ဒုတိယလှိုင်းဖြစ်တော့ မြို့ပြအခြေခံတဲ့ စီးပွားရေးလုပ်ငန်းအများစု ပိတ်သိမ်းခြင်းခံရတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ကြရတယ်။ အဓိကကတော့ ဗိုင်းရစ်ကူးစက်မခံရအောင်၊ ရောဂါမပွားလာအောင် လူစုလူဝေး ဖြစ်ပေါ်လာရာကနေပြီးLocal Transmission မဖြစ်အောင်ပေါ့။
ဒါပေမဲ့ ရွေးကောက်ပွဲကြောင့် လမ်းပေါ်မှာ လူစုလူဝေးတွေ၊ အင်အားပြတာတွေ တစ်နိုင်ငံလုံးအနှံ့ ဖြစ်ခဲ့လို့ရှိရင် တစ်နိုင်ငံလုံးအနှ့ံ သက်ရောက်မှုကြီးမားလာနိုင်ပါတယ်။ (မှတ်ချက်။ ယနေ့အခြေအနေနဲ့ ချိန်ဆကြည့်ပါက မှန်နေပါပြီ။)
အခုပြောချင်တာက မြို့ပြစီးပွားရေးလုပ်ငန်းများ အကျပ်အတည်းပါ။ မြို့ပြကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းငယ်တွေကတော့ လက်လီအရောင်းဆိုင်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ဘီယာဆိုင်၊ ကျူရှင်၊ မုန့်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ပင်မင်းဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ အရက်ဆိုင်၊ စတိုးဆိုင်၊ အပိုပစ္စည်းဆိုင်၊ မိတ္တူဆိုင်၊ ကွန်ပျူတာဆိုင်၊ ထမင်းဆိုင်မျိုးစုံ ဒီလိုဆိုင်တွေ ဖြစ်ပါတယ်။
ဒီလိုဆိုင်တွေ ပိတ်ထားရတာ အခုဆို ငါးလကျော်သွားပါပြီ။ တချို့ဆို ဆိုင်သိမ်း၊ ဆိုင်ပိတ်၊ အပြီးအပိုင် လုပ်ငန်းသိမ်းလိုက်ကြပြီး အခုဆို ပြန်နာလန်ထူဖို့ အတော့်ကိုဝေးသွားပါပြီ။ အခုသက်ရောက်မှုကို ပြောရရင်
(၁) လုပ်ငန်း သိမ်း၊ မသိမ်း ဖျာလိပ်ဖြစ်တဲ့အတွက် လုပ်ငန်းဆုံးရှုံးမှု
(၂) အလုပ်သမားတွေ လျှော့ချ (အလုပ်လက်မဲ့တွေဖြစ်)
(၃) နဂိုပေးထားတဲ့ အခကြေးငွေတွေဆုံးရှုံး (အသေးစိတ်သိသလောက်)
(၄) ဆိုင်ခန်းငှားရမ်းခများ
(၅) လုပ်ငန်းခွန်အမျိုးမျိုးအတွက် ခွင့်ပြုချက်ရယူရတဲ့ အခွန်အခများ
(၆) အခွန်အမျိုးမျိုး
(၇) ချေးငှားပေါင်နှံပြီးလုပ်ရင် ပေးရတဲ့အတိုးနှုန်း စတာတွေဖြစ်ပါတယ်။
ပြောရရင် မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ဖို့၊ ခွင့်ပြုချက်တွေ၊ ထောက်ခံစာတွေ၊ လိုင်စင်တွေ၊ နှစ်စဉ်ကြေးတွေ၊ ငှားရမ်းခ၊ အခွန်အမျိုးမျိုးတွေ အများကြီးပါ။ ဒီလိုရှုပ်ထွေးနေတဲ့ ခွင့်ပြုချက်တွေအပြင် ဘာခညာခတွေထပ်တူ ဌာနဆိုင်ရာတွေရဲ့ စည်းမျဉ်းစည်းကမ်း စာရွက်စာတမ်း လိုအပ်ချက်တွေကလည်း အများကြီးပါ။
