ရန်ကုန်တိုင်းအတွင်း ကိုရီးယား၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့မှ သံ၊ အလူမီနီယံ အခြေခံသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးခြင်းနှင့် CMP စနစ်ဖြင့် အဝတ်အထည်ချုပ်လုပ်ခြင်း လုပ်ကိုင်မည်

ရန်ကုန်တိုင်းအတွင်း ကိုရီးယား၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့မှ သံ၊ အလူမီနီယံ အခြေခံသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးခြင်းနှင့် CMP စနစ်ဖြင့် အဝတ်အထည်ချုပ်လုပ်ခြင်း လုပ်ကိုင်မည်
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံးကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံးကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
Published 18 October 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုရီးယား၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့မှ သံ၊ အလူမီနီယံနှင့် Galvanize အခြေခံသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၆/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာ ၁၄ ရက်က Video Conferencing စနစ်ဖြင့် ကျင်းပစဉ် အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီသည် စက်မှုကဏ္ဍတွင် ဗီယက်နမ်၊ ကိုရီးယား၊ တရုတ်နိုင်ငံတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသုံးခုကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

အတည်ပြုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၆ ဒသမ ၉၀၄ သန်းဖြစ်ပြီး လုပ်ငန်းစုစုပေါင်းသုံးခုမှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၂၂၇၉ ဦးအတွက် ဖန်တီးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းအရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှစ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈ ဒသမ ၅ ဘီလျံရရှိရန်လျာထားသော်လည်း COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် ယင်းလျာထားချက်များကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

“ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်ကနေစပြီးတော့ ဒေါ်လာ ၈ ဒသမ ၅ ဘီလျံ လျာထားပါတယ်။ ဒီဟာကိုလည်း ခုနကပြောပြတဲ့အထဲမှာပါတဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီရဲ့ အစည်းအဝေးကနေ လာမယ့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ကြိုပြီးတော့မှ သုံးသပ်ဖို့အတွက် ပြင်ဆင်နေပါတယ်။ ကမ္ဘာလုံးဆိုင်ရာဖြစ်ပွားနေတဲ့ အခြေအနေအရ COVID-19 နောက်ပိုင်းမှာဆို ကျွန်တော်တို့ ဘယ်လောက်ရရှိနိုင်မလဲဆိုတာကို ပြန်လည်သုံးသပ်ဖို့အတွက် ပြန်လည်ပြင်ဆင်နေပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

COVID-19 ကြောင့် အသွားအလာ ကန့်သတ်ထားသဖြင့် အချို့လုပ်ငန်းများ ဝင်ရောက်ရန်ရှိသော်လည်း ခွင့်ပြုမပေးနိုင်ခဲ့သဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျာထားချက် ပြည့်မီခြင်းမရှိဘဲ လျော့ကျခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၈ ဘီလျံရရှိရန် လျာထားခဲ့သော်လည်း ဒေါ်လာ ၅ ဒသမ ၆၈ ဘီလျံသာ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

“ COVID-19 ဖြစ်ပွားနေတဲ့ အခြေအနေအရ ရင်းနှီးမြှုပ်နှံသူများက သွားရလာရ ကန့်သတ်ချက်ရှိခြင်း၊ သက်ဆိုင်ရာ နယ်မြေဆင်းပြီးတော့မှ လုပ်ဆောင်ရာမှာ ကန့်သတ်ချက်ရှိခြင်း ထို့အတူပဲ ရန်ကုန်နဲ့ နေပြည်တော် များသောအားဖြင့် နေပြည်တော်မှာ အစိုးရရုံးစိုက်တာ ဖြစ်တဲ့အတွက် အသွားအလာ အခက်အခဲများ ရှိတာဖြစ်တဲ့အတွက် အချို့လုပ်ငန်းတွေဟာ ဝင်ရောက်ဖို့လို့ အစီအစဉ်ရှိပေမဲ့ မဝင်ရောက်သေးတာပဲ ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄ ဒသမ ၅၂ ဘီလျံ ဝင်ရောက်ခဲ့သည်။