ခါဘစ်နူမာဂိုမီဒေါ့ဗ်နှင့် ဂျပ်စတင်ဂေးချီတို့ ရင်ဆိုင်ထိုးသတ်မည့် UFC 254 ကို ယနေ့ ကျင်းပမည်

ခါဘစ်နူမာဂိုမီဒေါ့ဗ်နှင့် ဂျပ်စတင်ဂေးချီတို့ ရင်ဆိုင်ထိုးသတ်မည့် UFC 254 ကို ယနေ့ ကျင်းပမည်
Photos: UFC
Photos: UFC
Published 24 October 2020

UFC ပြိုင်ပွဲ၏ လိုက်ဝိတ်တန်းချန်ပီယံပေါင်းစည်းပွဲအ ဖြစ်ထိုးသတ်မည့် ရှုံးပွဲမရှိ ရုရှား MMA အားကစားသမား ခါဘစ်နူမာဂိုမီဒေါ့ဗ်နှင့် Interim ချန်ပီယံ အမေရိကန်နိုင်ငံသား ဂျပ်စတင်ဂေးချီတို့၏ပွဲစဉ်ကို ယနေ့(အောက်တိုဘာ ၂၄ ရက်)၌ ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့ရှိ Yas Island တွင်  ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ 

    

ယင်းပွဲကို မူလက UFC 253 တွင် ထည့်သွင်းကျင်းပရန်စီစဉ်ခဲ့သော်လည်း ပွဲထိုးမည့်ရက်သတ်မှတ်ရန် ညှိနှိုင်းမရခြင်းကြောင့် (၅)ပတ်အကြာတွင်ပြုလုပ်မည့် UFC 254 တွင်မှ ထိုးသတ်ခြင်းလည်းဖြစ်သည်။ 

ဗြိတိန်နာမည်ကြီးလောင်းကစားကုမ္ပဏီ Paddy Power ၏ အလေးပေးချက်တွင် ခါဘစ် အနိုင်ရမည့်ဘက်မှ ၃း၁၀ လေးဖြင့် ပိုမိုရေပန်းစားနေပြီး ဂေးချီမှာမူ ၅း၂ လေးသာ သတ်မှတ်ခံထားရကြောင်း သိရသည်။ 

ယခုပွဲထိုးသတ်မည့် အဘူဒါဘီတွင် ခါဘစ်က ၂၀၁၉ စက်တင်ဘာလတွင် ကျင်းပခဲ့သည့် UFC 242 ၌ အမေရိကန် MMA အားကစားသမား ဒပ်စတင်ပွိုင်ရီယာကို အနိုင်ယူထားခဲ့ဖူးပြီး ဂေးချီမှာ ပထမဆုံးအကြိမ် လာရောက်ထိုးသတ်ခြင်းဖြစ်သည်။ 

Main Card ပွဲစဉ်များကို မြန်မာစံတော်ချိန် အောက်တိုဘာလ(၂၅)ရက် နံနက်(ဝဝး၃၀)နာရီတွင် ထိုးသတ်မည်ဖြစ်ပြီး ခါဘစ်-ဂေးချီပွဲမှာမူ မြန်မာစံတော်ချိန် နံနက်(၃း၃၀)နာရီဝန်းကျင်မှ စတင်ဖွယ်ရှိသည်။ 

အသက်(၃၂)နှစ်အရွယ်ရှိ ခါဘစ်သည် MMA ကစားသမားသက်တမ်းတစ်လျှောက် (၂၈)ပွဲ ထိုးသတ်ရာတွင် (၂၈)ပွဲစလုံးအနိုင်ယူထားပြီး (၃၁)နှစ်အရွယ်ရှိ ဂေးချီမှာမူ (၂၄)ပွဲထိုးသတ်ရာတွင် (၂၂)ပွဲနိုင်၊ (၂)ပွဲရှုံးမှတ်တမ်းကို ပိုင်ဆိုင်ထားသည်။ 



အောက်တိုဘာလ(၂၁)ရက်က BT Sport မှ လွှင့်တင်ခဲ့သည့် ခါဘစ်-ဂေးချီပွဲ မိတ်ဆက်မှုဗီဒီယိုဖိုင်အတိုတွင် ဓာတ်ပုံအရိုက်ခံရာ၌ ဂေးချီက Interim ချန်ပီယံရွှေခါးပတ်ကို ပခုံးပေါ်တင်ထားရာမှ ဖယ်ရှားပြီး ခါဘစ်၏ ရွှေခါးပတ်ကို ၎င်းအလိုရှိသည့်အရာဟု ပြောကြားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

    

ခါဘစ်သည် ယင်းပွဲအတွက် UFC သမိုင်းတစ်လျှောက် စံချိန်တင်အဖြစ် ဒေါ်လာ(၁၀)သန်းရရှိမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ယင်းဒေါ်လာ(၁၀)သန်းတွင် Pay-per-view မှ အကျိုးခံစားခွင့်နှင့် အခြားဆုကြေးငွေများ ပါဝင်မည်မဟုတ်ကြောင်း သိရသည်။ 



UFC ဥက္ကဋ္ဌဖြစ်သူ ဒေနာဝှိုက်ကလည်း ယခုပွဲဝင်ငွေသည် UFC 229 (ခါဘစ်နှင့် မက် ဂရီ ဂေါ်ထိုးသတ်ခဲ့သည့်ပွဲ)ထက် များစွာသာလွန်လိမ့်မည်ဖြစ်ကြောင်း TMZ Sport သို့ အတိအလင်းပြောကြားထားခဲ့သည်။ 

ခါဘစ်သည် နောက်ဆုံးထိုးသတ်ခဲ့သည့် ပွိုင်ရီယာနှင့် ပွဲတွင် အခြေခံထိုးကြေး ဒေါ်လာ(၆)သန်းရရှိခဲ့ပြီး မက်ဂရီဂေါ်ကို အနိုင်ယူခဲ့သည့်ပွဲတွင်မူ ဒေါ်လာ(၂)သန်း ရရှိခဲ့ကြောင်း သိရသည်။  ချန်ပီယံဟောင်း မက်ဂရီဂေါ်မှာ ခါဘစ်နှင့်ထိုးသတ်ခဲ့သည့်ပွဲတွင် အရေးနိမ့်ခဲ့သော်လည်း ဒေါ်လာ(၃)သန်း ရရှိခဲ့ပြီး ပြီးခဲ့သည့် ဆယ်ရိုနီနှင့်ပွဲတွင်လည်း ယင်းပမာဏအတိုင်း ရရှိခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent