လာဇီယို နှင့် ဂျူဗင်တပ်စ် (၈-၁၁-၂၀၂၀ ညနေ ၆:၀၀ နာရီ)
လက်ရှိအချိန်မှာ လာဇီယိုရဲ့ ပြဿနာတွေကများနေတယ်။ ချန်ပီယံလိဂ်နဲ့ စီးရီးအေပြိုင်ပွဲ (၂)ခုကြား ဟန်ချက်ညီအောင် အာရုံစိုက်ထားရတဲ့ ဖြစ်နေကျအကျပ်အတည်းဘောင်ကို လာဇီယို ကျော်လွန်နေရတယ်။ ကျန်းမာရေးလမ်းညွှန်ချက်တွေ ချိုးဖောက်ပြီး Swab Test တွေ မသမာလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရကာ စီးရီးအေကနေ ထုတ်ပယ်ခံရတဲ့အထိ အရေးယူခံရမဲ့ အခြေအနေဖြစ်နေတယ်။ ဒီတော့ ဂျူဗင်တပ်စ်နဲ့ပွဲကျပ်မှာ အဲဒီပြဿနာဟာ လာဇီယိုအပေါ် ဘယ်လောက်သက်ရောက်မလဲစောင့်ကြည့်ရမယ်။ ဂျူဗင်တပ်စ်က စီရော်နယ်လ်ဒို ပထမဆုံးပြန်ကစားတဲ့စီးရီးအေပွဲမှာ တန်းတက်စပီဇီယာကို ဂိုးပြတ် အနိုင်ရထားတယ်။ ဒါပေမဲ့ ကွင်းလယ်ခံစစ်နဲ့ ခံစစ်ကာကွယ်မှု အားနည်းချက်တွေရှိနေတယ်။ လာဇီယိုတိုက်စစ်သာ လူစုံရင် ဂျူဗင်တပ်စ် ဂိုးပေးရဦးမယ်။ လာဇီယို (၁-၂) ဂျူဗင်တပ်စ် ဖြစ်လာနိုင်တယ်။
အတ္တလန်တာ နှင့် အင်တာမီလန် (၈-၁၁-၂၀၂၀ ည ၈:၃၀ နာရီ)
နှစ်သင်းစလုံး ချန်ပီယံလိဂ်ကို အာရုံပိုစိုက်နေပေမဲ့ ထင်သလိုဖြစ်မလာဘဲ စီးရီးအေမှာလည်း ရုန်းကန်နေရလို့ မိအေးနှစ်ခါနာဖြစ်နေပါပြီ။ အတ္တလန်တာက တိုက်စစ်စိတ်ထက် သန်လွန်းတာ ပြန်ပြီးဒုက္ခပေးနေတယ်။ လူကာကူမပါတဲ့ အင်တာမီလန်ကလည်း ရီးယဲလ်နဲ့ပွဲမှာ တိုက်စစ်ကစားပုံကောင်းခဲ့ပေမဲ့ သိပ်ပြီးယုံစားလို့ မရပါဘူး။ မဖြစ်မနေ သိက္ခာပြန်ဆယ်ရမဲ့ အတ္တလန်တာနဲ့ ဂိုးအများ ရွေးထားမိတယ်။
ဂျီနိုအာ နှင့် ရိုးမား (၈-၁၁-၂၀၂၀ ည ၈:၃၀ နာရီ)
