ဒဘတ်ယန်ကျေးရွာသို့ နေရပ်ပြန်ခရီး သာယာဖြောင့်ဖြူးပါစေ

ဒဘတ်ယန်ကျေးရွာသို့ နေရပ်ပြန်ခရီး သာယာဖြောင့်ဖြူးပါစေ
ဒဘတ်ယန်ကျေးရွာသားများ နိုဝင်ဘာ ၁၂ ရက်က ကျေးရွာစာသင်ကျောင်းတွင် အိမ်ထောင်စုနှင့်နေအိမ်နေရာ စိစစ်ခံရန် စောင့်ဆိုင်းနေစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
ဒဘတ်ယန်ကျေးရွာသားများ နိုဝင်ဘာ ၁၂ ရက်က ကျေးရွာစာသင်ကျောင်းတွင် အိမ်ထောင်စုနှင့်နေအိမ်နေရာ စိစစ်ခံရန် စောင့်ဆိုင်းနေစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
Published 6 December 2020
ထွန်းလင်းအောင်

စစ်ရှောင်စခန်းတွင် အဆင်မပြေတော့သည့် နေရပ်စွန့်ခွာသူများ

“ အပြင်ထွက်ရှာရင်လည်း ကပ်ရောဂါနဲ့ မထွက်ရ။ ကူညီတယ်ဆိုတာလည်း တစ်လ တစ်ယောက် တစ်သောင်းကျပ်ပေါ့။ ဒါတွေ သား၊ မြေးတွေ ပညာရေး၊ ကျန်းမာရေး မဖြစ်နိုင်ဘူးလေ။ ကျွန်တော်တို့ ထွက်ပေါက် ရှာရတော့မှာပေါ့။ စစ်ရှောင်စခန်းတွေမှာ နေရထိုင်ရတာက အဆင်မပြေတော့ဘူး” ဟု ညည်းညူရင်း မိသားစုဝင် ၁၄ ယောက်ရဲ့ အိမ်ထောင်ဦးစီးဖြစ်သူ ဦးယိန်းဘောမ်တစ်ယောက် ဒဘတ်ယန် ကျေးရွာနေရပ် ပြန်နိုင်ရေးအတွက် အိမ်ထောင်စု၊ မှတ်ပုံတင်၊ လယ်ယာမြေပိုင်ဆိုင်မှု စာရွက်စာတမ်းတွေနဲ့ အလုပ်ရှုပ်နေသည်။

ကျေးရွာသား ၂၀၀ ကျော်က ထမင်းထုပ်ကိုယ်စီနှင့် တန်းစီစောင့်ဆိုင်းနေခြင်းဖြစ်သည်။ ဓားလွယ်ခြင်း၊ အထုပ်အပိုးများနှင့် တကယ် ရပ်သူရွာသူ တိုင်းရင်းသား ရုပ်တွေဖြစ်သည်။ ပတ်လည်မြင်ကွင်းကား ချုံအတိပြီးသော ခြံဝင်းများ၊ အရိုးပြိုင်းပြိုင်းကျန်နေသည့် အမိုးအကာ ပျက်စီးနေသည့် အိမ်များ၊ သစ်ပင်များကြားတွင် နစ်မြုပ်နေသည့် နှစ်ထပ်တိုက်အိမ်ကြီးများ၊ ခြုံထဲတွင် နစ်မြုပ်နေသည့် နှစ်ခြင်း ခရစ်ယာန်ကျောင်းဝင်းတို့က သည်းထိတ်ရင်ဖို နိုင်ငံခြား ရုပ်ရှင်မြင်ကွင်း တစ်ခုလိုဖြစ်နေသည်။ 

နိုဝင်ဘာ ၁၂ ရက်က ဒဘတ်ယန် ကျေးရွာသားများ နေရပ်ပြန်နိုင်ရေး ကျေးရွာစာသင်ကျောင်းတွင် အိမ်ထောင်စုနှင့် နေအိမ်နေရာများကို အစိုးရဌာနများနှင့် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားမှု  အကောင်အထည်ဖော်ရေးဆိုင်ရာကော်မတီ (KHCC) တို့ ပူးပေါင်းစိစစ်နေခြင်းဖြစ်သည်။

“ ကျွန်တော်က လယ်ရှိတယ်။ မုန်ညှင်းခင်းရှိတယ်။ အရင်က လိမ္မော်ခြံရှိတယ်။ အပင် ၅၀၀ လောက်ဟာ အခုတော့ ချုံပိတ်လို့ အားလုံး သေကုန်ပြီ။ အကြာကြီး မစောင့်နိုင်တော့ တညင်းစိုက်မယ်။ အရင်ကတော့ လိမ္မော်ခြံက မိသားစုပညာရေး ကောင်းကောင်း ရတယ်။ ကျွဲ၊ နွားတွေလည်း တစ်ရွာလုံး ဘယ်သူမှ မကျန်တော့ဘူး။ ၁၀ နှစ်အတွင်းမှာ ကျွန်တော်တို့အများကြီး ဆုံးရှုံးသွားတယ်” ဟု ဆိုကာ ဦးယိန်းဘောမ်က အတိတ်ကို လွမ်းနေသည်။

အတိတ်က ဒဘတ်ယန်

ဒဘတ်ယန်ကျေးရွာသည် ၀ိုင်းမော်မြို့နှင့် မိုင် ၂၀ ကျော်ဝေးသည်။ ၀ိုင်းမော်-ဗန်းမော် ကားလမ်းပေါ်ရှိ ကဇူးချောင်းကူးတံတား ထိပ်တည့်တည့်တွင် ဒဘတ်ယန်ကျေးရွာဆိုင်းဘုတ်ရှိသည်။ ချောင်းအောက်ဘက်ပိုင်းကို ကားလမ်းမ ခွဲထွက်သွားလျှင် ရွာမဖြစ်ပြီး ကားလမ်းပေါ် မေးတင်နေသည့် နေရာမှာ တံတားဆောက်ပြီးနောက် ပေါ်ပေါက်လာသည့် နောက်တိုးအိမ်များဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် အိမ်ခြေ ၃၀၀ ကျော်၊ လူဦးရေ  ၁၅၀၀ ကျော်နေထိုင်ခဲ့သည့် ရွာကြီးဖြစ်သည်။ တစ်ဧကနီးပါး ကျယ်သည့် ဝင်းများတွင် နှစ်ထပ်အုပ်တိုက်အိမ်ကြီးများကို လမ်းဘေးချုံထဲ၊ သစ်ပင်အုပ်ထဲတွင် အများအပြား တွေ့နေရသည်က စည်စည်ပင်ပင်ဖြစ်ခဲ့သည့် သက်သေမှတ်တိုင်များဖြစ်နေသည်။ ရွာသားတွေလည်း ကိုယ့်အိမ်၊ ကိုယ့်ဝင်းကြည့်ကာ ဝမ်းနည်းဝမ်းသာ ဖြစ်နေသည်။

“ အိမ်သစ်ဆုတောင်းတောင် မလုပ်ရသေးဘူး။ ပြေးရတာ။ ပြန်လာတော့ အိမ်တောင်ဟောင်းပြီ။ အခုက ချောင်းထဲ ရေချိုးဆင်းတဲ့ လမ်းရှင်းနေတာ” ဟု ဦးလခရိ ဘရန်နန်က ချွေးသုတ်ရင်းဆိုသည်။ သူငယ်ငယ်က အနားယူခဲ့သည့် ရေချိုးဆိပ်က ကျောက်တုံးကြီး မျောသွားတာလား။ ပျောက်သွားတာလား သူမမှတ်မိတော့ဟု ဆိုသည်။ ကျွန်တော်တို့ မေးခွန်းတွေထက် သူ့လုပ်ငန်းစဉ်မှာ သူမျောနေသည်။

စိစစ်ရေး အဖွဲ့ခေါင်းဆောင် ၀ိုင်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးစိုးမင်းက “ ဒီရွာက အရင်က အရမ်းစည်တာဗျ။ ရွာဆုံးတာနဲ့ ကဇူးကူးတို့ဆိပ်ပဲ။ တံတား မရှိတော့ ဇက်ကူး။ အနားယူတဲ့ ဂိတ်ပေါ့။လိမ္မော်သီးက ပေါလည်းပေါ။ နာမည်လည်း ကြီးတယ်။ လမ်းတစ်လျှောက် လိမ္မော်ခြံပဲကို။ အခုရွာလယ်လမ်းမက အရင်က ကားလမ်းမကြီး။ တံတားဆောက်လိုက်မှ ရွာထိပ်ဘက် လမ်းရောက်သွားတာ” ဟု အလုပ်စဝင်သည့် နှစ်ပေါင်း ၂၀ ကျော်ကို ပြောပြနေသည်။

