COVID-19 ကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် စီးပွားရေး တိုးတက်မှုနှုန်းသည် အနှုတ်လက္ခဏာ ပြနေသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးသည် အပေါင်းလက္ခဏာတွင် ရှိနေမည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

COVID-19 ကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် စီးပွားရေး တိုးတက်မှုနှုန်းသည် အနှုတ်လက္ခဏာ ပြနေသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးသည် အပေါင်းလက္ခဏာတွင် ရှိနေမည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 23 October 2020
အောင်မင်းသိန်း

COVID-19 ကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် စီးပွားရေး တိုးတက်မှုနှုန်းသည် အနှုတ်လက္ခဏာ ပြနေသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးသည် အပေါင်းလက္ခဏာတွင် ရှိနေမည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

အောက်တိုဘာ ၂၃ ရက်က နိုင်ငံတော် သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းခန်းမ၌ ပြုလုပ်သည့် Press Briefing တွင် COVID-19 မဖြစ်ပွားခင် မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေနှင့် COVID-19 ဖြစ်ပွာနေသည့် ကာလတွင် မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေများအပေါ် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားရာတွင် ဦးဇော်ဌေးက အထက်ပါအတိုင်း ထည့်သွင်းဖြေကြား ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အရင်တုန်းကတော့ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးကို GDP ပေါ့၊ တိုးတက်မှုက ၆ ဒဿမ ၄ ရာခိုင်နှုန်းလို့ ခန့်မှန်းထားပါတယ်။ နောက်ပိုင်းမှာ မတ်လထဲမှာ World Bank က မြန်မာနိုင်ငံရဲ့ GDP တိုးတက်မှုကို ၀ ဒဿမ ၅ ရာခိုင်နှုန်း ဆိုပြီးတော့ ပြောင်းလဲပြီးတော့ ခန့်မှန်းပါတယ်။ အဲ့တော့ World Bank ခန့်မှန်းနှုန်း၊ မတ်လတုန်းက Economy Rate ကို GDP ရဲ့ ၀ ဒဿမ ၁ ရာခိုင်နှုန်း၊ ၁၀၀ ဘီလျံ ကျွန်တော်တို့ လောင်းထည့်ဖို့ လုပ်တယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ကျွန်တော်တို့ ထပ်ပြီးတော့ တိုးလိုက်ပါတယ်။ GDP ရဲ့ ၃ ဒဿမ ၅ ရာခိုင်နှုန်းကို ကျွန်တော်တို့က လောင်းထည့်မှာဖြစ်တယ်။ လောင်းထည့်မှာ ဖြစ်တဲ့အတွက် တိုးတက်မှုကို တွက်တဲ့အခါမှာလည်း ၀ ဒဿမ ၅ ပေါ့၊ ကမ္ဘာ့ဘဏ်ရဲ့ ၀ ဒဿမ ၅ ရာခိုင်နှုန်းကတော့ လိုက်လျောညီထွေ မဖြစ်တော့ဘူး။ အခုနောက်ပိုင်းမှာတော့ IMF က ကျွန်တော်တို့ မှန်းတာက ၁ ဒဿမ ၄ ရာခိုင်နှုန်း တိုးတက်မယ်လို့ပဲ မှန်းထားတာ ဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

အစိုးရပိုင်း အနေဖြင့် နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းကို ၄ ရာခိုင်နှုန်းခန့်အထိ GDP တိုးတက်မှုနှုန်း ရှိမည်ဟု မှန်းထားကြောင်းနှင့် မြန်မာနိုင်ငံ၏ GDP တိုးတက်မှုသည် အပေါင်းလက္ခဏာတွင် ရှိနေကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

ဦးဇော်ဌေးက “ကျွန်တော်တို့ အစိုးရပိုင်းကတော့ ၄ ရာခိုင်နှုန်းလောက်တော့ GDP တိုးတက်မှုနှုန်းရှိမယ်လို့ မှန်းတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ ကျွန်တော်တို့ နိုင်ငံရဲ့ GDP တိုးတက်မှုက Positive ပေါ့နော်၊ (+) မှာ ရှိနေပါတယ်။ ကျွန်တော်တို့ ပြန်ကြည့်လိုက်ရင် တစ်ကမ္ဘာလုံးမှာ COVID-19 သက်ရောက်မှုကြောင့် နိုင်ငံတော်တော်များများက တိုးတက်မှုနှုန်းတွေမှာ အားလုံး အနှုတ်ပြသွားတာ၊ တော်တော်များများပေါ့၊ အားလုံးတော့ မဟုတ်ဘူး။ တော်တော်များများမှာ အနှုတ်လက္ခဏာ ပြသွားတာတွေ များပါတယ်။ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံ တစ်ချို့ဆိုလည်း အနှုတ်လက္ခဏာ ပြပါတယ်။ သို့သော် အခုလက်ရှိ အနေအထားမှာတော့ CERP အရ ကျွန်တော်တို့ လုပ်တာရယ်၊ နောက်ထပ်လည်း Long Term အတွက်

လုပ်နေတာတွေနဲ့ ပတ်သက်ရင်တော့ (-) မှာတော့ မရှိဘူး။ (+) မှာ ရှိမယ်။ ကျွန်တော်တို့ မှန်းသလို 3 to 4 ပေါ့၊ ဒီရာခိုင်နှုန်းလောက်အထိ တက်နိုင်မလား။ IMF ကမှန်းထားသလို ၁ ဒဿမ ၄ ရာခိုင်နှုန်းလောက်အထိ တက်မလားပေါ့။ သေချာတာကတော့ Positive မှာ ရှိနေမယ်လို့ ဖြေကြားလိုပါတယ်” ဟု ပြောကြားသည်။

 

Most Read

Most Recent