လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝေဖန်နေသကဲ့သို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာများကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ နုတ်ထွက်ခြင်း မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝေဖန်နေသကဲ့သို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာများကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ နုတ်ထွက်ခြင်း မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 2 December 2020
အောင်မင်းသိန်း

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝေဖန်နေသကဲ့သို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာများကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် နုတ်ထွက်ရခြင်းမဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

ဒီဇင်ဘာ ၂ ရက်က နိုင်ငံတော်သမ္မတအိမ်တော် သတင်းထောက်ဂရုတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် နုတ်ထွက်ခြင်းနှင့်ပတ်သက်၍ အိမ်တော်သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဦးဇော်ဌေးက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ နုတ်ထွက်မှုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ အမျိုးမျိုးပြောဆိုဝေဖန်နေတာတွေ တွေ့ရှိရပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ပြောလိုတာကတော့ (၁) ဒီလို ဆန္ဒအလျောက် နုတ်ထွက်တာဟာ ကော်မရှင်ဥက္ကဋ္ဌရဲ့ ပုဂ္ဂိုလ်ရေးဆန္ဒနဲ့ လောကုတ္တရာကူးပြောင်းရေးကိစ္စ သက်သက်သာ ဖြစ်ပါတယ်။ (၂) အစိုးရနဲ့ ကော်မရှင် ဥက္ကဋ္ဌအကြား၊ အစိုးရနဲ့ ကော်မရှင်အကြားမှာ ဘာမှပြဿနာ မရှိပါဘူး။ (၃) ဒါ့အပြင် အခြားသော နိုင်ငံရေးပြဿနာ၊ စီးပွားရေးပြဿနာ၊ လူမှုရေး ပြဿနာ ဘာမှမရှိပါဘူးလို့ ရှင်းရှင်းလင်းလင်း ဖြေကြားလိုပါတယ်” ဟု ဦးဇော်ဋ္ဌေးက ပြောကြားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်အနေဖြင့် လာမည့် ၂၀၂၁ မှ စတင်ပြီး လောကုတ္တရာဘက်သို့ ဇောက်ချလုပ်ဆောင်မည်ဖြစ်ခြင်းကြောင့် နိုင်ငံတော်အကြီးအကဲများက သဘောတူလက်ခံ၍ နုတ်ထွက်ခွင့်ပြုခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်အနေနဲ့ လာမယ့် ၂၀၂၁ ခုနှစ်က စတင်ပြီး လောကီကိစ္စတွေ အကုန်လုံးကို စွန့်လွှတ်ပြီး လောကုတ္တရာဘက်ကို ဇောက်ချပြီး ပြင်းပြင်းထန်ထန်လုပ်ဖို့ ရည်ရွယ်ချက်ကို နိုင်ငံတော်သမ္မတကြီးကိုရော၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုရော သူကိုယ်တိုင် တင်ပြခဲ့တာ ဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့်လည်း ၇၅ နှစ်ထဲ ရောက်လာပြီး ကျန်းမာရေးအရလည်း ကောင်းမွန်နေချိန်မှာ လောကုတ္တရာဘက်ကို ကူးပြောင်းကျင့်ကြံဖို့ ဆန္ဒထက်သန်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့က သဘောတူလက်ခံပြီး ဆန္ဒအလျောက်နုတ်ထွက်ခွင့် ပြုခဲ့တာဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို စနစ်တကျ ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် Global Corruption Barometer အရ အာရှနိုင်ငံများထဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရာ၌ နံပတ် (၁) နေရာအထိ ရောက်ရှိလာခဲ့ကြောင်း ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။

“ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို သိသာမြင်သာ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ အခုလို နုတ်ထွက် အနားယူသွားရင် ကော်မရှင်ရဲ့လုပ်ငန်းစဉ်တွေအပေါ်မှာ ဘာတွေထိခိုက်နိုင်မလဲ မေးကြည့်တော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အမျိုးသားအဆင့်မဟာဗျူဟာနဲ့ပတ်သက်ပြီး အခြေခံဆွေးနွေးရမယ့် Zero Draft ကို ရေးသားပြုစုခဲ့ပြီး ဖြစ်တဲ့အတွက် ကျန်ရှိတဲ့ လုပ်ငန်းကော်မတီတွေက ဆက်လက်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားဖို့ပဲ ရှိတဲ့အတွက် ကော်မရှင်ရဲ့လုပ်ငန်းတွေပေါ်မှာလည်း ထိခိုက်မှုမရှိဘူးလို့ သိရှိရပါတယ်” ဟု ပြောကြားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ အနားယူသွားသော်လည်း ကော်မရှင်၏ လုပ်ငန်းများအပေါ် ထိခိုက်မှုမရှိအောင် ဆောင်ရွက်ခဲ့သည့်အတွက် အစိုးရက အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုရပြီး နိုင်ငံ့အတွက်လည်း ကျေးဇူးတင်ရှိကြောင်းနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ရရှိထားသည့် ကောင်းမွန်သည့် အရှိန်အဟုန်ကို ဆက်လက်မြှင့်တင်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

တပ်မတော်အစိုးရ လက်ထက်တွင် ဆက်ဆံရေးဝန်ကြီးအဖြစ် တပ်မတော်ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြားတွင် တွေ့ဆုံဆွေနွေးမှုများကို တာဝန်ယူဆောင်ရွက်ခဲ့ဖူးသည့် ဦးအောင်ကြည်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် NLD ပါတီ ဦးဆောင်သည့် အစိုးရအဖွဲ့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တွင် ဦးအောင်ကြည်အား ဥက္ကဋ္ဌအဖြစ် ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် စတင်ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ၏ သက်တမ်းအတိုင်း ၂၀၂၁ ခုနှစ် မတ်လကုန်အထိ တာဝန်ထမ်းဆောင်နိုင်သော်လည်း ရာထူးသက်တမ်း မကုန်ခင်တွင် အနားယူခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် တပ်မတော်၌ ဗိုလ်ချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်း အစိုးရလက်လက် (၂၀၁၁-၂၀၁၅) တွင် အလုပ်သမား၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနများတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

Most Read

Most Recent