ထိုရွာမှာ စိုက်ပျိုးရေးလုပ်ငန်းများက မအောင်မြင်စရာမရှိပါ။ အလေ့ကျပေါက်နေသည့် ဇီယာပင်များသည်ပင် လူနှစ်ရပ်ကျော်သည်။ ကဇူးချောင်း ရေလွှမ်းပြီး နုန်းပို့ချသည့် မြစ်ကမ်းတစ်လျှောက်က  မြေဆီသြဇာ အပြည့်အဝရှိသည်။ အထွက်ကောင်း၊ အကျိုးပြုခဲ့သည့် လိမ္မော်ခင်းများ စစ်ဘေးရှောင်နေစဉ် ခြံမရှင်းနိုင်၍ ဆုံးခဲ့ရသည်ကို ရွာသားများ နှမြောတသ ပြောကြသည်မှာ လွန်ဖွယ်မရှိ။

ရွာသားများ၏ မျှော်လင့်ချက်

စစ်ရှောင်များ၏ မျှော်လင့်ချက်က ငြိမ်းချမ်းဖို့နှင့် ကိုယ်အိုးကိုယ့်အိမ်မှာ အတည်တကျ ပြန်လည်နေထိုင်ရေးပဲဖြစ်သည်။

“ လိမ္မော်စျေးတွေ အရင်မပြေးခင်၂၀၊ ၃၀၊ ၄၀ အလွန်ဆုံးပဲ။ အခုတစ်ရာကျော်တယ်။ ပြန်စိုက်မှာ ကျွန်တော်က။ ဒါပေမဲ့ ငါးနှစ်လောက် စောင့်ပြီး။ ၁၀ နှစ်ကျော်မှ ကောင်းကောင်းထွက်တော့ မျိုးသန့် လိုတယ်။ နည်းပညာလိုတယ်။ ကျွန်တော်တို့က ဝလုံးက ပြန်စရမှာ” ဟု အသက် ၇၀ နီး ရပ်မိရပ်ဖ ဦးလဂမ်လတောင်က ဆိုသည်။

မေးမြန်းခဲ့သူ အများစုက မြေကြီးကို မှီခိုနေသူများဖြစ်သည်။ စျေးလှည့်ရောင်း၊ ကုန်စုံဆိုင် ရောင်းမည့်သူတွေလည်း ပါသည်။ စစ်ရှောင်မှာ လင်သားဆုံးပါးခဲ့သူ ဒေါ်လဝမ်က “ သူကတော့ မနှစ်ကဆုံးသွားပြီ။ ဒီရွာပြန်မလာနိုင်တော့ဘူးပေါ့။ စစ်ရှောင်မှာ နေရတာတော့ သားသမီးပညာ အောင်သွားတယ်။ စျေးဆိုင်သေးသေးဖွင့်မယ်။ ဝက်မွေး၊ ကြက်မွေးလုပ်မယ်။ ဒီရွာမှာ ဝက်စာပေါတယ်။ နေ့စားလုပ်ငန်းတွေလည်း ရှိမှာပါ” ဟု ဆိုသည်။

ရွာဝန်းကျင် တစ်မိုင်လောက်မှာ တစ်ရှူးငှက်ပျောခြံက တစ်မျှော်တစ်ခေါ်ဖြစ်သည်။ တာလောကြီး၊ ရွှေညောင်ပင်၊ ရွာသစ် စသည့် ကျေးရွာများအထိ ဧကပေါင်းသောင်းဂဏန်းရှိမည်။ ဆိုင်ကယ်နှင့်သွားရင် ၁၀ မိနစ်၊ ၁၅ မိနစ်သာ ရှိမည်။ နေ့စားတွေ ရနိုင်သည်။ ကျင်စားတွေ ရနိုင်သည်။ တနိုင်တပိုင် မွေးမြူရေးလုပ်ငန်းတွေ စနိုင်သည်။ အနည်းဆုံးတော့ အိမ်နောက်ဖေး စျေးဆိုင်တည်ဆိုသလို စားခင်းသောက်ခင်း စိုက်နိုင်သည်။ အစိုးရဘက်က၊ လူမှုအဖွဲ့အစည်းများဘက်က နည်းပညာ၊ မျိုးကောင်းမျိုးသန့်နှင့် စီမံခန့်ခွဲမှုကောင်းကောင်းလုပ်နိုင်မှ ရွာသားများက စားဝတ်နေရေးလည်ပတ်နိုင်မည်။

