ရီးယဲလ်နည်းပြ ဇီဒန်းက အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် အုပ်စုအဆင့်မှ ထွက်ခွာရဖွယ်ရှိနေသော်လည်း ရာထူးမှ နုတ်ထွက်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည် ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သည် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ရှက်တာဒိုးနက်အသင်းကို (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ယင်းရှုံးပွဲကြောင့် ရီးယဲလ်အသင်းသည် ချန်ပီယံလိဂ်အုပ်စု(B)တွင် အဆင့် (၃) နေရာသို့ ရောက်ရှိသွားခဲ့ပြီး အုပ်စုအဆင့်မှ ထွက်ခွာရမည့်အရေးနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
ချန်ပီယံလိဂ် အုပ်စု(B)တွင် မိုချန်ဂလာဘတ် (၈ မှတ်)၊ ရှက်တာဒိုးနက်(၇ မှတ်)၊ ရီးယဲလ်(၇ မှတ်)နှင့် အင်တာမီလန် (၅ မှတ်)တို့က အစဉ်လိုက်ရပ်တည်နေပြီး အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ရီးယဲလ်-မိုချန်ဂလာဘတ်၊ အင်တာမီလန်- ရှက်တာဒိုးနက်တို့ တွေ့ဆုံနေသည်။
အင်တာမီလန်-ရှက်တာဒိုးနက်ပွဲတွင် အင်တာမီလန် အနိုင်ရခဲ့ပါက ရီးယဲလ်အသင်းအနေဖြင့် မိုချန်ဂလာဘတ်ကို သရေကစားရုံဖြင့် နောက်တစ်ဆင့်တက်နိုင်မည်ဖြစ်ပြီး ယင်းပွဲတွင် အခြားရလဒ် များ ထွက်ပေါ်ခဲ့မည်ဆိုပါက ရီးယဲလ်အသင်းအနေဖြင့် မိုချန်ဂလာဘတ်အသင်းကို အနိုင်ကစားမှသာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မည်ဖြစ်သည်။
ရီးယဲလ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ယခုရာသီအပါအဝင် (၅၁) ကြိမ် ယှဉ်ပြိုင်ခဲ့ရာ ပြီးခဲ့သည့် အကြိမ် (၅၀)စလုံး အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သော်လည်း ယခုရာသီတွင် အုပ်စုအဆင့်မှ ထွက်ခွာရဖွယ်ရှိနေခြင်းဖြစ်သည်။
ထို့ပြင် ရီးယဲလ်အသင်းကို ချန်ပီယံလိဂ်ဖလား (၃)နှစ်ဆက်တိုက် ရယူပေးခဲ့သည့် ဇီဒန်းမှာလည်း အသင်းသမိုင်းတွင် ချန်ပီယံလိဂ်အုပ်စုအဆင့်ကို မကျော်နိုင်သည့် နည်းပြအဖြစ် မှတ်တမ်းဝင်ဖွယ်ရှိနေသည်။
သို့သော် ဇီဒန်းက မိမိအနေဖြင့် ရီးယဲလ်နည်းပြရာထူးမှ နုတ်ထွက်မည်မဟုတ်ဘဲ အကောင်းဆုံး ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။
''ကျွန်တော့်အနေနဲ့ စိတ်အားထက်သန်မှုအပြည့်ရှိပြီး ထုံးစံအတိုင်းပဲ အသင်းအတွက် အစွမ်းကုန်ပေးဆပ်သွားမှာပါ။ ရီးယဲလ်အသင်းနည်းပြရာထူးကနေ ကျွန်တော် နုတ်ထွက်မှာ မဟုတ်ပါဘူး''ဟု ဇီဒန်းက ပြောကြားခဲ့သည်။
သို့သော် စပိန်မီဒီယာများကမူ ရီးယဲလ်အသင်းအနေဖြင့် ဇီဒန်းကို (၃)ပွဲစောင့်ကြည့်သွားမည်ဖြစ်ပြီး ၎င်းနေရာတွင် စပါးနည်းပြဟောင်း ပိုချက်တီနိုကို အစားထိုးခန့်အပ်ဖွယ်ရှိနေကြောင်း ဖော်ပြခဲ့ကြသည်။