ဒီလိုခွင့်ပြုချက်တွေရဖို့ ဌာနဆိုင်ရာအများအပြားကို ခြေတိုအောင်သွားရပြီး လုပ်တာတောင် အချိန်အများကြီးကြာ၊ အများကြီးယူရပါတယ်။ မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ရတာ မလွယ်ပါဘူး။ ဒါကြောင့်လည်း မြန်မာပြည်မှာ အင်တာပရီနာစစ် စစ်တစ်ယောက်ဖြစ်ရတာ မလွယ်သလို ရေရှည်ရပ်တည်နိုင်ဖို့ကလည်း အင်မတန်ခက်ခဲပါတယ်။
အစိုးရလုပ်ထုံးလုပ်နည်းတွေ၊ အခွန်အခတွေ၊ လိုင်စင်တွေ ပလူပျံ ရှုပ်ထွေး ပွေလီနေသလို၊ ရင်းနှီးမြှုပ်နှံရတဲ့ ငွေကြေးရှာဖွေတဲ့ အပိုင်းမှာလည်း ချို့တဲ့ပါတယ်။ ဒီလို စိန်ခေါ်မှုတွေ၊ အကျပ်အတည်းတွေကြားထဲကနေ လုပ်ငန်းလုပ်နေကြရတဲ့ မြန်မာပြည် စီးပွားရေးလုပ်ငန်းငယ်တွေရဲ့ဘဝဟာ အခုဆိုရင် ကိုဗစ်ကြောင့် ပြိုလဲတော့မယ် ထင်ပါတယ်။
ဒါကြောင့်လည်း မြန်မာလူမျိုးအများစုဟာ စီးပွားရေးသဘောတရား နားမလည်၊ လုပ်မယ်ကြံတော့လည်း အခက်အခဲတွေမျိုးစုံနဲ့ စီးပွားရေးညာဉ် ပျောက်ဆုံးကုန်ပြီး တခြားသူတွေက မြန်မာ့စီးပွားရေးလောကကို လွှမ်းမိုးနေခဲ့တာ ဖြစ်ပါတယ်။
(၁) လုပ်ငန်းရပ်စဲခြင်း
အခုဆိုရင် လုပ်ငန်းရပ်စဲတဲ့ စီးပွားရေးလုပ်ငန်းတွေ အများကြီး ဖြစ်လာနိုင်စရာရှိပါတယ်။ အစိုးရက ကူညီထောက်ပံ့မှုကို အကန့်အသတ်ဖြစ်နေတဲ့အပိုင်းတွေ အများကြီး ရှိပါတယ်။
ဥပမာ ဆိုင်ပိုင်ဖြစ်ရမယ်။ အခွန် သုံးနှစ်ဆောင်ထားရမယ်။ အာမခံပစ္စည်းတစ်ခုခု ရှိရမယ်။ သုံးနှစ်စာ စာရင်းဇယားတင်ပြရမယ်ဆိုတဲ့ အပိုင်းတွေ)။ အစိုးရကူညီထောက်ပံ့မှုဟာ New Normal နှင့်အလိုက် မပြောင်းလဲတဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် တော်ရုံလုပ်ငန်းတွေ ထောက်ပံ့မှု မရနိုင်ကြတာပါ။
ဒီလို လုပ်ငန်းရပ်စဲလိုက်တာဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အင်တာပရီနာစိတ်ဓာတ်၊ စီးပွားရေး လုပ်ငန်းလုပ်ကိုင်လိုစိတ်ကို ရိုက်ချိုးလိုက်သလို ဖြစ်နေမှာ စိုးရိမ်ပါတယ်။ မြန်မာတော်တော်များများဟာ စိတ်ရှုပ်ခေါင်းရှုပ်၊ အလုပ်ရှုပ် ပြဿနာရှုပ် အရှုပ်တွေ ရင်ဆိုင်ရရင် ဘာလုပ်ငန်းမှ မလုပ်ချင်တော့တဲ့ အလေ့အကျင့်ရှိပါတယ်။