ပြန်ဖို့အရေး ကြာမှကြာ

၀ိုင်းမော်-ဗန်းမော်ကားလမ်း နံဘေးရွာက စစ်ရှောင်များ နေရပ်ပြန်နိုင်ရန် လုံးပန်းလာကြသည်မှာ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၃၀ ရက် မနောကွင်းဆွေးနွေးပွဲကတည်းက ဖြစ်သည်။ ဗန်းမော်လမ်းဘက် ငြိမ်းသွားပေမယ့် မေခနှင့် မလိခ ကြားရွာများ၊ တနိုင်း၊ နမ္မတီး၊ ရှမ်းမြောက်ဘက်တွင် ပစ်ကြ၊ ခတ်ကြ သတ်ကြတော့ စစ်ရှောင်များနေရပ်ပြန်ရန် မအောင်မြင်ခဲ့ကြ။ စစ်ရှောင်ဦးရေပင် ထပ်တိုးလာခဲ့ကြသေးသည်။ အစိုးရအစီအစဉ်အရ ပြန်လည်ထူထောင်ရေး ရွာသို့သာ ရွှေ့ပြောင်းနေထိုင်ကြရသည်။ ယခုတော့ ၁၀ နှစ်ကြာမှ နေရပ်ပြန်ရေး ထပ်ဖြစ်လာရသည်။

KHCC အတွင်းရေးမှူး (၃) ဖြစ်သူ ဦးခါးလီက “ကျွန်တော်တို့က ကေအိုင်အေ ထိန်းချုပ်နယ်မြေရော အစိုးရထိန်းချုပ်နယ်မြေရော နေရပ်ပြန်စေချင်တာ။ ဒါပေမဲ့ အဓိက ၀ိုင်းမော်-ကန်ပိုင်တည်လမ်းပေါ်၊ ၀ိုင်းမော်-ဗန်းမော်လမ်းပေါ်၊ ဗန်းမော်-လွယ်ဂျယ် လမ်းပေါ်က ရွာတွေ အဓိကထားပြန်ဖို့မူ ချထားတယ်။ အခုက ၁၇ ရွာမှာ ဒီရွာ အပါအဝင်ပေါ့” ဟု ဆိုသည်။ ဒဘတ်ယန်ကျေးရွာကို အစိုးရအစီအစဉ်ဖြင့် ၃၇ အိမ်ထောင်စု၊ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ ကော်မတီ (KHCC) က စီစဉ်သည့် အိမ်ထောင်စု ၂၁၆ စုရှိသည်။ တချို့လည်း ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်းများတွင် ဖြစ်သည်။ သူတို့ကတော့ ယခုအစီအစဉ်တွင် မပါလာနိုင်ကြသေးပါ။

ရွာသားများ စိုးရိမ်နေသည့် အဓိကအချက်များ

ရွာသားများ အဓိက စိုးရိမ်နေသည့် အဓိက သုံးချက်ရှိသည်။ ပြန်လာလျှင် စားဝတ်နေရေး ကောင်းမွန်ရေး၊ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှု မဖြစ်ရေးနှင့်  ကိုယ့်သားကိုယ့်သမီး စစ်မှုထမ်းရမှာကို စိုးရိမ်နေကြခြင်းပဲ ဖြစ်သည်။

စားဝတ်နေရေးအတွက် ဘက်ပေါင်းစုံက ၀ိုင်းဝန်းလုပ်ဆောင်ကြရင် ပတ်ဝန်းကျင်ကောင်းများ ရှိပြီးသား ဖြစ်သည်။

