လာဇီယိုအသင်း၏ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု အရှုပ်တော်ပုံအပေါ် အသင်းဥက္ကဋ္ဌ လော့တီတို ကာကွယ်ပြောဆို

လာဇီယိုအသင်း၏ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု အရှုပ်တော်ပုံအပေါ် အသင်းဥက္ကဋ္ဌ လော့တီတို ကာကွယ်ပြောဆို
Published 10 November 2020

လာဇီယိုအသင်းဥက္ကဋ္ဌ လော့တီတိုက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းမှစတင်၍ ထွက်ပေါ်ခဲ့သော လာဇီယိုအသင်းကစားသမားများ၏ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုအရှုပ်တော်ပုံနှင့်ပတ်သက်၍ ကာကွယ်ပြောဆိုခဲ့သည်။

လာဇီယိုအသင်းသည် ကစားသမား (၁၀)ဦးကျော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး ယင်းထဲတွင် အဓိကကစားသမားအချို့ပါဝင်ခဲ့သည်။

လာဇီယိုအသင်း၏ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုသည် စီးရီးအေပြိုင်ပွဲအတွက် စစ်ဆေးမှုတွင်တစ်မျိုး၊ ချန်ပီယံလိဂ်အတွက် စစ်ဆေးမှုတွင်တစ်မျိုးဖြစ်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

အထူးသဖြင့် လာဇီယိုအသင်းတိုက်စစ်မှူး အီမိုဘီလီ၊ ကွင်းလယ်လူ လူးကပ်စ်နှင့် ဂိုးသမား စထရာကိုရှာတို့သည်  ပြီးခဲ့သည့်ချန်ပီယံလိဂ် (၂)ပွဲအကြို ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုတွင် ပိုးတွေ့ရှိခဲ့သော်လည်း စီးရီးအေပြိုင်ပွဲအတွက် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုတွင် ပိုးမတွေ့ရှိကြောင်း ပြသခဲ့သည်။

ယင်းအခြေအနေများနှင့်ပတ်သက်၍ လာဇီယိုအသင်း မသမာမှုများပြုလုပ်ခဲ့ခြင်းရှိ၊ မရှိကို အီတလီဘောလုံးအဖွဲ့ချုပ်(FIGC) က စစ်ဆေးမှုများ ပြုလုပ်နေသည်။

လာဇီယိုအသင်းဥက္ကဋ္ဌ လော့တီတိုက ''မျက်လှည့်ပြသလိုပဲလို့ ကျွန်တော် ပြောချင်ပါတယ်။ ပိုးတွေ့ရှိတာဟာ ဘာကိုဆိုလိုပါသလဲ။ ပိုးတွေ့ရှိသူဟာ ကူးစက်တတ်တဲ့သဘောမျိုးမဟုတ်လား။ အမျိုးသမီးတွေရဲ့ မအင်္ဂါထဲမှာ ဘက်တီးရီးယားတွေ ရှိနေပါတယ်။ ဒါက ရောဂါရှိတယ်ဆိုတဲ့သဘော မဟုတ်ပါဘူး။ ပိုးတွေ့ရှိတယ်ဆိုတာနဲ့ ရောဂါဖြစ် နေတာမဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။

ထို့ပြင်  လော့တီတိုက ကိုရိုနာဗိုင်းရပ်စ်ပိုးစစ်ဆေးမှုများသည် တစ်ခုနှင့်တစ်ခုမတူညီဘဲ ကွဲပြားခြားနားမှုများရှိနေကြောင်း သုံးသပ်ခဲ့သည်။

အီမိုဘီလီ၏ အခြေအနေနှင့်ပတ်သက်၍လည်း လော့တီတိုက  ဖြေရှင်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

လော့တီတိုက ''ကျွန်တော်တို့ရဲ့အသင်းအားကစားဒါရိုက်တာ အစ်လီတာရေးလည်း ပိုးကူးခံထားရတယ်။ ဒါပေမဲ့ ဘယ်သူတွေ ကူးစက်ခံရလဲဆိုတာ ကျွန်တော်တို့ သေချာမပြောနိုင်သေးဘူး။ ရလဒ်တွေကို ဆုံးဖြတ်ချိန်မှာ ကွဲပြားခြားနားမှုတွေရှိနေပါတယ်။ ကျွန်တော်တို့ဆေးအဖွဲ့ရဲ့ စစ်ဆေးမှုအရ အီမိုဘီလီရဲ့အဆုတ်ဟာ အရင်ကထက်ပိုပြီး ကောင်းမွန်နေပါတယ်။ ကျွန်တော်တို့ FIGC မှာလည်း အီမိုဘီလီက ပိုးမရှိပါဘူး။ သူ့မိသားစုလည်း ပိုးမရှိပါဘူး''ဟု ပြောကြားခဲ့သည်။

လာဇီယိုအသင်းသည် ပိုးတွေ့ရှိသည့်ကစားသမားများ၏ အခြေအနေကို အီတလီကျန်းမာရေးတာဝန်ရှိသူများထံ သတင်းမပေးပို့ကြောင်းလည်း စွပ်စွဲခံထားရသည်။

 

Most Read

Most Recent