(၂) အလုပ်သမားများ လျှော့ချ
အလုပ်လက်မဲ့ ပြဿနာကတော့ မြို့ပြလုပ်ငန်းတွေ ပိတ်သိမ်းမှုနှင့်အတူ ဖြစ်ပွားနေတာ အတိအကျပါ။ အလုပ်လက်မဲ့များလာခြင်းကြောင့် လူမှုရေးပြဿနာကို တစ်နည်းဖိတ်ခေါ်သလို လုပ်ခလစာ လျော့နည်းခြင်းအပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။
အလုပ်လက်မဲ့များပြီးတဲ့ နောက်အလုပ်လက်မဲ့များဟာ ရရာအလုပ် နယ်ပြန်စျေးရောင်း၊ မြို့စွန်မှာ စျေးရောင်း၊ ဖားရှာ၊ ငါးရှာ စတဲ့သက်ရောက်မှုတွေကြုံရမှာ မလွဲပါ။ မိန်းကလေးငယ်တွေအနေနဲ့ လမ်းကြောင်းမှားတွေအပေါ် ရောက်သွားတာကို သတင်းတွေမှာ တွေ့ရတာ လက်တွေ့ပြယုဂ်တွေပဲလို့ မြင်ပါတယ်။ သေချာတယ်။ အလုပ်လက်မဲ့ ဦးရေ ဘယ်လောက်ဖြစ်နေပြီလဲဆိုတာ သုတေသနတွေမှာ ဖတ်ကြရမယ် ထင်ပါတယ်။
(၃) နဂိုပေးထားတဲ့ငွေတွေ ဆုံးရှုံးနိုင်ပါတယ်
အလုပ်လုပ်မယ်၊ ပစ္စည်းဝယ်မယ်၊ တခြား ဘာဝယ်မယ်၊ ညာဝယ်မယ်ဆိုပြီး ပေးထားတဲ့ပိုက်ဆံတွေ ဆုံးရှုံးနိုင်ခြေရှိပါတယ်။ မဆုံးရှုံးရင်တောင်မှ ငွေပြန်မရတဲ့ အခြေအနေတွေ ကြုံရနိုင်ပါတယ်။ မြို့ပြစီးပွားရေးလုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ကုန်ကြမ်းတွေဟာ တစ်ရက်တစ်ခါ၊ တစ်ပတ်တစ်ခါ ဝယ်ရတဲ့ လုပ်ငန်းရှိသလို ရက်အတော်ကြာကြာ ကြိုတင်ဝယ်ယူစုဆောင်းထားရတဲ့ လုပ်ငန်းတွေလည်း ရှိတတ်ပါတယ်။ ဒီလိုကုန်ကြမ်းပစ္စည်းတွေအတွက် ပေးထားတဲ့ စရန်၊ အခန်းခတွေ ကြိုတင်ပေးထားတဲ့စရန်၊ တခြားကုန်ကျစရိတ်တွေအတွက် ကြိုတင်ပေးထားတဲ့စရန် အဲဒီလို စရန်သဘောပေးထားတဲ့ငွေတွေလည်း ဆုံးရှုံးနိုင်ပါတယ်။
(၄) ဆိုင်ခန်းငှားရမ်းခများ
မြန်မာပြည်မှာ ဘယ်တုန်းက စထွင်လိုက်မှန်းမသိတဲ့ ဆိုင်ခန်း ငှားရမ်းခအလေ့အထပါ။ တချို့က ခြောက်လစာ၊ တချို့က တစ်နှစ်စာ၊ တချို့က သုံးနှစ်စာ စသည်ဖြင့် ဆိုင်ခန်း၊ အဆောက်အအုံငှားရမ်းခတွေကို ပေးရပါတယ်။ အခု ဒုတိယကိုဗစ်ကြောင့် လုပ်ငန်းတွေသိမ်း၊ ဆိုင်တွေပိတ်ထားရချိန်မှာ အဲဒီလို စီးပွားရေးလုပ်ငန်းတွေအတွက် ဆုံးရှုံးရတဲ့ ဆိုင်ခန်းငှားရမ်းခတွေကို ဘယ်ဆိုင်ရှင်ကမှ ပြန်ထုတ်ပေးမှာ မဟုတ်ပါဘူး။