ပြန်လည် ပစ်ခတ်တိုက်မှုများနှင့်ပတ်သက်ပြီး ကေအိုင်အေ/ ကေအိုင်အို ဗဟိုဘက်ကလည်း စိုးရိမ်နေခြင်းမျိုးရှိသည်။ ကေအိုင်အိုက ဗိုလ်မှူးကြီးနော်ဘူက နေရပ်ပြန်ရေးနှင့် ပတ်သက်ပြီး “ ကျွန်တော်တို့ဘက်က စိုးရိမ်တာလည်း ပြန်ပစ်ကြမှာကိုပဲ။ အပစ်အခတ် ရပ်စဲနိုင်တဲ့အခြေအနေရှိရင်တော့ လုံးဝ မဟုတ်တောင် အတိုင်းအတာတစ်ခုအထိ လုံခြုံသွားတာပေါ့။ ကျွန်တော်တို့ကတော့ အာမခံချက်ရှိတဲ့ နေရပ်ပြန်ရေး ဖြစ်စေချင်တယ်။ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးသွားဖို့က ၂၀၂၀ မှာဆိုရင် COVID-19 ကပ်ရောဂါဖြစ်တော့ တပ်မတော်နဲ့ တစ်ကြိမ်ပဲ တွေ့နိုင်တယ်။ တွေ့ဆုံမှုတွေ၊ ညှိနှိုင်းမှုတွေ များလာရင်တော့ လမ်းစရမှာပဲ။ အရင်ကတော့ မြောက်ပိုင်းမဟာမိတ်လေးဖွဲမှာ AA က ကျန်နေတယ်။ မြောက်ပိုင်းအဖွဲ့အားလုံးက တပ်နေရာတွေ အားလုံးရောထွေးနေတော့ သူတို့ မပါရင် ကျွန်တော်တို့က ထပ်ဖြစ်မှာကို စိုးရိမ်တယ်။ တပ်မတော်နဲ့ ဆက်ဆံရေးက ဝေးသွားတဲ့အခြေအနေတော့ မဟုတ်ပါဘူး။ အစိုးရသစ်လက်ထက်မှာလည်း အကောင်းဆုံးဖြစ်လာမယ်လို့ မျှော်လင့်နေပါတယ်” ဟု ဆိုသည်။

လွန်ခဲ့သည့် ရက်ပိုင်း ဒီဇင်ဘာ ၁ ရက်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေး စိန်ခေါ်မှုနှင့် ကိုဗစ်ကပ်ရောဂါ စိန်ခေါ်မှုများကို တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ ပြည်သူလူထုတစ်ရပ်လုံးက ညီညွတ်သည့် အင်အားဖြင့် တွန်းလှန်ကာကွယ်ရမည် ဖြစ်ကြောင်း၊ လက်နက်ကိုင်၍ အခွင့်အရေး တောင်းဆိုခြင်းထက် နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ခြင်းသည်သာ သင့်တော်ကောင်းမွန်မည်ဖြစ်ကြောင်း၊ ပညာရေး တိုးတက်မှုရှိစေရန် အလေးထားဆောင်ရွက်ရန် စေလိုကြောင်း၊ မျိုးဆက်သစ် လူငယ်များ၏ အနာဂတ် ဘဝမြှင့်တင်ပေးကြရမည် ဖြစ်ကြောင်း၊ IDP စခန်းများတွင် ထောက်ပံ့ရိက္ခာသာရရှိမည် ဖြစ်ပြီး အလုပ်လုပ်နိုင်မည် မဟုတ်ကြောင်း၊ ပြန်လည် အခြေကျနေထိုင်ရေးအတွက် တပ်မတော်က ကူညီပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အကျိုးကို ရေရှည်မျှော်တွေး၍ ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်စေလိုကြောင်း၊ တပ်မတော်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၁၈ ဒီဇင်ဘာမှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်  ငြိမ်းချမ်းရေးအတွက် ယနေ့အထိ ဆက်လက်ရပ်စဲထားကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ (EAO) များ၏ တည်ရှိမှု၊ အသိအမှတ်ပြုထားသည့်နေရာမှန်သမျှကို တပ်မတော်အနေဖြင့် လက်ဦးမှု ရယူတိုက်ခိုက်သွားမည်မဟုတ်ကြောင်း စသည့် ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်သည့် စကားလက်ဆောင်များ ပါးခဲ့သည်။

