အာရှဘောလုံးအဖွဲ့ချုပ်(AFC) ကွန်ဂရက်ကို ဒီဇင်ဘာ ၉ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် အတွင်းကျင်းပမည့် ပြိုင်ပွဲနှင့် ခြေစစ်ပွဲများအား အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။
AFC သည် ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့် အာရှအဆင့်ပြိုင်ပွဲများ နှင့် ခြေစစ်ပွဲကျင်းပမည့် ကာလများကို ထုတ်ပြန်ထားသော်လည်း နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါအခြေအနေကြောင့် ပြန်လည်အတည်ပြုရမည် ဖြစ်သည်။ AFC သည် လာမည့်နှစ် တွင် အမျိုးသားလက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်အဆင့်ပြိုင်ပွဲ/ ခြေစစ်ပွဲလေးခု၊ အမျိုးသမီးလက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်အဆင့် ခြေစစ်ပွဲသုံးခု၊ ကလပ်ပြိုင်ပွဲ နှစ်ခု၊ ဖူဆယ်ပြိုင်ပွဲသုံးခုနှင့် သဲ သောင်ပြင်ဘောလုံးပြိုင်ပွဲတစ်ခု ကျင်းပရန် စီစဉ်ထားသည်။
AFC သည် ယင်းပြိုင်ပွဲများ ကျင်းပမည့်ကာလ သတ်မှတ်ထားသော်လည်း ကပ်ရောဂါအခြေအနေအပေါ် မူတည်၍ ပြန်လည်အတည်ပြုရမည်ဖြစ်ပြီး အာရှနိုင်ငံများတွင် ရောဂါ အခြေအနေ ထိန်းချုပ်နိုင်မှသာ ပြိုင်ပွဲများအားလုံး ပုံမှန်အတိုင်း ကျင်းပနိုင်မည်ဖြစ်သည်။ AFC သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယခုနှစ်အတွင်းကျင်းပမည့် ပြိုင်ပွဲအများစုကို ဖျက်သိမ်းခြင်းနှင့် ရွှေ့ဆိုင်းခြင်း ပြုလုပ်ခဲ့ပြီး အာရှချန်ပီယံလိဂ်ပြိုင်ပွဲကိုသာ ပြီးဆုံးအောင် ဆက်လက်ကျင်းပလျက်ရှိသည်။
AFC သည် လာမည့်နှစ်တွင် ကျင်းပမည့် ပြိုင်ပွဲနှင့် ခြေစစ်ပွဲများ ထုတ်ပြန်ထားသော်လည်း ရောဂါ အခြေအနေအပေါ် စောင့်ကြည့်နေ ပြီး ယင်းကွန်ဂရက်တွင် အတည်ပြုမည်ဖြစ်သည်။ အာရှနိုင်ငံများတွင် ပြိုင်ပွဲကျင်းပနိုင်သည့်အခြေအနေ ရှိပါက မတ်နှင့် ဇွန်လတွင် ကျင်းပရန် စီစဉ်ထားသည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက် ကျန်ပွဲစဉ်များကိုပါ ထုတ်ပြန်ဖွယ်ရှိသည်။
AFC သည် လာမည့်နှစ်တွင် အမျိုးသားဘောလုံးပြိုင်ပွဲအဖြစ် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှ ဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု လက်ကျန်ပွဲ၊ အာရှဖလား ယူ-၂၀ ပြိုင်ပွဲ၊ ယူ-၁၇ ပြိုင်ပွဲ၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲအဖြစ် ၂၀၂၂ အာရှ ဖလားခြေစစ်ပွဲ၊ အာရှ ယူ-၂၀ ခြေ စစ်ပွဲ၊ အာရှ ယူ-၁၇ ခြေစစ်ပွဲ၊ ကလပ်ပြိုင်ပွဲများအဖြစ် အာရှချန်ပီယံလိဂ် ပြိုင်ပွဲနှင့် AFC Cup ပြိုင်ပွဲ၊ ဖူဆယ် ပြိုင်ပွဲများအဖြစ် လက်ရွေးစင်ပြိုင်ပွဲ၊ ကလပ်ပြိုင်ပွဲ၊ ယူ-၂၀ ပြိုင်ပွဲ၊ သဲ သောင်ပြင်ဘောလုံးပြိုင်ပွဲအဖြစ် အာရှသဲသောင်ပြင်ဘောလုံးပြိုင်ပွဲများ ကျင်းပမည်ဖြစ်သည်။
မြန်မာအသင်းများမှာ ပြိုင်ပွဲ အများစုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အာရှသဲသောင်ပြင် ဘောလုံးပြိုင်ပွဲအပါအဝင် ခြေစစ်ပွဲ မအောင်မြင်သော အာရှ ယူ- ၂၀ ပြိုင်ပွဲ၊ အာရှ ယူ-၁၇ ပြိုင်ပွဲ၊ အာရှ ဖူဆယ်ပြိုင်ပွဲ၊ အာရှ ယူ-၂၀ ဖူဆယ် ပြိုင်ပွဲတွင်သာ မယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာအသင်းများသည် လာမည့်နှစ်အတွင်း အာရှအဆင့် ပြိုင်ပွဲအများစုတွင် ခြေစစ်ပွဲသာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အာရှဖူဆယ်ကလပ်ပြိုင်ပွဲနှင့် AFC cUP ပြိုင်ပွဲတွင်မူ အုပ်စုအဆင့်မှ စတင်ယှဉ်ပြိုင်ခွင့်ရထားသည်။















