ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ အမှုပေါင်း ၁၃၉ မှုအနက် ၁၁၀ ကို အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး သတင်းထုတ်ပြန်

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ အမှုပေါင်း ၁၃၉ မှုအနက် ၁၁၀ ကို အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး သတင်းထုတ်ပြန်
Published 24 November 2020
မင်းနိုင်စိုး

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၆ -၂၀၁၇ ခုနှစ်က တပ်မတော်နှင့် ARSA အကြမ်းဖက်အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry-ICOE) ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သော အမှုပေါင်း ၁၃၉ မှုအနက် ၁၁၀ အား အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း နိုဝင်ဘာ ၂၃ ရက်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးက သတင်းထုတ်ပြန်သည်။

၂၀၁၆-၂၀၁၇ ခုနှစ်တွင် မြန်မာတပ်မတော်နှင့် ARSA အကြမ်းဖက်အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိကြောင်း စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးရန် ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry-ICOE) ကို နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းခဲ့သည်။

ကော်မရှင်ကတင်ပြခဲ့သည့် အပြီးသတ်အစီရင်ခံစာအပေါ် နိုင်ငံတော်သမ္မတရုံးက ၂၁-၁-၂၀၂၀ ရက်စွဲဖြင့် ICOE အစီရင်ခံစာနှင့်စပ်လျဉ်း၍ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန်နှင့် အထောက်အထားများခိုင်လုံပါက တရားစွဲဆိုမှုများပြုလုပ်ရန်၊ လက်နက်ကိုင် ပဋိပက္ခများအတွင်း ပေါ်ပေါက်ခဲ့သည့် ပစ္စည်းဥစ္စာဖျက်ဆီးခံရမှုများ၊ လုယက်မှုများ၊ အရပ်သားများက ကျူးလွန်ခဲ့သည့် အခြားရာဇဝတ်မှုများအား ဆက်လက်စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများ ပြုလုပ်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ညွှန်ကြားခဲ့ကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

နိုင်ငံတော်သမ္မတရုံးက ၂၄-၁-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၉/ ၂၀၂၀ ဖြင့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ကော်မရှင်၏ အစီရင်ခံစာအရ ဖြစ်စဉ် ၁၃ ခုတွင် ARSA နှင့် အလိုတူပူးပေါင်းပါဝင်သူများ ကျူးလွန်မှု ၈၇ မှု၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ကျူးလွန်မှု ၂၃ မှု၊ ဒေသခံတိုင်းရင်းသားများ ကျူးလွန်မှု ၂၉ မှု ဖြစ်၍ အရေးယူဆောင်ရွက်ရမည့်အမှု စုစုပေါင်း ၁၃၉ မှုရှိကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ICOE အစီရင်ခံစာတွင် ARSA နှင့် အလိုတူပူးပေါင်းပါဝင်သူများသည် လူသတ်မှု၊ မီးရှို့မှု၊ ပစ္စည်းဥစ္စာဖျက်ဆီးမှု အပါအဝင် ရာဇဝတ်မှု ၈၇ မှုကို ကျူးလွန်ခဲ့သည်ဟု ဖော်ပြထားရာ ၎င်းတို့အနက် အမှု ၆၇ မှုကို အမှုဖွင့်ဆောင်ရွက်လျက်ရှိပြီး အမှု ၂၀ ကျန်ရှိကြောင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် လူသတ်မှု၊ မီးရှို့မှု၊ ပစ္စည်းဥစ္စာဖျက်ဆီးမှုအပါအဝင် ရာဇဝတ်မှု ၂၃ မှုကို ကျူးလွန်ခဲ့သည်ဟု ဖော်ပြထားရာ အမှု ၂၃ မှုကို အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒေသခံတိုင်းရင်းသားများသည် လူသတ်မှု၊ မီးရှို့မှု၊ ပစ္စည်းဥစ္စာ ဖျက်ဆီးမှုအပါအဝင် ရာဇဝတ်မှုပေါင်း ၂၉ မှုကို ကျူးလွန်ခဲ့သည်ဟု ဖော်ပြထားရာ အမှု ၂၀ ကို အမှုဖွင့် ဆောင်ရွက်လျက်ရှိပြီး အမှု ကိုးမှုကျန်ရှိကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ICOE အစီရင်ခံစာပါ အကြံပြုချက်များနှင့်စပ်လျဉ်း၍ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများ ဆောင်ရွက်မှု ပထမအကြိမ်အစီရင်ခံစာကို ၁-၅-၂၀၂၀ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အစီရင်ခံစာကို ၁-၁၁-၂၀၂၀ ရက်တွင်လည်းကောင်း၊ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ခိုက်မှု ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ တိုင်ကြားချက်များ လက်ခံဆောင်ရွက်မည့် တိုင်တန်းမှု ယန္တရားတစ်ရပ်ကိုတည်ထောင်ပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးက သတင်းထုတ်ပြန်သည်။

Most Read

Most Recent