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ ကော်မတီ (KHCC) မှ အတွင်းရေးမှူး (၃) ဖြစ်သူ ဦးခါးလီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံမှုနှင့်ပတ်သက်ပြီး “ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောဆို၊ ဆက်ဆံပုံက စစ်ရှောင်တွေ နေရပ်ပြန်နိုင်ရေးကို တကယ်ကို လိုလိုလားလားရှိတယ်လို့မြင်တယ်။ မိုင်းရှင်းလင်းရေးကိစ္စတွေကို အတတ်နိုင်ဆုံး လုပ်ဆောင်ပေးဖို့၊ စိန်လုံမှာ ဖျက်ဆီးခံရတဲ့ ဘုရားကျောင်းကို ပြန်လည်ပြုပြင်ပေးဖို့ ပြောလာတယ်။ တွေ့ဆုံမှုက အပြုသဘော အများကြီးဆောင်ပါတယ်” ဟု ဆိုသည်။

စစ်ရှောင်များ နေရပ်ပြန်ရေး၏ အဓိက အခရာသည် ပြန်လည်တိုက်ခိုက်မှုမဖြစ်ရေးပဲ ဖြစ်သည်။ တိုက်ပွဲများဖြစ်ပါက တိုက်ခိုက်မည့် သူများလိုသည်။ ကေအိုင်အေလည်း ကချင်လူငယ်များကိုပဲ ပြန်လည်အသုံးချရမည် ဖြစ်သည်။ စစ်သား စုဆောင်းရေးများလုပ်ရသည်။ ကေအိုင်အေမှာလည်း တစ်မိသားစု တစ်ယောက်နှုန်းက ယခင်ကပြဋ္ဌာန်းချက်ရှိပြီးသားဖြစ်၍ မိဘများ လူငယ်များ အားလုံးက ဒါကို စိုးရိမ်နေကြသည်။ “ခဏ၊ခဏ မပြေးကြဖို့ ကျွန်တော်တို့အတွက် စဉ်းစားပေးပေါ့။ ခေါင်းဆောင်နှစ်ဖက်ကို ပြောချင်တာပေါ့။ သူတို့နှစ်ယောက်က ငြိမ်းချမ်းရေးယူပြီးတော့ပေါ့။ တိုင်းပြည်အတွက် မနောက်ကျဘူးပေါ့။ သူတို့တိုက်ကြတော့ တိုးတက်မှု နောက်ကျတာပေါ့” ဟု ကိုလခရိဘရန်နန်က ဆိုသည်။

ဒဘတ်ယန် KBC ကချင် ခရစ်ယာန်နှစ်ခြင်းကျောင်းတွင် အမှုထမ်းနေသည့် ဘွဲ့ရ လူငယ်က “ ကျွန်တော်တို့ကတော့ အဲဒီ စစ်သားစုဆောင်းရေးကိစ္စ ကျွန်တော်တို့လည်း စိုးရိမ်တယ်။ ကေအိုင်အေ ဗဟိုအထိ တင်ပြထားတာတွေ့ရှိတယ်။ ကျွန်တော့်အမြင်တော့ ၀ါသနာပါလို့သွားရင်တော့လည်း အမှုထမ်းပေါ့။ ရွာကိုပြန်လာကြတယ် ဆိုပေမဲ့ ပညာတတ်လူငယ်အများစုက မြို့မှာ ကျန်ခဲ့ကြမယ် ထင်တယ်။ ဒီမှာက အလုပ်အကိုင် အခွင့်အလမ်းနည်းတယ်” ဟု ဆိုသည်။

သားသမီးလေးဦး မိခင် ဒေါ်လဝမ်ကတော့ “အကောင်းဆုံးကတော့ နှစ်ဖက်မပစ်ကြရင် ကောင်းတယ်။ ၁၀ နှစ်ကျော် စစ်ပြေးရတာ ရောက်လာတော့ ဘာမှမကျန်ကြတော့ဘူး။ ပစ်ကြခတ်ကြရင် ကျွန်မတို့ဘာမှပြောလို့မရတော့ဘူး။ စားရေး၊ နေရေးက ဘယ်နေရာနေနေ ရှာစားရမှာပဲ။ ကလေးတွေကတော့ ရွာကိုပြန်ချင်မှ ပြန်လာမှာပါ။ ရွာမှာက လူငယ်တွေ အများကြီး ပြန်မလာရင် အရင်လိုတော့ ဘယ်စည်စည်ကားကားတော့ ဖြစ်မလဲ” ဟု ဆိုသည်။

