မာစီးဒီစ်အသင်းနှင့် စာချုပ်သစ်ကိစ္စအဆင်မပြေဖြစ်နေသည့် ဟာမီလ်တန် လာမည့်ရာသီ ဖော်မြူလာဝမ်းပြိုင်ပွဲတွင် ဆက်ရှိရန် မသေချာတော့ဟု အတည်ပြု

မာစီးဒီစ်အသင်းနှင့် စာချုပ်သစ်ကိစ္စအဆင်မပြေဖြစ်နေသည့် ဟာမီလ်တန် လာမည့်ရာသီ ဖော်မြူလာဝမ်းပြိုင်ပွဲတွင် ဆက်ရှိရန် မသေချာတော့ဟု အတည်ပြု
Photos : Getty Images & AFP
Photos : Getty Images & AFP
Published 4 November 2020

မာစီးဒီးစ်အသင်း၏ နာမည်ကျော် ဖော်မြူလာဝမ်း ကစားသမား လူးဝစ်ဟာမီလ်တန်သည် အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ကိစ္စအဆင်မပြေဖြစ်နေပြီး လာမည့်ရာသီ ဖော်မြူလာဝမ်းပြိုင်ပွဲတွင် ဆက်ရှိရန်အတွက်လည်း မသေမချာဖြစ်နေပြီဖြစ်ကြောင်း သိရှိရသည်။ 

The Times သတင်းစာက ဟာမီလ်တန်အား အမြင့်ဆုံးအောင်မြင်မှုများရရှိနေချိန်တွင် ကစားသမားဘဝမှ အနားယူတော့မည်လားဟု မေးခွန်းထုတ်ခဲ့ပြီး၊ အခြားဗြိတိန်နာမည်ကြီး မီဒီယာများအကြားတွင်လည်း ဟာမီလ်တန်၏ ကြေညာမှုက ရေပန်းစားလျက်ရှိသည်။ ဟာမီလ်တန်သည် ၂၀၁၉ က အသင်း၏ Principal ဖြစ်သူ တိုတိုဝုလ်ဖ်နှင့် ဆွေးနွေးခဲ့ပြီးနောက် မာစီးဒီးစ်အသင်း၏ စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့သူဖြစ်သည်။ ထို့ပြင် ယခုရာသီတွင်လည်း ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ခဲ့ရာ အဆင်မပြေဖြစ်နေပြီး ရာသီကုန်တွင် သူ၏ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မည်ဖြစ်သည်။ 

မာစီးဒီးစ်အသင်းသည် ဟာမီလ်တန်ရောက်ရှိလာသည့် နှစ်ကတည်းက ဖော်မြူလာဝမ်းပြိုင်ပွဲကို စိုးမိုးနိုင်ခဲ့ပြီး ပြီးခဲ့သည့် Emilia Romagna ဂရင်းပရီပြိုင်ပွဲတွင်လည်း အသင်းလိုက်ချန်ပီယံဆုကို (၇)နှစ်ဆက်တိုက် ရရှိခဲ့ပြီဖြစ်သည်။ ထို့ပြင် ဟာမီလ်တန်မှာလည်း ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုကို ရယူရန် လက်တစ်ကွမ်းအကွာသို့ ရောက်နေပြီဖြစ်ပြီး လာမည့် ပွဲစဉ်တွင်ပင် ရယူနိုင်မည့်အနေအထားတွင်ရှိနေသည်။

မာစီးဒီးစ်အသင်းနှင့် ဟာမီလ်တန်တို့၏ လက်တွဲမှုမှာ နှစ်ဦးနှစ်ဖက်အကျိုးရှိနေသော်လည်း စာချုပ်သစ်ချုပ် ဆိုရန်မှာမူ လစာကိစ္စအဆင်မပြေဖြစ်နေခြင်းကြောင့် အသင်းနှင့် ကစားသမားအကြားအဖုအထစ်ရှိနေသည်။ ဟာမီလ်တန်၏ လက်ရှိလစာမှာ တစ်နှစ်လျှင်ပေါင် (၃၅) သန်းဖြစ်ပြီး ဖာရာရီအသင်းက ဗတ်တဲလ်နှင့်အတူ အမြင့်ဆုံး လစာငွေကို ရရှိနေသူဖြစ်သည်။ ဖော်မြူလာဝမ်း ပြိုင်ပွဲသည် ၂၀၂၃ ခုနှစ်မှ စကာ လစာထိန်းချုပ်သည့် ဥ ပဒေ အသက်ဝင်တော့မည်ဖြစ်ပြီး အမြင့်ဆုံးလစာငွေမှာ ပေါင် (၂၂)သန်းအထိသာဖြစ်သည်။ ယင်းအတွက် ၂၀၂၃ မတိုင်မီ နောက်ဆုံး (၃)နှစ်အတွက် ဟာမီလ်တန်က တစ်နှစ်လျှင် ပေါင် သန်း (၄၀)အထိ ရယူလိုနေခြင်းဖြစ်ပြီး မာစီးဒီးစ်အသင်းကမူ ကိုရိုနာဗိုင်းရပ်စ်ပြဿနာအပါအဝင် ဘဏ္ဍာရေးပိိုင်းဆိုင်ရာ ထိန်းညှိရန်လိုအပ်နေသည့်အတွက် ပေါင်သန်း (၃၀)အထိ လျှော့ချချင်နေခြင်းဖြစ်သည်။  

ဟာမီလ်တန်က ယခင်ကတည်းက စာချုပ်သစ်သည် အလုပ်သဘောအရ လိုအပ်သော်လည်း မိမိအတွက် ဦးစားပေးမဟုတ်ဟု ဆိုခဲ့ဖူးပြီး ယခုအချိန်၌လည်း "လာမယ့် ရာသီဒီအသင်းမှာ ဆက်ရှိပါ့မလားဆိုတာ မသေချာဘူး။ ဒီအတွက်လည်း ကျွန်တော်မစိုးရိမ်ပါဘူး။ အမှန်အတိုင်းပြောရရင် ဖော်မြူလာဝမ်းမှာဆက်ရှိပါ့မလားတောင် အာမမခံနိုင်ပါဘူး" ဟု ဆိုခဲ့သည်။ 

Most Read

Most Recent