မန္တလေးခရိုင်တွင် အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင် ၁၆ဝဝဝဝ ကျော်ရှိပြီး ယနေ့ (အောက်တိုဘာ ၂၉ ရက်) မှစတင်ကာ ရပ်ကွက်ရုံးများတွင် ကြိုတင်မဲလက်ခံခြင်းနှင့် လူဦးရေ ထူထပ်သည့် မြို့ပေါ် ငါးမြို့နယ်၌ အိမ်တိုင်ရာရောက် ဆန္ဒမဲလိုက်လံကောက်ခံခြင်း ပြုလုပ်လျက်ရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် COVID-19 ဖြစ်ပွားမှု အခြေအနေများကြောင့် အသက်အရွယ် ကြီးရင့်သူများ ကြိုတင်ဆန္ဒမဲပေးခွင့်ပြုခဲ့ပြီး Stay at Home အဖြစ် သတ်မှတ်ထားသော မြို့နယ်များနှင့် လူဦးရေထူထပ်သော မြို့နယ်များ (တစ်စတုရန်း ကီလိုမီတာတွင် ပျမ်းမျှလူဦးရေ ၅ဝဝဝ ဦးနှင့်အထက်) တွင် နေထိုင်သော ရောဂါကူးစက်ခံရမှု လွယ်ကူနိုင်သည့် အသက် ၆၀ နှစ်နှင့်အထက် ရှိသူများကို နေအိမ်တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ်ပေးမည်ဟု ထုတ်ပြန်ထားရာ မန္တလေးခရိုင် ခုနစ်မြို့နယ်အနက် အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ်များမှာ ယင်းအစီစဉ်တွင် ပါဝင်ကြောင်း သိရသည်။
အသက် ၆၀ နှစ်နှင့်အထက် ရှိသူများကို နေအိမ်တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် အစီအစဉ်အဖြစ် မဲရုံနံပါတ်များအလိုက် မော်တော်ယာဉ််ဖြင့် ရပ်ကွက်များအတွင်း ရပ်နားကောက်ခံခြင်းများ ပြုလုပ်ခြင်းဖြစ်ပြီး ယခုကဲ့သို့ လှည့်လည်ကောက်ခံခြင်းကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်ထိ လှည့်လည် ကောက်ခံမည်ဖြစ်ကာ ရပ်ကွက်အလိုက် ကြိုတင်အကြောင်းကြားထားသည့် သက်ကြီးမဲဆန္ဒရှင်များအနေဖြင့် ကားများသို့ လာရောက် ဆန္ဒမဲထည့်ခြင်းအား လက်ခံပေးခြင်းဖြစ်ကြောင်း သိရသည်။
နောက်ဆုံး ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းအရ မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲ ပေးနိုင်သူဦးရေ စုစုပေါင်း ၁၆၈၀၂၄ ဦးရှိပြီး ယင်းထဲမှ လူဦးရေ ထူထပ်သော မြို့နယ် ငါးမြို့နယ်တွင် ဦးရေ ၁၁ဝဝဝဝ ကျော် ပါဝင်ကြောင်း သိရသည်။
"လှည့်ကောက်တဲ့ အစီစဉ်က မနက် ၉ နာရီကနေ စထွက်တယ်။ နေ့လယ်ပိုင်း ထမင်းစားနားပြီး ညနေ ၄ နာရီအထိ လှည့်ကောက်မှာပါ။ ဒီလှည့်ကောက်လို့ရတဲ့ ကြိုတင်မဲတွေကို ညနေကြရင် ရပ်ကွက် ကော်မရှင်ရုံးမှာရှိတဲ့ ကြိုတင်မဲပုံးတွေထဲကို စိစစ်ပြီး ထည်သိမ်းထားရမှာပါ။ လှည့်ကောက်တာက မဲဆန္ဒရှင်တွေ ပေးရမယ့် မဲရုံအလိုက် ကားတစ်စီးစီစဉ် ပြီးထွက်တယ်။ ဒီနေ့ ဒီလမ်းလာလို့ မပေးလိုက်ရလည်း သတ်မှတ်ရက်အတွင်းမှာ မဲရုံအလိုက် ကားရှိတဲ့နေရာကို လာပေးလို့ရပါတယ်"ဟု ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက်အတွင်း လှည့်လည် ကြိုတင်မဲ ကောက်ခံရာတွင် ပါဝင်သည့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိန်ဝင်းက ပြောကြားသည်။
ရပ်ကွက်အတွင်း ကြိုတင်ဆန္ဒမဲ ကောက်ခံသည့်ယာဉ်များသို့ လာရောက်ကာမဲပေးရန် စိတ်ဝင်စားသူများပြားပြီး အချို့ရပ်ကွက်များအတွင်း သက်ကြီးရွယ်အိုများအနေဖြင့် ကြိုတင်မဲပေးရန် လူစုကာ စောင့်စောင်းခြင်းများ ပြုလုပ်၍ တန်းစီမဲပေးခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။ မဲရုံယာဉ်ဖြင့် လှည့်လည် ဆောင်ရွက်သည့်အခါ လိုက်ပါလာသည့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်များနှင့် လေ့လာသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ COVID-19 ကူးစက်မှုကာကွယ်ရန် ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းနှင့်ညီရန် ဆော်သြသတိပေးမှုများ ပြုလုပ်ပြီး နှာခေါင်းစည်း မပါသူများအား နှာခေါင်းစည်း တပ်ဆင်စေခြင်းများ ပြုလုပ်ခဲ့သည်။