ကြုံကြရသည့်  အခက်အခဲ

လက်ရှိတွင် ကိုဗစ်ကပ်ဘေးဆိုက်နေသည့်အတွက် စခန်းအဝင်အထွက် ကိုပိုမိုတင်းကျပ်ထားသည်။ ထောက်ပံ့ငွေလေးတစ်ယောက် တစ်သောင်းဆိုသည်က မသေရုံ ထမင်းဟင်းပင်မရနိုင်ပါ။ ရပ်ဝေးရပ်နီး အလှူရှင်များလည်း နောက်ပိုင်းကာလတွင် တဖြည်းဖြည်းလျော့နည်းလာသည်။ မိသားစု လေးငါးခြောက်ယောက်က တန်းလျားက ၁၀ ပေခန်းထဲမှာ ကျပ်ကျပ်တည်းတည်း။ ၁၀ နှစ်အတွင်း ပွားစည်းခဲ့သည့် လူတွေလည်း မနည်းလှ။ စစ်ရှောင်စခန်း ရောက်တုန်းက နှပ်ချေးတွဲလွဲ ကလေးတွေက အပျိုဖားဖား၊ လူပျိုဖားဖားများ ဖြစ်ကုန်ကြပြီ။ အဆောင်တန်းလျားများလည်း ဟောင်းလာ၍ မမြင်အပ်မှုများကို တွေ့နေရသည်။ မကြားအပ်မှုများ သိနေရသည်။ မိမိရပ်ရွာလို ခြံကျယ်၊ ဝင်းကျယ် မဟုတ်။

အစိုးရကလည်း စစ်ဘေးရှောင်များအတွက် စိုးရိမ်နေသည့် အချက်များက ကပ်ရောဂါ ကူးပါက အစုလိုက် အပြုံလိုက် ဖြစ်နိုင်သည်။ ပညာရေး၊ ကျန်းမာရေး၊ လိုအပ်ချက်အရ ထောက်ပံ့မှုများ လုပ်ဆောင်နေရသည်။ ကချင်ပြည်နယ် စစ်ဘေးရှောင်များအတွက် ကိုးနှစ်တာကာလအတွင်း ကျပ်ဘီလျံ ၄၀ နီးပါး အစိုးရနှစ်ဆက်တွင် အသုံးပြုခဲ့ရသည်။ တစ်လလျှင် ကျပ်သိန်းပေါင်း သုံးထောင်ကျော် စစ်ဘေးရှောင်ပြည်သူများအတွက် အသုံးပြုနေရကြောင်း ကချင်ပြည်နယ် လွှတ်တော်တွင် အစိုးရအဖွဲ့က ပြောကြားသည်။

NLD လက်ထက် စာရင်းများအရ  အစိုးရလက်အောက်တွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များမှာ မြစ်ကြီးနားခရိုင်တွင် စခန်းပေါင်း ၄၁ စခန်း၊ ဗန်းမော်မြို့ခရိုင်တွင် ၂၈ စခန်း၊ မိုးညှင်းခရိုင်တွင် ၂၈ စခန်း၊ ပူတာအိုခရိုင်တွင် နှစ်စခန်း စုစုပေါင်း ၉၅ ခုရှိပြီး အိမ်ထောင်စုပေါင်း ၉၃၀၀၊ အသက် ၁၂ အထက် အမျိုးသား ၁၃၃၅၆ ဦး၊ အမျိုးသမီး ၁၅၄၇၆ ဦးရှိပြီး ၁၂ နှစ်အောက် ကျား ၈၀၁၉ ဦး၊ မ ၇၉၅၀ ရှိပြီး အားလုံးစုစုပေါင်း ၄၄၈၀၁ ဦး ရှိသည်။

