်တမ်းတွင်ဖော်ပြချက်အရ အာဆီယံ ထုတ်လုပ်မှုကဏ္ဍအခြေအနေများ နိုဝင်ဘာလတွင် တည်ငြိမ်လာသော်လည်း စစ်တမ်းတွင် ပါဝင်သည့် ခုနစ်နိုင်ငံအနက် မြန်မာနိုင်ငံက ကုန်ထုတ်လုပ်ငန်းများ အဆိုးရွားဆုံး ဆုတ်ယုတ်နေသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။










