နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံတည်ဆောက်မှုပြီးစီးရန် ရာခိုင်နှုန်း ၃၀ သာလိုတော့ပြီး ၂၀၂၁ နှစ်ဆန်းပိုင်း အပြီးတည်ဆောက်မည်

နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံတည်ဆောက်မှုပြီးစီးရန် ရာခိုင်နှုန်း ၃၀ သာလိုတော့ပြီး ၂၀၂၁ နှစ်ဆန်းပိုင်း အပြီးတည်ဆောက်မည်
Photos : MFF Futsal
Photos : MFF Futsal
Published 2 December 2020

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ၏ နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံ တည်ဆောက်မှုပြီးစီးရန်  ရာခိုင်နှုန်း ၃၀ သာ လိုတော့ပြီး ၂၀၂၁ နှစ်ဆန်းပိုင်းအပြီး တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

MFF ဖူဆယ်အားကစားနည်း တိုးတက် ဖွံ့ဖြိုးရန်နှင့် ပြည်တွင်း၊ ပြည်ပပြိုင်ပွဲများ တိုးမြှင့်ကျင်းပနိုင်ရန်အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ပံ့ပိုးမှုဖြင့် တည်ဆောက်နေခြင်းဖြစ်သည်။ MFF သည် ဖူဆယ်အားကစားရုံကို ၂၀၁၉ နှစ်ကုန်ပိုင်းတွင် စတင်တည်ဆောက်ခဲ့ပြီး COVID-19 ရောဂါ အခြေအနေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ ကြန့်ကြာခဲ့ခြင်းဖြစ်သည်။ 

COVID-19 ရောဂါကာလတွင် ဖူဆယ်အားကစားရုံ တည်ဆောက်မှုကို ပုံမှန်အတိုင်း လုပ်ဆောင် နေသော်လည်း ကပ်ရောဂါကာလဖြစ်သောကြောင့် လုပ်ငန်းကြန့်ကြာမှုများရှိခဲ့ပြီး လာမည့်နှစ်ဆန်းပိုင်းမှသာ ပြီးစီးမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တာဝန်ရှိသူများ၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီမှ တာဝန်ရှိသူများသည် ပြီးခဲ့သည့်ရက်ပိုင်းက ဖူဆယ်အားကစားရုံ တည်ဆောက်ပြီးစီးမှုအခြေအနေကို သွားရောက် ကြည့်ရှုခဲ့သည်။ 

"လက်ရှိအနေအထားကတော့ ဖူဆယ်အားကစားရုံတည်ဆောက်တာ ရာခိုင်နှုန်း ၇၀ လောက် ပြီးစီးသွားပါပြီ။ ရာခိုင်နှုန်း ၃၀ လောက်ပဲ တည်ဆောက်ဖို့ကျန်ပါတော့တယ်။ လာမယ့်နှစ်ဆန်းပိုင်းမှာ ပြီးစီးမှာဖြစ်ပြီး တာဝန်ယူဆောက်လုပ်ပေးနေတဲ့ ကုမ္ပဏီဘက်က ၂၀၂၁ မတ် ၃၁ ရက်မတိုင်ခင် လွှဲပြောင်းပေးအပ်မှာပါ" ဟု MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားခဲ့သည်။

MFF သည် နိုင်ငံတကာအဆင့်မီ ဖူဆယ် အားကစားရုံတည်ဆောက်မှု ပြီးစီးသွားပါက  အရှေ့တောင်အာရှအဆင့် ပြိုင်ပွဲတစ်ခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး အခြားဖိတ်ခေါ်ပြိုင်ပွဲများလည်း ကျင်းပသွားရန် စီစဉ်ထားသည်။ MFF သည် ယင်းဖူဆယ်အားကစားရုံကို ပရိသတ် ၂၀၀၀ ဆံ့  အဖြစ် တည်ဆောက်လျက်ရှိပြီး ပြည်တွင်း ပြိုင်ပွဲများလည်း တိုးမြှင့်ကျင်းပသွားမည်ဖြစ်သည်။ 

MFF သည် ယခင်က ပြည်တွင်းပြိုင်ပွဲများကျင်းပရန် အမျိုးသားအားကစားပြိုင်ပွဲ ရုံ-၁ သုဝဏ္ဏနှင့် အမျိုးသားအားကစားပြိုင်ပွဲ ရုံ-၂ လှိုင်တို့ကို ငှားရမ်းအသုံးပြုခဲ့ရပြီး ကွင်းအခက်အခဲများ ကြုံတွေ့ခဲ့ရသောကြောင့် ကိုယ်ပိုင်ဖူဆယ်အားကစားရုံ တည်ဆောက် ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လက်ရှိတည်ဆောက်နေသည့် ဖူဆယ်အားကစားရုံအနီးတွင် ယခင်ကတည်းက ဖူဆယ်ကွင်းများကိုလည်း အမိုး နှင့် အခြားလိုအပ်ချက်များပြင်ဆင်ကာ လေ့ကျင့်ရေးကွင်းများအဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

MFF ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံး ကော်မတီသည် လာမည့်နှစ်တွင် ဖူဆယ်လိဂ်အပြင် ရှုံးထွက်ပြိုင်ပွဲများလည်း ကျင်းပရန်စီစဉ်ထားသည်။

Most Read

Most Recent