ပြိုင်ပွဲစုံလေးပွဲဆက် အနိုင်ကစားနိုင်ခဲ့ပြီးနောက် ရာသီကုန်ခါနီးအထိ အဆင့်နှစ်နေရာတွင် ရပ်တည်လိုဟု လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ ပြောကြား

ပြိုင်ပွဲစုံလေးပွဲဆက် အနိုင်ကစားနိုင်ခဲ့ပြီးနောက် ရာသီကုန်ခါနီးအထိ အဆင့်နှစ်နေရာတွင် ရပ်တည်လိုဟု လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ ပြောကြား
Photos : Getty Images & AFP
Photos : Getty Images & AFP
Published 4 November 2020

လက်စတာအသင်းသည် လိဒ်စ်အသင်းအား အဝေးကွင်းတွင် (၄-၁)ဂိုးဖြင့် ဂိုးပြတ် အနိုင်ရပြီးနောက် အသင်းသမိုင်းကြောင်းတစ်လျှောက် ပထမဆုံးအဖြစ် အဝေးကွင်း လေးပွဲဆက် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား ဒုတိယနေရာသို့ ရောက်ရှိခဲ့သည်။ 

ယင်းပွဲတွင် ပထမပိုင်း၌ လက်စတာအသင်းက ဘန်းစ်(၃ မိနစ်)၊ တီလေမန်းစ်(၂၁ မိနစ်)တို့၏ဂိုးများဖြင့် ဦးဆောင်နေခဲ့ပြီး လိဒ်စ်အသင်းမှ ဒဲလက်စ်က ၄၈ မိနစ်တွင် ချေပဂိုးတစ်ဂိုးသွင်းယူခဲ့သော်လည်း လက်စတာတိုက်စစ်မှူး ဗာဒီ(၇၆ မိနစ်)နှင့် တီလေမန်းစ်(၉၁ မိနစ် Pen)တို့က နောက်ထပ်ဂိုးများ ထပ်သွင်းကာ ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ လက်စတာအသင်းအနေဖြင့် ပြိုင်ပွဲစုံလေးပွဲဆက် အနိုင်ကစားနိုင်ခဲ့ပြီး ဂွါဒီယိုလာ၊ အာတီတာ၊  ဘီယဲလ်ဆာစသည့် နာမည်ကြီးနည်းပြများကို လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာက ဆက်တိုက်အနိုင်ယူခဲ့ခြင်းဖြစ်သည်။ 

"ကျွန်တော့်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်က ထူးခြားပြောင်မြောက်တယ်လို့ တွေးမိပါတယ်။ ကျွန်တော်တို့ဟာ ဘောလုံးကိုင်ထားနိုင်ချိန်မှာ နည်းဗျူဟာအတိုင်း ကစားနိုင်ခဲ့ပါတယ်။ မတ်၊ ဧပြီလတွေမှာ ဒီလိုအဆင့်မျိုး(ဒုတိယနေရာ)ရခဲ့ရင် အရမ်းချိုမြိန်မှာပါ။ ဒါပေမဲ့ ဒီအရာက ခရီးရှည်ကြီးတစ်ခုကို သွားရဦးမယ်"ဟု ဘရန်ဒန်ရော်ဂျာက ပြောကြားခဲ့သည်။ 

လိဒ်စ်အသင်းနည်းပြ ဘီယဲလ်ဆာကမူ ပထမပိုင်း မိနစ် ၃၀ အတွင်း အသင်း၏ခံစစ်ပိုင်းမှာ အလွန်ဆိုးရွားခဲ့ပြီး အသင်းကလည်း ပြိုင်ဘက်အသင်းကို အန္တရာယ်ရှိသည့် အခွင့်အရေးများ မဖန်တီးနိုင်ခဲ့ကြောင်းနှင့်  ယင်းမှာ နည်းပြတစ်ဦး အဓိကတာဝန်ယူရမည့်အပိုင်း ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။

Most Read

Most Recent