ဒီလိုဆုံးရှုံးသွားတဲ့ ဆိုင်ခန်း၊ အဆောက်အအုံငှားရမ်းခတွေဟာ တချို့ဆိုရင် ပေါင်နှံငှားရမ်းခဲ့မယ်ဆိုရင် အတိုးတွေ တက်နေဦးမှာပါ။ ထိုင်း၊ မလေးရှားတို့မှာ ဆိုင်၊ အဆောက်အအုံ ငှားရမ်းခဟာ တစ်လတစ်ခါ ပေးချေရတဲ့စနစ်ပါ။ အပေါင်အနေနဲ့ တစ်လ ပေးထားရတာပဲရှိပါတယ်။ ဒီလိုဆိုရင် လုပ်ငန်းငယ်တွေအတွက် ဆုံးရှုံးမှုနည်းနိုင်ပေမဲ့ ဒီနိုင်ငံမှာက အနည်းဆုံး ခြောက်လတစ် နှစ်စာ လုံးခနဲပေးရတဲ့အတွက် အင့်ခနဲ ငွေကုန်ရပါတယ်။
အခု မြို့ပြဆိုင်ခန်းတွေ ပိတ်ထားရလို့ ငှားရမ်းခအသားလွတ်ပေးနေရသလို ငှားရမ်းခပြည့်လို့ ဒီလုပ်ငန်းလေးတွေနဲ့ ရပ်တည်နေရတာဆိုရင် ဆိုင်းခန်းငှားခတစ်ကျော့ပြန်ပေးရမယ့်အချိန် တချို့ဆို ရောက်နေလောက်ပါပြီ။
ဆိုင်ခန်းပိုင်ရှင်တွေကလည်း ငှားခကို ပိုတိုးတောင်းချင်သလို၊ တစ်နှစ်စာ တောင်းချင်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ဒီလိုပြဿနာ ပရပွ ရင်ဆိုင်နေရတာကိုလည်း ဘယ်သူကမှ ဖြေရှင်းပေးတယ်လို့ မကြားရသေးပါဘူး။
မြို့ပြရဲ့စီးပွားရေးလုပ်ငန်းတွေ အဓိကရင်ဆိုင်နေရတဲ့ပြဿနာက ဆိုင်ခန်းငှားရမ်းခ၊ တိုက်ခန်း၊ အိမ်ခန်း၊ အဆောက်အအုံ ငှားရမ်းခတွေဟာ သက်ဆိုင်တဲ့ အကျပ်အတည်းတွေလို့ ယူဆပါတယ်။ ဒီလိုအကျပ်အတည်းတွေနဲ့ပတ်သက်ပြီး အစိုးရက အပူတပြင်း ကြားခံဆောင်ရွက်ပေးသင့်နေပါပြီ။
(၅/၆) လုပ်ငန်းခွန်အမျိုးမျိုးအတွက် ခွင့်ပြုချက်ရယူရတဲ့ အခွန်အခများ
အခုဆိုရင် ဘတ်ဂျက်နှစ်အသစ်ပြန်စပြီဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းငယ်တွေအားလုံး ကြုံရမယ့်အခက်အခဲကတော့ ဌာနပေါင်းစုံရဲ့ ခွင့်ပြုချက်တွေ၊ လိုင်စင်၊ နှစ်စဉ်ကြေးတွေ၊ သက်တမ်းကြေးစတဲ့ အခကြေးငွေတွေဖြစ်ပါတယ်။
ဥပမာပြောရရင် ဧည့်လမ်းညွှန် နှစ်စဉ်ကြေး၊ အရက်ဘီယာ နှစ်စဉ်လိုင်စင်ကြေး (CS2-CS9-FL12-Fl17) စတဲ့ ယမကာ လိုင်စင်၊ နှစ်စဉ်ကြေး) စည်ပင်လိုင်စင်၊ မီးခွန်၊ ရေခွန်၊ တခြားနှစ်စဉ်ကြေး၊ လိုင်စင်ကြေးတွေ ဖြစ်ပါတယ်။
ဒီနေရာမှာ ပြောချင်တာက မြို့ပြစီးပွားရေးလုပ်ငန်းတွေ အားလုံးရပ်ဆိုင်းထားရပေမဲ့ ခုနက ဥပမာ ပေးထားတဲ့ လိုင်စင်ကြေးတွေ၊ နှစ်စဉ်ကြေးတွေ၊ ခွင့်ပြုမိန့်အခကြေးငွေ၊ အခွန်အခတွေနဲ့ပတ်သက်ပြီး အထူးအခွင့်အရေးပေးထားတာ မတွေ့ရသေးပါဘူး။ အနည်းငယ်တော့ တွေ့ရပါတယ်။ (ကညန အခွန်အခတွေ ရွေ့ဆိုင်းထားတာရယ်၊ အခွန်လျှော့ပေ့ါတာရယ်၊ မီတာခ တချို့ပါ။)
