ပွဲကစားခွင့် နည်းပါးသည့်အတွက် မပျော်မရွှင်ဖြစ်နေကြောင်း ပေပေ ဝန်ခံ

ပွဲကစားခွင့် နည်းပါးသည့်အတွက် မပျော်မရွှင်ဖြစ်နေကြောင်း ပေပေ ဝန်ခံ
Photos : Getty Images
Photos : Getty Images
Published 11 November 2020

အာဆင်နယ်တောင်ပံကစားသမား ပေပေက မိမိအနေဖြင့် အသင်းတွင် ပွဲကစားခွင့်နည်းပါးသည့်အတွက် မပျော်မရွှင်ဖြစ်နေကြောင်း ဝန်ခံခဲ့သည်။ 

အသက် (၂၅)နှစ်အရွယ်ရှိ အိုင်ဗရီကို့စ်တောင်ပံကစားသမား ပေပေသည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကာလတွင် လိုင်လီအသင်းမှ အာဆင်နယ်အသင်းသို့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၇၂)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ 

၎င်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် (၆)ပွဲကစားထားသော်လည်း မန်စီးတီးအသင်းအား (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲ တစ်ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး အခြားပွဲစဉ်များတွင် လူစားဝင်ကစားသမားအဖြစ်သာ ကစားခွင့်ရခဲ့သည်။ 

ပေပေက မိမိ၏ရည်မှန်းချက်မှာ ပွဲကစားခွင့် ပိုမိုရရှိရန်ဖြစ်ပြီး အရန်ခုံတွင် ထိုင်နေရခြင်းကို မနှစ်သက်ကြောင်း ပြောကြားခဲ့သည်။ 

"ကျွန်တော့်ရဲ့ ရည်မှန်းချက်က ပွဲကစားခွင့် ပိုမိုရရှိဖို့ပါ။ အခုထက်ပိုပြီး ပွဲတွေ ကစားခွင့်ရချင်ပါတယ်။ ကစားသမားတစ်ယောက်ရဲ့ ပျော်ရွှင်မှုက ပွဲတွေကစားခြင်းပါပဲ။ အခုတော့ ကျွန်တော် မပျော်နိုင်ပါဘူး။ အာတီတာက ကျွန်တော်တို့ကို ပွဲချိန်ပြည့် အာရုံစိုက်ကစားဖို့ မှာကြားလေ့ရှိပါတယ်။ ဒါပေမဲ့ အရန်ခုံမှာ ထိုင်နေရတာကို ကျွန်တော် မပျော်ပါဘူး။ နည်းပြက ကျွန်တော့်ကို Super-sub အဖြစ် မြင်နေတယ်လို့ ထင်ပါတယ်။ နည်းပြအနေနဲ့ သူ့စိတ်ကြိုက် ရွေးချယ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ဟာ Super-sub မဟုတ်ကြောင်း သက်သေပြခွင့်တော့ ရချင်ပါတယ်"ဟု ပေပေက ပြောကြားခဲ့သည်။ 

ပေပေသည် ယခုရာသီ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၁)ပွဲကစားထားပြီး (၃)ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent