NLD ပါတီသည် အာဏာရှင်ယောင်ယောင်၊ ဒီမိုကရေစီယောင်ယောင်ပါတီမဟုတ်ဟု သမ္မတ ဦးဝင်းမြင့် Facebook ၌ ရေးသား

NLD ပါတီသည် အာဏာရှင်ယောင်ယောင်၊ ဒီမိုကရေစီယောင်ယောင်ပါတီမဟုတ်ဟု သမ္မတ ဦးဝင်းမြင့် Facebook ၌ ရေးသား
Published 21 October 2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် အာဏာရှင်ယောင်ယောင်၊ ဒီမိုကရေစီယောင်ယောင် နိုင်ငံရေးပါတီ မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၎င်းအသုံးပြုနေသည့် လူမှုကွန်ရက်စာမျက်နှာ (Facebook) ၌ အောက်တိုဘာ ၂၁ ရက်တွင် ရေးသားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က U Win Myint ဟူသောအမည်ဖြင့် Facebook Page တစ်ခုဖွင့်ကာ နိုင်ငံရေးနှင့်ပတ်သက်၍ ရေးသားဖော်ပြမှုများ ပြုလုပ်နေပြီး အောက်တိုဘာ ၂၁ ရက် ရေးသားဖော်ပြချက်တွင် ၎င်းက ထိုသို့ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။

“ NLD ဟာ အာဏာရှင်ယောင်ယောင်၊ ဒီမိုကရေစီယောင်ယောင်ပါတီ မဟုတ်ပါ။ NLD ဟာ ဒီမိုကရေစီရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်တဲ့ ပြည်သူယုံကြည် အားကိုးရတဲ့ ဒီမိုကရေစီပါတီစစ်စစ်ပါ။ ဒီမိုကရေစီမှန်ကန်ရေး NLD ကို ဒို့မဲပေး” ဟု သမ္မတ ဦးဝင်းမြင့်က ရေးသားခဲ့သည်။

မြန်မာနိုင်ငံတွင် ပါတီစုံစနစ်ကို ကျင့်သုံးကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ များပြားခြင်းသည် သဘာဝကျကြောင်း၊ နိုင်ငံရေးပါတီများ များပြားလာသည်နှင့်အမျှ မူဝါဒ၊ သဘောတရား၊ အယူအဆများ ကွဲပြားခြင်းကလည်း နိယာမဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့်က ရေးသားထားသည်။

သို့သော်လည်း တည်ဆောက်မည်မှာ ဒီမိုကရေစီ နိုင်ငံတော်သစ်ဖြစ်ပြီး အချိန်အခါမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ ဖြစ်သည့်အတွက် ဒီမိုကရေစီပါတီစစ်စစ်ကိုသာ အားကိုးယုံကြည်ကြရမည် ဖြစ်ကြောင်းလည်း သမ္မတ ဦးဝင်းမြင့်က ၎င်း၏ Facebook Page တွင် ရေးသားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ (၁) ဖြစ်သူ နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် တာမွေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသူဖြစ်ပြီး လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း တာမွေမြို့နယ် မဲဆန္ဒနယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Most Read

Most Recent