ဂျီနိုအာရဲ့ကစားပုံက မှန်းဆရခက်နေသေးတယ်။ အစဉ်အလာအရ ရိုးမားကို ဒုက္ခပေးတတ်ပေမဲ့ လက်ရှိရာသီမှာ စီးရီးအေရှုံးပွဲမရှိသေးတဲ့ ရိုးမားဆီကနေ တစ်မှတ်ထက် ပိုမမျှော်လင့်သင့်ဘူး။ ရိုးမားက ဒဏ်ရာပြဿနာတချို့ရှိနေပေမဲ့ နည်းပြ ဖွန်ဆီကာရဲ့အသင်းက အရင်ကထက် ပိုပြီးတည်ငြိမ်လာပြီး နိုင်သင့်တဲ့ပွဲတွေ အနိုင်ကစားပြနေတယ်။ ရိုးမားအနိုင်ရမဲ့ပွဲဖြစ်ပြီး (ဝ-၁)၊ (ဝ-၂)လောက် ဖြစ်လာနိုင်တယ်။
တိုရီနို နှင့် ခရိုတိုနီ (၈-၁၁-၂၀၂၀ ည ၈:၃၀ နာရီ)
ခရိုတိုနီရဲ့ကစားပုံက အဆိပ်ရှိပေမဲ့ ခံစစ်က ပွဲတိုင်းနီးပါး ဂိုးပေးနေရတယ်။ တိုရီနိုကလည်း ခံစစ်မလုံခြုံတဲ့အသင်းဖြစ်လို့ ဒီပွဲမှာ နှစ်သင်းပေါင်း သွင်းဂိုးများမလားဆိုတာ အရင်ဆုံးစဉ်းစားရမယ်။ တိုက်စစ်မှာ ကစားသမားကောင်းတွေပိုများတဲ့ တိုရီနို နိုင်ပွဲရသင့်ပါတယ်။
ဘိုလော့ဂ်နာ နှင့် နာပိုလီ (၈-၁၁-၂၀၂၀ ည ၁၁:၃၀ နာရီ)
နာပိုလီက ဒီရာသီပြိုင်ပွဲစုံအဝေးကွင်း (၄)ပွဲမှာ ဂျူဗင်တပ်စ်ကိုပဲ အရေးနိမ့်ထားတယ်။ ဒါပေမဲ့ လက်ရှိ နာပိုလီရဲ့ ခြေ စွမ်းက ယုံကြည်လို့မရဘူး။ တိုက်စစ်မှာ ကစားသမားတွေ ပိုလျှံနေပေမဲ့ နည်းပြ ဂတ်တူဆိုက အကောင်းဆုံးအတွဲအဖက်ကို သရုပ်မဖော်နိုင်သေးဘူး။ ဘိုလော့ဂ်နာရဲ့ အိမ်ကွင်းကစားပုံက မာဂုဏ်ရှိပြီးသားပါ။ တိုက်စစ်ကလည်း ဂိုးသွင်းနိုင်လေ့ရှိတယ်။ ဒါပေမဲ့ ခံစစ်မတည်ငြိမ်လို့ နာပိုလီ ကပ်နိုင်ပါလိမ့်မယ်။
အေစီမီလန် နှင့် ဗီရိုနာ (၉-၁၁-၂၀၂၀ နံနက် ၂:၁၅ နာရီ)
အေစီမီလန်က ဒီရာသီအိမ်ကွင်းမှာ တစ်ပွဲပျမ်းမျှ (၃)ဂိုး နီးပါးသွင်းနေတယ်။ ပွဲဆက်တွေများပေမဲ့ အီဘရာဟီမိုဗစ်ရဲ့ ကြံ့ခိုင်မှုနဲ့ အသင်းကိုကယ်တင်နိုင်စွမ်းက အံ့အားသင့်စရာ ကောင်းလောက်အောင် ထက်မြက်နေတယ်။ ဗီရိုနာက အဝေး ကွင်းနောက်ဆုံးပွဲမှာ ဂျူဗင်တပ်စ်ကို သရေကစားထားသလို၊ ဒီပွဲမှာလည်း ခံစစ်ဦးစားပေးဗျူဟာနဲ့ အေစီမီလန်ကို တုံ့ပြန်ပါလိမ့်မယ်။ အေစီမီလန် (၂)ဂိုးပြတ်နိုင်ဖို့ခက်တယ်။















