■ ဂျရူးရဲ့စူပါဟက်ထရစ်နဲ့ အုပ်စုပထမနေရာရခဲ့တဲ့ ချယ်လ်ဆီး

■ ဂျရူးရဲ့စူပါဟက်ထရစ်နဲ့ အုပ်စုပထမနေရာရခဲ့တဲ့ ချယ်လ်ဆီး
Published 3 December 2020

ဆီဗီလာ ၀-၄ ချယ်လ်ဆီး

အပြောင်းအရွှေ့သတင်းတွေထွက်နေတဲ့ ၀ါရင့်တိုက်စစ်မှူး ဂျရူးက (၄)ဂိုးအထိသွင်းယူပြီး ချယ်လ်ဆီးအသင်းအတွက် အုပ်စုပထမနေရာ ရယူပေးခဲ့ပါတယ်။ နောက်တစ်ဆင့်တက်ထားပြီး သားအသင်းတွေဖြစ်ပြီး အုပ်စုပထမနေရာသာ လုရတာဖြစ်ပေမဲ့ နှစ်သင်းစလုံးမှာ ကစားသမားပိုင်းအပြောင်းအလဲ အတော်များခဲ့တယ်။ ချယ်လ်ဆီးက စပါးနဲ့ပွဲလူစာရင်းကို (၉)နေရာလောက် ပြောင်းလဲခဲ့ပြီး ဆီဗီလာကလည်း လာလီဂါမှာ ရီးယဲလ်နဲ့ ကစားဖို့ရှိနေလို့ အဓိကနောက်ခံလူ(၃)ဦးလောက်ပဲ အခုပွဲမှာ အသုံးပြုခဲ့တာပါ။

ချယ်လ်ဆီးက အပြောင်းအလဲများပေမဲ့ ဟာဗက်ဇ်၊ ပူလီဆစ်၊ ဟတ်ဆန်အိုဒွိုင်းတို့ကြောင့် အသင်းကစားပုံက ပိုမြိုင်ခဲ့ပါတယ်။ ဒီကစားပုံနဲ့ တိုက်စစ်က ဂျရူးရဲ့ Clinical Finishing နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ ချယ်လ်ဆီးအဖို့ ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအတွက်ဂိုးတွေကို ဂျရူးက (၈)မိနစ်၊ (၅၄)မိနစ်၊ (၇၄)မိနစ်တွေအပြင် (၈၃)မိနစ်မှာ ပယ်နယ်တီကတစ်ဆင့် သွင်းယူပြီး  စူပါဟက်ထရစ်ရရှိခဲ့ပါတယ်။

ဂျရူးအတွက် ချန်ပီယံလိဂ်မှာ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး  ပထမဆုံးအကြိမ်ကတော့ ၂၀၁၅ ဒီဇင်ဘာလက အိုလံပီယာကော့စ်နဲ့ပွဲမှာ အာဆင်နယ်အသင်းမှာ ကစားချိန်ကဖြစ်ပါတယ်။ ဆီဗီလာအရန်ဂိုးသမား ပက်စတာရဲ့လက်စွမ်းပြကာကွယ်မှုတချို့ကြောင့်လည်း အိမ်ရှင်အသင်း အရှုံးသက်သာခဲ့ရတာဖြစ်တယ်။ ဆီဗီလာတိုက်စစ်က အန်နက်ဆီရီလောက်ပဲ အနည်းငယ်အလုပ်ဖြစ်ခဲ့ပေမဲ့ ဂိုးတော့ မသွင်းနိုင်ခဲ့ပါဘူး။

Most Read

Most Recent