ကေအိုင်အို ထိန်းချုပ်နယ်မြေတွင် စစ်ရှောင်စခန်း ၂၅ ခု၌ လူဦးရေ ၄၆၀၀၀ ကျော်နေထိုင်ကြောင်း ၂၀၁၇ ခုနှစ် စာရင်းများကဆိုသည်။ ကချင်ပြည်နယ်၌ ဒေသတွင်း နေရပ် ရွှေ့ပြောင်း စစ်ရှောင်များတွင် နေရပ်ပြန်နိုင်ရေး ဆောာင်ရွက်ရန် နိုင်ငံတော်သမ္မတက ၂၀၁၉ ခုနှစ်တွင် နေရပ်ပြန်လည်ချထားရေး လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရေး အဖွဲ့ကိုဖွဲ့စည်းခဲ့ကြောင်း၊ နောက်တစ်ဖွဲ့သည် တိုက်ပွဲရှောင်ပြည်သူများ ပြန်လည်နေရာ ချထားရေးနှင့် စခန်းများ ပြန်လည်ရုပ်သိမ်းရေး အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ရေးဆွဲခဲ့ကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် နှစ်လတစ်ကြိမ် အစီရင်ခံစာတင်ပြပြီး ဆောင်ရွက်နေကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းက ဆိုသည်။ 

၂၀၂၀ ခုနှစ် ဇွန်လကုန်အထိ အစိုးရအဖွဲ့ နေရာပေါင်း ၂၁ နေရာတွင် အိမ်ထောင်စု ၁၃၆၁ စု၊ လူဦးရေ ၇၀၀၀ ကျော်ကို ပြန်လည်နေရာ ချထားခြင်း၊ နေရပ်ပြန်ခြင်းတို့ကို ပြုလုပ်ရာတွင် ကျပ်သိန်းပေါင်း ၂၇၀၀ ကျော် ကုန်ကျထားသည်။ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားမှု  အကောင်အထည်ဖော်ရေးဆိုင်ရာ ကော်မတီ (KHCC) က ဦးခါးလီက “ကျွန်တော်တို့လုပ်နေတာ တနိုင်း၊ ရွှေညောင်ပင်က ပြီးပါ ပြီ။ မိုးမောက်၊ ပူတာအို၊ ဒီရွာအပါအဝင် ကျန်တဲ့ ၁၇ ရွာလည်း စီစဉ်နေပါတယ်။ ဒီဒဘတ်ယန်ကတော့ ဇန်နဝါရီလကုန်မှာ အပြီးအကောင်အထည်ဖော်မယ်။ မတ်လလောက်မှာ ရွာသားတွေလက်ထဲ အပ်နိုင်အောင် လုပ်နေပါတယ်။ ကျန်တဲ့ နေရာတွေအတွက်က ဘတ်ဂျက် အကန့်အသတ်လည်း ရှိနေသေးတယ်” ဟု ဆိုသည်။ ဒဘတ်ယန်ကျေးရွာ နေရပ်ပြန်နိုင်ရေးမှာ ဂျပန်နီပွန်ဖောင်းဒေးရှင်းက ကချင်စစ်ဘေးရှောင် ၁၇ နေရာကို နေရပ်ပြန်နိုင်ရေးအတွက် အမေရိကန် ဒေါ်လာ ငါးသန်း ကူညီရန် ၂၀၁၉ ခုနှစ်က သဘောတူထားပြီး စတင်အကောင်အထည်ဖော်ဆောင်ခဲ့သည့် စီမံကိန်းတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

ဒဘတ်ယန်အပြန်ခရီးတွင် ရွာထိပ်မှ ကဇူးချောင်းဖြတ်ပြီး တံတားသစ်ကြီး ဆောက်နေသည်ကို တွေ့ရသည်။ ကဇူးချောင်းလည်း တစ်ဖက်ကမ်း ကြည်ပြီး တစ်ဖက်ကမ်းက နောက်နေသည်။ အထက်ပိုင်းမှာ ရွှေတူးနေကြသည်ဟု ထင်သည်။ သစ်ပင်ချိတ်ထားသည့် ဆိုင်းဘုတ်အနီများက “ အိမ်တံခါး၊ ကျွဲ၊ နွား၊ သစ်၊ ၀ါး ခိုးယူခြင်း၊ ခုတ်ယူခြင်းမပြုရ ထိရောက်စွာ အရေးယူမည်” ဟု ဆိုသည်။ ငှက်ပျောသယ်ကားများလည်း လေးငါးစီးဖြတ်သွားကြသည်။ ဒဘတ်ယန်ရွာသားများ နှစ်သစ်တွင် ကိုယ့်ရပ်ကိုယ့်ရွာ ချမ်းသာစွာ ပြန်နိုင်ကြပါစေ။ နေနိုင်ကြပါစေ။ စစ်ရှောင်နိုင်ကြပါစေ။

Most Read

Most Recent