တကယ်တော့ မြို့ပြစီးပွားရေး လုပ်ငန်းငယ်တွေအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာက ခုနပြောတဲ့ အစိုးရလိုင်စင်ကြေး၊ နှစ်စဉ်ကြေး၊ သက်တမ်းတိုးကြေး စတဲ့ကြေးအမျိုးမျိုးရယ် ဆိုင်ခန်းအဆောက်အအုံငှားရမ်းခဟာ ကြီးမားတဲ့ငွေကြေးသုံးစွဲရတဲ့အတွက် အဓိကအကျပ်အတည်း ဖြစ်နေလောက်ပြီလို့ ယူဆပါတယ်။
ဒီလုပ်ငန်းစဉ် နှစ်ခုအတွက် (ငှားရမ်းခများနဲ့ ကြေးအမျိုးမျိုး) အစိုးရက သီးခြားအဖြေထုတ်ပေးသင့်ပါပြီ။
(၇) ချေးငှားပေါင်နှံပြီးလုပ်ရင် ပေးရတဲ့အတိုးနှုန်း
မြန်မာပြည်မှာ လုပ်ငန်းတစ်ခုအတွက် အရင်းအနှီးဟာ ဘဏ်တွေ ဆီကလာတာ ရာခိုင်နှုန်းနည်းပါတယ်။ ပြင်ပကနေ ချေးငှားကြတာ ဖြစ်ပါတယ်။ လုပ်ငန်းတော်တော် များများဟာလည်း ဘဏ်တွေက တောင်းဆိုတဲ့ စည်းကမ်းချက်တွေအတွက် အဆင်မပြေကြပါဘူး။
ဒါကြောင့် ရပ်ကွက်အပေါင်ဆိုင်၊ ငွေတိုးချေးစားသူ စတဲ့ လွယ်လွယ်ကူကူရတဲ့ဆီကနေ ချေးငှား လုပ်ကိုင်ကြတာ ရာခိုင်နှုန်း ၇၀ ကျော် ရှိပါတယ်။ ဒီလိုအတိုးနှုန်းတွေဟာ အခုလို လုပ်ငန်းရပ်ဆိုင်း ပိတ်သိမ်းလိုက်ပေမဲ့ အတိုးပေးနေကြရမယ် ထင်ပါတယ်။
ဒီဒဏ်ဟာ မသေးလောက်ဘူးလို့ ထင်ပါတယ်။ လုပ်ငန်းက အဆင်မပြေ၊ ငှားရမ်းခက ဆုံးရှုံး၊ အတိုးက တက်နဲ့ မြို့ပြစီးပွားရေးလုပ်ငန်းငယ်တွေဟာ အတော့်ကို အခြေယိုင်လဲနေပြီဆိုတာ အနည်းငယ်စနည်းနာ ကြည့်ရင်တောင် သိနိုင်မယ်ထင်ပါတယ်။
ဒီနေရာမှာ ပြဿနာ ဘာလဲသိလို့ရှိရင် အဖြေရှိပါလိမ့်မယ်။ အဖြေကိုလည်း ရှာနိုင်ပါလိမ့်မယ်။ ရွေးကောက်ပွဲကြီး ပြီးသွားပြီဖြစ်တဲ့အတွက် အသက်ငင်နေတဲ့ မြို့ပြစီးပွားရေးလုပ်ငန်းများ အားလုံးအတွက် ဘယ်လိုဖြေရှင်းကြမလဲ။ ဘယ်လိုတည့်မတ်ကြမလဲ။ ပြန်ထူထောင်ကြမလဲဆိုတာကို စဉ်းစားစေလိုပါတယ်။
ဒီလိုတွေးဆချက်တွေ၊ လက်တွေ့မြေပြင်မှာဖြစ်နေတဲ့ အဖြစ်အပျက်တွေဟာ အမှန်တရားတစ်ခု ဆိုတာကိုလည်း လက်ခံစေလိုပါတယ်။ အဲဒီပြဿနာများကို အပြစ်တင်နေခြင်း (Blame) လုပ်တာမျိုး မဟုတ်ပါဘူး။ အဖြေရှာကြဖို့ ကောင်းမွန်ပြီး အပြုသဘောဆောင်တဲ့ ရည်ရွယ်ချက်နဲ့သာ တင်ပြရခြင်းဖြစ်ပါတယ်။